spot_img
Tuesday, February 10, 2026
More
    spot_img

    NLD ကမ်းလှမ်းချက်အပေါ် MUP ဥက္ကဌသဘောထား

    -

    ဗညားအောင်

    ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားအများဆုံးအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားဆန္ဒ အလေးထားပြီးဆောင်ရွက်မှာမို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဘုံရည်မှန်းချက်အတွက် တိုင်းရင်းသားပါတီပေါင်း ၄၀ နီးပါးကို နိုဝင်ဘာ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ကမ်းလှမ်းလာတဲ့အပေါ် မွန်ည႘ညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင်(ခ) နိုင်တလနွန်၏ သဘောထားကို ဗညားအောင်က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး-တိုင်းရင်းသားပါတီခေါင်းဆောင်တွေအပေါ် NLD ရဲ့ အခုလို ဖိတ်ခေါ်ကမ်းလှမ်းမှုကို MUP ဥက္ကဌအနေနဲ့ ဘာတွေပြောချင်ပါလဲ?

    နိုင်တင်အောင် -NLD ရဲ့ အခုလို ဖိတ်ခေါ်ကမ်းလှမ်းမှုက သိပ်ကောင်းပါတယ်၊ ဒီလိုဖိတ်ခေါ်လှမ်းချက်မလာခင်ကတည်းက ဒီလိုလမ်းကြောင်းမျိုး လာဖို့ရှိတယ်ဆိုတာကို ပါတီတွင်းမှာ ကျနော်ချပြပြောဆိုမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုလို အတိအကျဖိတ်ခေါ်လိမ့်မယ်လို့ ဆိုလိုခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ကာလတွေမှာ NLD အစိုးရကိုင်တွယ်ခဲ့တဲ့ပုံစံမျိုးဟာ လုံးဝလွဲမှားနေတယ်လို့ ကျနော်ပြောချင်ပါတယ်၊ အဲဒီလိုပဲ ရှေ့ဆက်သွားနေမယ်ဆိုလို့ရှိရင် စစ်ဘောင်တွေပဲ ကျယ်ဖို့ရှိလာပြီး တိုက်ပွဲတွေ ပိုပြီးများလာမယ် ပြင်းထန်လာမယ် ပိုမိုကျယ်ပြန့်လာဖို့ပဲရှိပါတယ် အဲဒါကြောင့် ပုံစံပြောင်းရမယ် ပြီးခဲ့တဲ့ပုံစံမျိုးနဲ့ မရတော့ပါဘူး၊

    နောက်တစ်ချက် ရှိသေးတယ် R2P (Responsibility to Protect- ကုလသမဂ္ဂတပ်၊ နိုင်ငံတကာတပ်ဖွဲ့ ဝင်ရောက်စွက်ဖက်ခွင့်) နဲ့ပတ်သက်ပြီး ဝင်လာဖို့ သေချာသလောက် ရှိနေတဲ့အနေအထားမှာပါ။ အကယ်၍သာ R2P ဝင်လာမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ယူဂိုစလားဗီးယားလို ဖြစ်သွားနိုင်ပါတယ်၊ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံအစိတ်စိတ်အမွှာမွှာကွဲနိုင်တဲ့အနေအထားမှာလည်း ရှိလာနိုင်တဲ့အတွက် အခု NLD ရဲ့ဖိတ်ခေါ်ချက်ဟာ အချိန်မီပါသေးတယ် ဒါမှမဟုတ်ရင် နောက်ကျသွားမှာကိုပဲ စိုးရိမ်မိတယ်၊

    တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် ဖက်ဒရယ်ဒီမိုကရေစီကို အသိအမှတ်ပြုပေးပါ၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အသိအမှတ်ပြုရပါမယ် ဒီလမ်းကြောင်းပဲ ရှိပါတယ်၊ ကျနော်တို့ပါတီတွင်းမှာလည်း မကြာခဏဆိုသလို ရှင်းပြပါတယ် နိုင်လယိတမ(တွဲဖက်အတွင်းရေးမှူး-၁) တို့ကိုလည်း မကြာခင်ကပဲ ကျနော်ပြောခဲ့ပါတယ် ဒီလမ်းကြောင်းပဲ လာဖို့ရှိပါတယ် တခြားရွေးချယ်စရာလမ်းကြောင်း မရှိတော့ပါဘူး တခြားလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ရင်တော့ ကျနော်တို့နိုင်ငံဟာ ငရဲပြည်လိုဖြစ်သွားပါလိမ့်မယ် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်၊ NLD အခုလိုအနေအထားမျိုး ကမ်းလှမ်းလာတာက အလွန်သင့်တော်တဲ့လမ်းကြောင်းပါပဲ။

    သို့သော် အခုလိုကမ်းလှမ်းချက်ကို အစိုးရနဲ့ တပ်မတော်တို့ရဲ စိတ်ရင်း စေတနာ သဘောထား အစစ်အမှန်ဘဲလားဆိုတာ ကျနော်တို့စောင့်ကြည့်နေပါတယ်၊ မဟာဗမာဝါဒီတွေအနေနဲ့ သူတို့စိတ်တိုင်းကျ အနှစ် ၇၀ ကျော်လွှမ်းမိုးခဲ့ပါတယ်၊ အခုလိုခေတ်ကာလမှာ အဲဒီလိုမျိုးစိတ်တိုင်းကျ လွှမ်းမိုးခြယ်လှယ်လို့တော့ မဖြစ်နိုင်တော့ပါဘူး၊ အရင်လိုမျိုး သူတို့လိုသလို စိတ်တိုင်းကျ ဆက်ပြီးလွှမ်းမိုးအုပ်ချုပ်ခြယ်လှယ်နေဦးမယ်ဆိုရင်တော့ ကွန်ဖက်ဒရေးရှင်း ဝင်လာပါလိမ့်မယ် ခွဲထွက်သွားကြလိမ့်မယ် သီးခြားနိုင်ငံတွေထူထောင်ကြလိမ့်မယ် အဲဒီလိုအနေအထားမျိုး ဖြစ်သွားနိုင်တယ်၊ ဗမာတွေနဲ့ပေါင်းစည်းနေထိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနစ်မျိုးကို တိုင်းရင်းသားတွေ လက်ခံကြတော့မှာ မဟုတ်ပါဘူး။

    အဲဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ရပါလိမ့်မယ် ဒီနေရာမှာ ဘယ်လိုပြုပြင်သွားမလဲဆိုတာ စောင့်ကြည့်ပါဦးမယ် ကျနော့်အနေနဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေအပေါ် ယုံကြည်မှုကင်းမဲ့နေဆဲပါပဲ ဒါပေမယ့် သူတို့ရဲ အထွေထွေအကြပ်အတည်း General Crisis အပေါ် တိုင်းရင်းသားတွေဘက်ကို အခုလိုက်လျောလာတာပဲလို့မြင်တယ် ဒါပဲဖြစ်နိုင်ဖို့ ရှိပါတယ်။

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေအပေါ် သူတို့ရဲ့သဘောထား NLD အစိုးရ ဘယ်လိုခင်းကျင်းချပြလာမလဲဆိုတာ ကျနော်တို့ ဆက်ပြီး စောင့်ကြည့်နေပါတယ်။

    မေး-ကျေးဇူးတင်ပါတယ်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks