စိုင်းထွန်းစံ (ဒီဇင်ဘာ ၁၄)
ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ် မွန်ပြည်နယ်စည်ပင်ဝန်ကြီး မဲရှုံးခဲ့ပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်မှူးများ အပေါ် တိုင်ကြားမှုများပြားလာကြောင်း ဒေသခံများက ဆိုသည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် မွန်ညီညွတ်ရေးပါတီ MUP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ် ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်ကျော်လွင်အား ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအပေါ် တိုင်ကြားအရေးယူမှုများလည်း ရှိလာကြောင်း ဒေသခံများက ယူဆပြောဆိုကြသည်။
“ဒီတိုင်ကြားမှုအပေါ် ဘယ်လိုမြင်လဲဆိုတော့ ပါတီ နိုင်ငံရေးမကင်းကြဘူးလို့ထင်တယ်။ ရှင်းရှင်းပြောရရင် ဒီရွာမှာဆိုရင် ကြံ့ခိုင်ရေးပါတီ၊ NLD ပါတီ၊ မွန်ညီညွတ်ရေးပါတီ အဲသုံးခုအင်အားကြီးတယ်။ ခုလက်ရှိ ကမာမိုအုပ်ချုပ်ရေးမှူးက ဘာမှအပြစ်မရှိဘူး သူတို့တိုင်ကြားတဲ့ကိစ္စကျတော့ တစ်ယောက်နဲ့ တစ်ယောက်မနာလိုတဲ့ ကိစ္စဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ကမာမိုကျေးရွာသား ဦးထွန်းအောင်က ပြောသည်။
ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းယဉ်ထွေးအား လုပ်ဆောင်ချက်နှင့်မညီဘဲ ပါတီကိစ္စများ ဆောင်ရွက်သည်ဟုဆိုကာ ဒေသခံတစ်ဦးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံ စီစစ်ပေးရန်တိုင်ကြား ထားကြောင်း သိရသည်။
“တိုင်တာကတော့ ပါတီ ကိစ္စတွေကိုလုပ်လို့ဆိုပြီးတော့ တိုင်တာပါ။ ပါတီကိစ္စတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်တဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့ မညီဘူး ဒါကြောင့်လို့ စီစစ်ပေးပါဆိုပြီးတော့ တိုင်တာပါ” ဟု ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးကို ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံကာ ထိုတိုင်းကြားစာနှင့် ပတ်သက်ပြီး မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“MUP ပါတီအောင်နိုင်ရေးလုပ်တာကို အိမ်ရှေ့မှာ လူစုလူဝေးတွေနဲ့ ရန်ဖြစ်အောင် ဆိုပြီးတော့ သူတို့အဲ့ဒီလိုမျိုးတိုင်ထားတယ်။ ထွေအုပ်ရုံးခေါ်တာက တိုင်ကြားစာဖြေရှင်းရေးကော်မတီလို အဲ့လိုအဖွဲ့ရှိတယ် သူတို့ကနေပြီးတော့ မေးမြန်းတယ်။ မဟုတ်မမှန် တိုင်ကြားတယ် သူတို့အနေနဲ့ ပါတီစွဲနဲ့ တိုင်ကြားတဲ့သူကလဲ ပါတီတစ်ခုခုက လူပဲဖြစ်နိုင်တယ်” ဟု တိုင်ကြားခံရသည့် ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ထို့ပြင် ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၆ ခုနှစ်မှစတင်တာဝန်ယူခဲ့သည့်ကာလအတွင်း ကျေးရွာကိစ္စမှလွဲပြီး ပါတီကိစ္စများကို ဆောင်ရွက်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“ပါတီမှာက ၂၀၁၅ မှာတော့ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးဖြစ်ပြီးတဲ့ အခါကျတော့ ရပ်ရွာအကျိုးအတွက်လုပ်တယ်။ ပါတီက ပေါင်းစုံဖြစ်လာတဲ့အခါကျတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး မှာကြားချက်အရ ပါတီလုပ်ငန်းကိုရပ်ဆိုင်းရမယ် မလုပ်ရဘူးဆိုတော့ ခုချိန်ထိ ပါတီလုပ်ငန်းကို ရပ်ဆိုင်းထားတာ ဘာမှကိုမလုပ်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ကမာမိုကျေးရွာအနီးရှိ ဒေါင်းဥကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းသွင်းရာတွင် ငွေးကြေးကောက်ခံသည်ဟုဆိုကာ နိုဝင်ဘာ ၁၆ ရက်နေ့က မြို့နယ်အာဏာပိုင်က တာဝန်မှရပ်စဲခဲ့သည်။