spot_img
Saturday, December 13, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ

    NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ

    -

    စိုင်းထွန်းစံ (November 22, 2020)

     NLD ပါတီကိုယ်စားပြု၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ဦးကိုကိုဦးကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မဲရုံကိုစားလှယ်တစ်ဦးက မုပွန်နယ်မြေရဲစခန်း၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
     
    ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် ဦးကိုကိုဦးသည် ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာသုံးသည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ ဖြင့် နိုဝင်ဘာ ၁၈ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ဦးကိုကိုဦးကို စစ်ဆေးရန် မုပွန်နယ်မြေ ရဲစခန်းက နိုဝင်ဘာ ၂၁ ရက်တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။
     
    “မလျော်သြဇာသုံးတယ်ဆိုပြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မနဲ့ လာတိုင်တော့ ကျွန်တော်တို့ အမှုဖွင့်ပေးတာပေါ့။ ဦးကိုကိုဦး ကိစ္စနဲ့ပတ်သက်ပြီးတော့ တရားလိုကိုစစ်တယ်။ လိုပြသက်သေတွေကိုစစ်တယ်။ လက်ရှိကတော့ အမှုဖွင့်တာလည်း ဘာမှမကြာသေးတော့ လိုပြသက်သေတွေကိုပဲ စစ်ဆေးနေဆဲ။ စစ်ဆေးပြီးပြီ ဆို ရင်  ကျန်တာကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ပြီးတော့ တရားစွဲဆိုသွားမှာပေါ့” ဟု မုပွန်နယ်မြေ ရဲစခန်းမှ ယာယီစခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်ကပြောသည်။
     
    ရွေးကောက်ပွဲကာလ ဥပဒေမဲ့ပြုကျင့်မှုများနှင့်ပတ်သက် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၉ ရက်မှ ၂၃ ရက်အထိ တိုင်ကြားနိုင်ကြောင်းရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းထားသဖြင့် ရဲစခန်းများက ထိုတိုင်ကြား မှုများကို လက်ခံဆောင်ရွက်ပေးနေကြာင်းနှင့် ယင်းသို့တိုင်ကြားလာသည့်အမှုများကို အမြန်ဆုံးစစ်ဆေးကာ တရားစွဲနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း ရဲအုပ်ကျော်မြင့်နိုင်က ဆက်လက်ပြောသည်။
     
    “ရဲအရေးပိုင်တဲ့အမှု ပြစ်မှု၊ ပြစ်ဒဏ်ဆိုရင် ရဲကိုတိုင်ရမှာပါ။ ကော်မရှင်ကို တိုင်ရမှာမဟုတ်ဘူး။ ဒါတွေနဲ့ပတ်သက်ရင် ရွေးကောက်ပွဲအပြီး ၁၅ ရက် အတွင်းတိုင်မှ အကြုံးဝင်တာ။ဒါ့အပြင် ရွေးကောက်ပွဲက တရားမျှတမှုမရှိပါဘူး။ လွတ်လပ်မှုပွင့်လင်းမှု မရှိပါဘူးဆိုရင် ရွေးကောက်ပွဲနည်းဥပဒေ အခန်း ၁၄ မှာပါပြီးသား ကန့်ကွက်လွှာတင်လို့ရတယ်။ ၄၅ ရက်အတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ရမယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် ကပြောသည်။
     
    ဖြစ်စဉ်မှာ ကျောက်တန်းရပ်ကွက်တွင် ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသည့် ကိစ္စ၌ ရပ်ကျေးကော်မရှင်အဖွဲ့များအား မဲဆန္ဒရှင်များ၏ နေအိမ်ပေါ်သို့မတက်ရန် ဦးကိုကိုဦးက မလျော်သြဇာ သုံး၍ လာရောက်ပြောဆိုခဲ့သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
     
    အဆိုပါ အမှုဖွင့်တိုင်ကြားခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးကိုကိုဦးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
     
    မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင် NLD ပါတီမှ ဦးကိုကိုဦး၊ မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာကြင်စွမ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးထွန်း၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီမှ ဦးလှဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးအောင်ကိုကိုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးကိုကိုဦးက ဆန္ဒမဲ ၅၀၈၉၇ ဖြင့် မဲအများဆုံးရရှိခဲ့ကာ ပြည်ထောင်စုကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးထွန်းက ဆန္ဒမဲ ၁၆၉၈၆ ဖြင့် မဲဒုတိယအများဆုံး ရရှိခဲ့ကြောင်းသိရသည်။
     

    အဆိုပါ ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၃,၁၃၂ ဦး ရှိပြီး ၇၇,၈၇၆ ဦး လာရောက်မဲပေးခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပါဲကော်မရှင်၏ မဲရလဒ်ထုတ်ပြန်ချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts