Friday, March 20, 2026
More
    spot_img
    Homeသတင်းမွန်ကျေးရွာအလှူပွဲများတွင် မူးယစ်ဆေးဝါးဖြင့် ဧည့်ခံသည့်အစဉ်အလာဖြစ်ပေါ်လာ

    မွန်ကျေးရွာအလှူပွဲများတွင် မူးယစ်ဆေးဝါးဖြင့် ဧည့်ခံသည့်အစဉ်အလာဖြစ်ပေါ်လာ

    -

    ဗညာစိုင်း (နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၀)

    မွန်ကျေးရွာများ အလှူပွဲဧည်ခံကြရာတွင် ဘိန်းစာရွက်အပါအဝင် မူးယစ်ဆေးဝါး အသုံးပြုမှုသည် လူငယ်တွေများအကြား ရိုးရာဓလေ့ အစဉ်အလာတစ်ခုသဖွယ် တဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်လာသည်ကို တွေ့ရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်း Hurfom မူးယစ်ဆေးဝါးသုတေသနပြုစုသူ နိုင်ချွန်းက ဆိုသည်။

     “ကျနော်တို့အဖွဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုပြုလုပ်နေချိန်မှာ မကောင်းတဲ့အချက်တွေကိုပဲ တွေ့ရတာ များတယ်၊ အဆိုးဆုံးအချက်တွေကတော့ မူးယစ်ဆေးဝါးကို ကွမ်းယာဝယ်သလို ကြိုက်တဲ့နေရာ သွားဝယ်လို့ရတဲ့အတွက် လူငယ်တွေက ပိုပြီးသုံးစွဲတာများလာတယ်၊ ကျနော်တို့ မွန်လူမျိုးတွေက အခုနောက်ပိုင်းမှာ ပွဲတော်တွေ ကျင်းပတဲ့ခါမှပဲဖြစ်ဖြစ် အလှူကုသိုလ် ပြုတဲ့အခါမှဖြစ်ဖြစ် မင်္ဂလာဆောင်တဲ့အချိန်မျိုးမှာဖြစ်ဖြစ် လူငယ်တွေမှာ ဘိန်းစာရွက်တွေ မူးယစ်ဆေးဝါးတွေနဲ့ ဧည့်ခံလာကြတယ်၊ တဖြည်းဖြည်းနဲ့ ဓလေ့ရိုးရာ၊ အစဉ်အလာတစ်ခုလို ဖြစ်နေပြီ” ဟု နိုင်ချွန်းက ပြောသည်။

    လူငယ်ကျောင်းသားများ မူးယစ်ဆေးဝါးပိုမိုအသုံးပြုများလာခြင်းကြောင့် ပညာသင်ကြားမှု အခြေအနေ အားနည်းလာပြီး အလယ်တန်းအဆင့်ကနေ ကျောင်းထွက်သူများလာသဖြင့် တစ်မျိုးသားလုံးအတွက် ပညာတတ်အရင်းမြစ် ဆုံးရှုံးရသည့်အခြေအနေရှိလာနိုင်သည့် ၎င်းက ဆိုသည်။

    မူးယစ်ဆေးဝါးလျော့ချရေးတွင် မြို့နယ်အဆင့် အုပ်ချူပ်ရေးဌာနများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းကူညီဖမ်းဆီးရန် လိုအပ်ကြောင်း မုဒုံမြို့နယ် နှီးဗဒေါကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်အောင်မာန်က ယူဆသည်။

    “ရဟန်းခံရှင်ပြုအိမ်တွေ မင်္ဂလာဆောင်အိမ်တွေမှာ သူတို့သူငယ်ချင်းတွေနဲ့ မူးယစ်ဆေးတွေ သုံးစွဲလာကြတယ်၊ တဖြည်းဖြည်းနဲ့ ရိုးရာဓလေ့ အစဉ်အလာလို ဖြစ်လာနေပြီ ဒီလိုမူးယစ်ဆေးသုံးစွဲတာ လူငယ်တွေကြားမှာ မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်၊ မူးယစ်ဆေးဝါးသုံးစွဲတာ နည်းပါးလာဖို့ ဆိုရင် အကယ်လို့ အဲဒီလိုပွဲမျိုး ရွာမှာလုပ်တဲ့အခါ ရဲလှည့်ကင်းတွေနဲ့ ရွာကို လုံခြုံရေးလှည့်ပတ်တာမျိုး လုပ်ပေးသင့်တယ်” ဟု ၎င်းက ပြောသည်။

    ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲအလွန်တက်လာမည့် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်လျော့နည်းလာစေရန် မူးယစ်ဆေးဝါးတားဆီးရေးဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း၊ အစိုးပညာရေး သင်ရိုးညွှန်းတန်း ရေးဆွဲရာတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို ထည့်သွင်းရေးဆွဲသင့်ကြောင်း မွန်လူငယ်ဆုံရပ် MYF က တိုက်တွန်းခဲ့သည်။

    မွန်ပြည်နယ်တွင်မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာသည့်အခြေအနေရှိနေပြီး မွန်လူငယ် ၇၃ ရာခိုင်နှုန်း ကျော် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ၏ ‘လူငယ် အန္တရာယ်’ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks