HomeCovid 19အရစ်ကျဝယ်ယူသောယာဉ်များ ကိုဗစ်ကာလတွင် အတိုးလျော့ပေးစေလို

အရစ်ကျဝယ်ယူသောယာဉ်များ ကိုဗစ်ကာလတွင် အတိုးလျော့ပေးစေလို

-

ယဉ်ထောမွန် (၁၀ နိုဝင်ဘာ ၂၀၂၀)

ကုမ္ပဏီမှအရစ်ကျစနစ်ဖြင့် ဝယ်ယူထားသော မော်တော်ယာဉ်များအတွက် ကိုဗစ်ကာလစီးပွားရေး အခက်အခဲကြောင့် အတိုးငွေလျော့ပေးစေလိုကြောင်း အိမ်စီးကားဝယ်ထားသူအချို့က ပြောသည်။

တန်ဖိုးကျပ် (၂၆၅) သိန်းရှိသော ကားတစ်စီးကို ကနဦးကျပ်သိန်း (၁၀၀) ပေးသွင်းခဲ့ရပြီး လက်ကျန်ငွေကို အရစ်ကျစနစ်ဖြင့် အတိုးရော အရင်းပါ တစ်လလေးသိန်းခွဲဝန်းကျင် ပေးသွင်းနေရကြောင်း မော်လမြိုင်မှ အိမ်စီးကားဝယ်ယူထားသူ ဒေါ်သင်းသင်းကြိုင်က ဆိုသည်။

သူမက “အန်တီက ၅ နှစ်သက်တမ်းနဲ့ ဝယ်ထားတယ်။ အခုဆို၂ နှစ်ရှိနေပြီး၊ ပြီးတဲ့လက အဆင်မပြေလို့ ပိုက်ဆံမသွင်း နိုင်ဘူး။  ဒီလမှာ ရော်ဘာခြစ်လို့ရရင်တော့ ပြန်သွင်းနိုင်မယ်၊ အတိုးကလည်း ပေးရတာများတယ်၊ မပေးနိုင်လို့ ကိုယ့်ကားပြန်သိမ်းသွားမှာလည်းစိုးတယ်၊ အရစ်ကျဝယ်ချင်တဲ့သူတွေကိုလည်း အားမပေးချင်တော့ဘူး”

ကိုဗစ်ကာလမှာ အရစ်ကျကုမ္ပဏီမှ လျော့ပေါ့ပေးခြင်း မရှိသည့်အပြင် ငွေသွင်းမည့်ရက်ကျော်လွန်သွားပါက ရက်ပို အတိုးလည်းပေးနေရကြောင်း (သို့မဟုတ်) ရက်လွန်ဒဏ်ကြေးငွေ ပေးသွင်းရကြောင်း မော်တော်ဆိုင်ကယ် အရစ်ကျဝယ်ယူထားသူ မလင်းက ဆိုသည်။

မလင်းက “အတိုးကိုလည်း လျှော့ပေးစေချင်တယ်ပေါ့၊ ပေးသွင်းရမယ့်ရက်မှာ တစ်ခါတစ်လေ ခရီးလွန်နေတာမျိုး ရှိရင်တော့ နားလည်ပေးစေချင်တယ်၊ အတိုးတွေ ထပ်ပြီးယူတာတော့  မဖြစ်စေချင်ဘူး”

ထို့အတူ မော်လမြိုင်မြို့ Vigo world ကားနှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်က ကိုဗစ်ကာလမတိုင်မီ တစ်လဆိုင်ကယ်အစီး(၅၀၀) ကျော်ရောင်းခဲ့ရာမှ ယခုအခါ (၂၀၀) ကျော်ခန့်သာရောင်းချရပြီး Promotion လည်းမရှိသည့်အပြင် အရစ်ကျဝယ်ထားသူများကလည်း ပုံမှန်ငွေမသွင်းနိုင်သူ များပြားလာကြောင်း စာရင်းကိုင် မင်းအံ့ကမ္ဘာက ဆိုသည်။

မော်တော်ယာဉ် မော်တော်ဆိုင်ကယ် အရစ်ကျဝယ်ယူလိုသူများအနေဖြင့် အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်းရှိသူ၊ လစဉ်ပုံမှန်ဝင်ငွေရှိသူ၊ ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့ကို ပြသနိုင်ရန်လိုအပ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts