spot_img
Monday, April 22, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးကပ်ရောဂါကာလကို အခွင့်ကောင်းယူ၍ အဓမ္မမြေပိုင်ဆိုင်မှုများကို ဖန်တီးနေခြင်း

    ကပ်ရောဂါကာလကို အခွင့်ကောင်းယူ၍ အဓမ္မမြေပိုင်ဆိုင်မှုများကို ဖန်တီးနေခြင်း

    -

    တင်ပြသူတာဇံသူလေး ( နိုဝင်ဘာ ၆ –၂၀၂၀)

    လက်ရှိ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူလူထု၏ အကြောက်တရားကို အခွင့်ကောင်း ယူပြီး၊ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုမှ မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ဖက်အစွန်ရှိ ဒေသတဝိုက်တွင် ခြံမြေများကို အဓမ္မနည်းလမ်းဖြင့် ဝယ်ယူနေခြင်းကြောင့် ဒေသခံအချင်းချင်းအကြား ပဋိပက္ခဖြစ်ပေါ်စေခြင်းနှင့် ဒေသအတွင်းရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ထိခိုက်စေခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်း ဖြေရှင်းပေးရန် ဒေသခံများ အကူအညီများ လိုအပ်လာပါသည်။

    မန်ကျည်းကျေးရွာအုပ်စုသည် မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ဖက်အစွန်းနှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြောက်ဖက်အစွန်း နယ်နိမိတ်ချင်း ထိစပ်သည့်အရပ်တွင် တည်ရှိပြီး၊ မွန်လူမျိုးအများစု နေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။

    မန်ကျည်း၊ မိထောလှာလေး၊ မိထောလှာကြီးနှင့် ဓနိကြာကျေးရွာတို့က မန်ကျည်းကျေးရွာအုပ်စုတွင် ပါဝင်သည်။ ဒေသခံပြည်သူအများစုသည် မိမိတို့ဒေသရှိ သဘာဝအရင်းအမြစ်များနှင့် သယံဇာတ များကိုအမှီပြု၍ ဥယျာဉ်ခြံလုပ်ငန်း၊ လယ်လုပ်ငန်းနှင့် ရေလုပ်ငန်း စသည်တို့ဖြင့် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုကြသူများ ဖြစ်သည်နှင့်အညီ မိမိတို့ဒေသရှိ သဘာဝအရင်းအမြစ်များနှင့် ဂေဟစနစ် ပျက်စီးမသွားစေရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အစဉ်တစိုက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြပါသည်။ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် အစောပိုင်းကာလတစ်လျှောက်တွင် မန်ကျည်းကျေးရွာအုပ်စု အပါအဝင် ရေးမြို့နယ် တောင်ပိုင်းရှိ နယ်မြေဒေသအားလုံးကို အစိုးရ အဆက်ဆက်က အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။


    ဧည့်သည် (သို့) သတ္တုတူးဖော်ရေးကုမ္ပဏီ

    ယခင်က Myanmar Force Group ဟု အမည်တွင်သည့် Excellent Fortune Development Group (မြန်မာရွှေဧကရာဇ်) သည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာအဆင့်ရှိ ဓနအင်အားတောင့်တင်း ခိုင်မာသည့် စီးပွားရေးလုပ်ငန်းစုတစ်ခုလည်း ဖြစ်သည်။ ကုမ္ပဏီအနေနှင့် သယံဇာတတူးဖော် ထုတ်လုပ်ခြင်း၊ မြို့ပြတည်ဆောက်ခြင်းနှင့် အိမ်ခြံမြေများ ရောင်းဝယ်ခြင်း၊ ကျွန်းသစ်နှင့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဘိလပ်မြေစက်ရုံ တည်ဆောက် ထုတ်လုပ်ခြင်းများအပြင် ဘဏ်လုပ် ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိသည်။

    မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေးကုမ္ပဏီသည် မန်ကျည်းကျေးရွာအုပ်စု ဗလဲ့ခပွားတောင် ဧရိယာအတွင်းရှိ မြေအကျယ်အဝန်း (၉၈) ဧကကို အခြားနည်းဖြင့် အသုံးပြုခွင့်ပြုရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ကော်မတီထံတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၈ ခုနှစ် ရက်စွဲဖြင့် လျှောက်တင်ထားခဲ့ပြီးဖြစ်သည်။ ကျောက်မိုင်း ထုတ်လုပ်ရန်အတွက် မြေ (၉၈) ဧကအပြင်၊ လုပ်ငန်း ခွင်ဧရိယာအတွက် မြေ (၆၂၅) ဧက ကိုလည်း လျှောက်ထားခဲ့သည်ဟု သိရသည်။

    ထိုသို့ လျှောက်ထားခဲ့ပြီးနောက်တွင် ကုမ္ပဏီအနေနှင့် ဗလဲ့ခပွားတောင်ပေါ်ရှိ ခြံမြေများကို စတင် ဝယ်ယူခဲ့သည်။ ခြံမြေများကို ဝယ်ယူရာတွင် တစ်ဧကလျှင် ငွေကျပ် (၁၅) သိန်းမှ ​၎င်းတို့နှင့် အကျွမ်း ဝင်သူများအား  သိန်း (၃၀) ထိ ပေးကာ ဝယ်ယူခဲ့သည်ဟု ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

    ၎င်းပြင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ရွာခွဲခေါင်းဆောင်တို့ ပူးပေါင်းကာ ခြံမြေများကို ဝယ်ယူရာတွင် ခြံမြေပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား မရှိသည့် ရွာသူရွာသား တစ်ဦးတစ်ယောက်မှ လက်ညှိုးညွှန်ကာ ရောင်းချသည့် မြေကိုလည်း လက်ခံ ဝယ်ယူခြင်း၊ ခြံမြေအကျယ်အဝန်းတိုင်းတာရာတွင်လည်း ခြံနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့် မြေပိုင်ရှင်များအား ခေါ်ယူခြင်း မပြုဘဲ၊ မိမိတို့သဘောအလျောက် ကျူးကျော်တိုင်းတာကာ အရောင်းအဝယ် ပြုလုပ်ခြင်းများ ရှိခဲ့သည်။

    လက်ရှိတွင် ဗလဲ့ခပွားတောင်ပေါ်ရှိ ခြံမြေဧကပေါင်း (၆၀ဝ) ရာကျော်ကို ကုမ္ပဏီဖက်က ဝယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။ ထိုဝယ်ယူခဲ့သည့် ခြံမြေများအနက် အများစု၏ မူလပိုင်ရှင်မှာ ဓနိကြာရွာသူရွာသားများဖြစ်ပြီး၊ ၎င်းတွင် မိမိခြံမြေနေရာ မဟုတ်ဘဲ၊ နယ်နိမိတ် ကျူးကျော်ကာ ရောင်းချထားသူ (၃၀) ဦးကျော် ပါဝင်သည်ဟုလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ထိုကဲ့သို့ တရားနည်းလမ်းမကျသည့် ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်းကို ရာအိမ်မှူး (ဒေသအခေါ် ရွာခွဲခေါင်းဆောင်) တို့က တားမြစ်ပေးခြင်း မရှိသည့်အပြင်၊ ၎င်းတို့ကိုယ်တိုင် အရောင်းအဝယ် ပြုလုပ်ရာတွင် အသိသက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ခြင်း၊ အများပိုင်မြေနှင့် စားကျက် မြေများကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းများ ရှိခဲ့သည့်အတွက် ဒေသခံအများစုက မကျေနပ်သဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၁၇) ရက်နေ့ ရက်စွဲဖြင့် ရေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြား ခဲ့သည်။

    ဤတိုင်ကြားချက်နှင့် ပတ်သက်၍ ရွာခွဲခေါင်းဆောင်က မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ သံဃာတော်တစ်ပါးနှင့် ဒေသခံကိုယ်စားပြု တက်ကြွလှုပ်ရှားသူ (၅) ဦးအား ပုဒ်မ (၅၀ဝ) အသရေဖျက်မှုဖြင့် တရားစွဲဆိုရန်  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ရေးမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ပြီး၊   စက်တင်ဘာလ (၁၄) ရက်နေ့တွင် တက်ကြွလှုပ်ရှားသူ (၅) ဦးကို တရားရုံးသို့ ဆင့်ခေါ်စစ်ဆေးခဲ့ကာ၊ သံဃာတော်တစ်ပါးကိုမူ မန်ကျည်းကျေးရွာအုပ်စု သံဃနာယက အဖွဲ့ထံ တိုင်ကြားခဲ့သည်။ လက်ရှိတွင် ဒေသခံကိုယ်စားပြု တက်ကြွလှုပ်ရှားသူ (၅) ဦးသည် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါသည်။

    ဤဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပါက တစ်နယ်တစ်ကျေးရပ်ဝေးမှ ကျူးကျော်ရောက်ရှိလာသူတို့က ဥပဒေအကြောင်းပြု၍ ဒေသအတွင်း အေးချမ်းစွာ အရိုးခံနေထိုင်လာခဲ့သည့် ဒေသခံတို့၏ အားနည်းချက်ကို အကွက်ကောင်းယူကာ လာရောက်ချယ်လှယ်၊ တရားစွဲဆို အနိုင်ကျင့်မှု ပြုလုပ် နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုပါသည်။

    အစိုးရမြေစာရင်းဌာန၏ တာဝန်မကင်းမှုများ

    မန်ကျည်းကျေးရွာအုပ်စုရှိ ဒေသခံများသည် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအတိုင်း စိုက်ပျိုးထားသော မြေများ တရားဝင် လုပ်ပိုင်ခွင့် ရရှိအောင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိရန်အတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ပုံစံ (၁) ဖြည့်စွက်ပြီး ရေးမြို့နှင့် ခေါဇာမြို့နယ်ခွဲ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးတွင် လျှောက်တင်ခဲ့ခြင်း၊ ဦးစီးအရာရှိနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံ တင်ပြဆွေးနွေးခဲ့ခြင်းများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း လေ့လာခြင်း မရှိခြင်းကြောင့် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ်တွင် ခြံမြေ၊ အများပိုင်မြေနှင့် သာသနာမြေများအတွက် ပုံစံ (၁) အသစ်တစ်ဖန် ထပ်မံလျှောက်ထားခဲ့ရသည်။ သို့သော်လည်း ယနေ့အချိန်ကာလထိ တာဝန်ရှိသူဖက်မှ လာရောက်တိုင်းတာပေးခြင်းနှင့် မှတ်ပုံတင် ထုတ်ပေးခြင်း မရှိသေးပေ။ သို့ရာတွင် ကျောက်မိုင်းထုတ်ရန်အတွက် မြေရယူရာတွင် မြေတိုင်းဌာနဖက်မှ ကုမ္ပဏီအတွက်  လိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းများ ရှိသည်ကို တွေ့ရှိရသည်။

    ဒေသခံ၊ ရွာသူရွာသားများသည် မိမိတို့၏ ဘိုးဘွားဘီဘင်ပိုင်မြေကို ကာကွယ်စောင့်ရှောက်ရန် တရားမျှတမှု မရှိသော လုပ်ရပ်များကို တိုက်ဖျက်ရန် မိမိတို့၏အခွင့်အရေးအတွက် တရားမျှတမှု ရရှိစေရန် ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း၊ ဒေသခံမိမိတို့ကိုယ်တိုင် ပြန်၍ တရားစွဲ ခံရခြင်းအဖြစ်နှင့် ကြုံတွေ့ကြရသည်။ ထိုဖြစ်စဉ်များသည် ဒေသခံများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို ထိခိုက်နစ်နာစေသည့်အပြင် ဒေသခံအချင်းချင်းကြား ပဋိပက္ခဖြစ်ပေါ်စေခြင်းနှင့် ဘဝလုံခြုံမှုများ မရှိတော့သည်ကို ဖော်ပြနေပါသည်။

    မန်ကျည်းဒေသတွင် သာယာလှပသည့် ကမ်းခြေများ ရှိပြီး၊ ဒေသခံအများစုသည် စိုက်ပျိုးရေး လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကထားကာ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ဒေသခံများ၏ အသက်ရှင်ရပ်တည်ရေးနှင့် ကျန်းမာရေးအတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်သည့် သောက်သုံးရေ ရရှိရာ အရင်းအမြစ်သည်လည်း ဗလဲ့ခပွားတောင်ကို မှီခိုနေရသဖြင့် ဤဒေသတွင် ကျောက်မိုင်း ထုတ်လုပ်ပါက ရေအပါအဝင် သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် ဒေသခံ၏ အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများလည်း ထိခိုက်လိမ့်မည်ဖြစ်သည်ဟု ဒေသခံတို့က ထုတ်ဖော်ပြောဆိုကြသည်။

    ကုမ္ပဏီ၊ ရွာခွဲခေါင်းဆောင်နှင့် အခြားသက်ဆိုင်သူများ၏ တစ်ဖက်သက်ဆန်သည့် မှားယွင်းသည့် လုပ်ရပ်များကြောင့် မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏လုပ်ရပ်များကို ပြန်လည်စီစစ် ပေးပါရန်၊         ဒေသခံတို့၏ ဘိုးဘွားဘီဘင်ပိုင်မြေပေါ်တွင် ဒေသခံများ ကျင့်သုံးလျက် ရှိသည့် မိရိုးဖလာဓလေ့ထုံးတမ်း မြေယာသုံးစွဲမှုစနစ် ပိုမိုခိုင်မြဲ အားကောင်းလာအောင် ဝိုင်းဝန်းကူညီ အသိမှတ်ပြုပေးရန်နှင့် လက်ရှိဖြစ်ပေါ်နေသည့် မြေယာ ပြဿနာများကိုလည်း ဝိုင်းဝန်းဖြေရှင်း ပေးနိုင်ရန်အတွက် ဒေသခံများအနေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံတွင် တင်ပြနိုင်ရန် ကြိုးစားလျက် ရှိသည်ကိုသိရပါသည်။

    မွန်ပြည်နယ် လွှတ်တော်ထံ ဒေသခံတို့၏ တောင်းဆိုသံများ

    မန်းကျည်ကျေးရွာအုပ်စု ဒေသခံတို့သည် ၎င်းတို့ကြုံတွေ့နေရသည့် မြေဆိုင်ရာ ပဋိပက္ခကိစ္စ ရပ်များအတွက် ဒေသတွင်း သတင်းဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရနှင့် လွှတ်တော်များထံတွင် တစ်စုံတစ်ရာသော အကူအညီများ ရရှိနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် မွန်ဒေသရပ်ရွာ ဖွံ့ဖြိုးရေးအဖွဲ့အစည်း (MACDO) ၏ အကူအညီဖြင့် ဒေသခံတို့သည် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဒေသခံတို့က အောက်ပါတောင်းဆိုချက် (၄) ရပ်ကို လွှတ်တော်ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရပါသည်။

    တောင်းဆိုချက် () ရပ်

    (၁) ကျောက်ထုတ်လုပ်ရန်အတွက် လိုက်နာရမည့် ရင်းနှီးမြှုပ်နှံမှုကျင့်ဝတ်၊ အဆင့်များကို ကျော်လွန်ကာ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ၏ လုပ်ရပ်များကို ပြန်လည်စိစစ်ပေးပါရန်။

    (၂) မှန်ကန်မျှတ တရားနည်းလမ်းကျသည့် လုပ်ထုံးလုပ်နည်းများဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကွင်းဆင်းလေ့လာပြီး၊ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန်။

    (၃) လူနည်းစု ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအတွက် လူများစုဒေသခံ ဌာနေတိုင်းရင်းသားများ၏ ဖြစ်တည်မှု၊ တည်ရှိမှုနှင့် အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်ပြားစေခြင်းများ မဖြစ်ပေါ်စေအောင် ကာကွယ်စောင့်ရှောက်ပေးရန်။

     (၄) ဖွံ့ဖြိုးမှုနှင့်အတူ တွဲပါလာမည့် ဆိုးများကို ကြိုတင်သိရှိနားလည်ပြီး၊ ဒေသခံများဖက်မှ ထာဝရ ရပ်တည်ကာ မှန်ကန်သော ဦးဆောင်မှု ပေးနိုင်ရန်။

    အစိုးရနှင့် လွှတ်တော် တာဝန်ရှိသူများ ဒေသခံတို့၏ သောကမျက်ရည်ကို သုတ်ပေးနိုင်လေမလား

    ဒေသခံများသည် မိမိတို့ဒေသအား အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရစဉ် ကာလ တစ်လျှောက်လုံး မြေဆိုင်ရာအဓမ္မမှုနှင့် ကျူးကျော်ရယူမှု အန္တရာယ်များကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့ပေ။ မိမိတို့ဒေသရှိ တောတောင်ရေမြေတွင် ပေါက်ရောက်သည့် အပင်နှင့် အသီးအနှံများကို ခူးဆွတ်သုံးဆောင်၍လည်းကောင်း၊ တောတောင်ရေမြေမှ ပေးသည့် သဘာဝရေအရင်းအမြစ်ကို မှီခို၍လည်းကောင်း၊ မြစ်ချောင်း အင်းအိုင် ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် သားငါး ပုစွန်တို့ကို ကောင်းရောင်းကောင်းဝယ် စီးပွားဖလှယ် လုပ်၍လည်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပုံစံအမျိုးမျိုးကို လုပ်ကိုင်ရင်း မိမိတို့ဒေသရှိ ရေမြေအသုံးအပြုမှုပုံစံကို မိရိုးဖလာဓလေ့ထုံးတမ်းအရ ကျင့်သုံးလာခဲ့သူ များဖြစ်သည်။ ထိုသို့သော အစဉ်အလာသည် ဒေသခံတို့၏ ရေရှည် အသက်ရှင်ရပ်တည်မှုနှင့် ဒေသဖွံ့ဖြိုးမှုများကို အထောက်အပံ့ဖြစ်စေခဲ့ပြီး ဖြစ်သည်။

    လက်ရှိကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းနေသည့် ကာလကို ရောက်ရှိခါမှ ကြုံတွေ့ရသည့် ဓနရှင်တို့၏ မြေနေရာ လက်ဦးမှု ရယူသည့် ဖြစ်ရပ်နှင့် ပုံစံများသည် ဒေသခံများအား ပရိဒေဝမီး တောက်လောင်စေခဲ့ပြီး၊ ပူပင်သောက ရောက်စေခဲ့သည်။

    ဒေသခံတို့၏ နေထိုင်မှုပုံစံနှင့် မအပ်စပ်သည့် စီးပွားရေးစီမံကိန်း ဖော်ဆောင်သူတို့၏ ဥပဒေ အကြောင်းပြု မြေနေရာလက်ဦးရယူမှု အခွင့်အလမ်းဖန်တီးနေသည့် ကိစ္စရပ်များနှင့် မှားယွင်းစွာ မြေနေရာ ဝယ်ယူနေသည့် ကိစ္စရပ်များကို အစိုးရနှင့် လွှတ်တော် တာဝန်ရှိသူများက မည်သို့မည်ပုံ ကိုင်တွယ် ထိန်းကျောင်းကာ၊ အရေးယူမှု ပြုလုပ်ပေးနိုင်မည်ကို ဒေသခံများက မျှော်လင့်လျက် ရှိပါသည်။

    မှတ်ချက် – တင်ပြသူ ဆောင်းပါးရှင် တာဇံသူလေးသည် မွန်ပြည်နယ်တောင်ပိုင်းရှိ မြေယာဆိုင်ရာ ပဋိပက္ခကိစ္စရပ်များကို လေ့လာဖော်ထုတ်ကာ မွန်ပြည်နယ်ရှိ ဒေသခံတို့အတွက် မြေဆိုင်ရာ လူမှုတရားမျှတမှု ရရှိနိုင်ရေးကို ရှေးရှူ၍ မြေယာအခွင့်အရေး တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts