Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းကျိုက်မရောမြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်

ကျိုက်မရောမြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်

-

စိုင်းထွန်းစံ(မော်လမြိုင်၊ နိုဝင်ဘာ ၂၆)

NLD ပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်အား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် မွန်ညီညွတ်ရေးပါတီမှ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ချောင်းနှစ်ခွနယ်မြေ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အား ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ (၆၁/၆၂)  (ပ)၂၇/ ၂၀၂၀ ဖြင့် အမှုဖွင့်ထားသဖြင့် ချောင်းနှစ်ခွနယ်မြေ ရဲစခန်းမှစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“အမှုဖွင့်တဲ့ အကြောင်းအရာကိုတော့ ကျွန်တော်တို့က စစ်ဆေးနေတုန်းဘဲ။ ပုဒ်မကတော့ ရွေးကောက်ပွဲဥပဒေ  ၆၁၊ ၆၂ တို့နဲ့အမှုဖွင့်ထားတယ်။ ရဲလုပ်ငန်းကို လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတယ် ”ဟု ချောင်းနှစ်ခွနယ်မြေ ရဲစခန်းမှူး ကပြောသည်။

ဖြစ်စဉ်မှာ ရွေးကောက်ပွဲကျင်းပသည့်ရက် နိုဝင်ဘာ ၈ ရက်နေ့တွင် လက်ရှိပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ခင်မျိုးမြင့်က ပေါ့လောကျေးရွာမှ မဲစားရင်းမပါသည့် ရွာသူရွာသား (၁၈) ဦးကို မဲပေးနိုင်ရန်ဆောင်ရွက်ခဲ့ရာတွင် ရပ်ကျေးကော်မရှင်အဖွဲ့ကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

“ပါတီကို တင်ပြတယ် ပါတီရဲ့ သဘောထားကိုလည်းစောင့်ရတယ်။ သက်သေ အထောက်အထား အစုံနဲ့ ပါတီကို တင်ပြတယ်။ ရွေးကောက်ပွဲကာလမှာ အလုပ်ရှုပ်နေတော့ အဲ့တုန်းကမတိုင်ဖြစ်ဘူး။ ၂၂ ရက်နေ့ကမှ အလုပ်အမှုဆောင်အစည်းဝေးထိုင်ဖြစ်တယ်။ အစည်းအဝေးသဘောတူညီချက်ရမှ တင်ရတယ်” ဟု အမှုဖွင့်တိုင်ကြားသူ မိစုမွန်က ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တိုင်ကြားမှုများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၉ ရက်နေ့မှ စတင်၍ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

“ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်မယ် ရဲအလုပ်တွေကုန်ရင် ကျွန်တော်တို့ ဥပဒေရုံးကိုတင်ပြ အဲ့ကနေ တဆင့် ကျိုက်မရောမြို့နယ် တရားရုံးကိုတင်ပြတာပေါ့။ မိစုမွန် ဘက်ကတင်ပြတဲ့ သက်သေတွေကိုလည်း စစ်နေတယ် ဆောင်ရွက်နေတယ်” ဟု တိုင်ကြားသူဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောသည်။

အလားတူ မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် NLD ပါတီအမတ် ဦးကိုကိုဦးအား ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာသုံးသည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ ဖြင့် နိုဝင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မဲရုံကိုယ်စားလှယ်တစ်ဦးမှ မုပွန်နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts