spot_img
Tuesday, February 10, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်မြို့၌ ဆိုင်ခန်းငှားရသောဈေးသည်များ ပိုမိုကြပ်တည်းလာ

    မော်လမြိုင်မြို့၌ ဆိုင်ခန်းငှားရသောဈေးသည်များ ပိုမိုကြပ်တည်းလာ

    -

    ယဉ်ထောမွန် (October 28)

    လက်ရှိကိုဗစ်ဒုတိယလှိုင်းကာလတွင် မော်လမြိုင်မြို့၌ အရောင်းအဝယ်နည်းပါးလာသည်နှင့်အမျှ ဆိုင်ခန်ငှားရသောဈေးသည်များ ပိုမိုကြပ်တည်းလာသည်ကို တွေ့ရှိရသည်။

    မော်လမြိုင်တက္ကသိုလ်ကိုသာ အားထားနေရသော မြိုင်သာယာရပ်ကွက်မှ ဈေးသည်များအနေဖြင့် ဆိုင်ခန်းငှားရမ်းခပေးနိုင်ရန်သာ ပိုမိုကြိုးစားနေရကြောင်း ရွှေလက်ရာမွန် ကွတ်တီယိုနှင့် အအေးဆိုင်ရှင် မဇာခြည်ဝင့်က ပြောသည်။

    မဇာခြည်ဝင့်က “ပါဆယ်နဲ့ရောင်းတယ်၊  အိမ်တိုင်ရာရောက်လည်း ပို့ရတော့ ပိုပင်ပန်းတယ်၊ ပိုက်ဆံနည်းနည်းရဖို့ ပိုရုန်းကန်ရတယ်၊ ဆိုင်ခန်းဖိုးလောက်တော့ရတယ်။ ပိုလျံတယ်ဆိုတာတော့ မရှိပါဘူး” ဟု ဆိုသည်။

    အလားတူပင် အိမ်ခန်းငှား၍ သီရိစန္ဒာ( Fashion & Design) သင်တန်းဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ကိုဗစ်ရောဂါဒုတိယလှိုင်းတွင် အလုပ်ရပ်နားလိုက်ရကြောင်း သင်တန်းဆရာမ ဒေါ်ခင်သင်းသင်းအိက ပြောသည်။

    “ဝင်ငွေကလည်းမရှိဘူး တစ်လတစ်လ အိမ်ငှားခပဲပေးနေရတယ်၊ ကိုယ်စုဆောင်းထားတာတွေထဲက သုံးနေရတော့ကြာလာတော့လည်း စိတ်ပူလာတယ်၊ အိမ်ပိုင်ရှင်ကလည်း ကျွန်မတို့လိုချင်တဲ့ဈေးကို လျှော့မပေးနိုင်ဘူး၊ ဒီအခြေအနေကလည်း ဘယ်ထိကြာအုံးမှာလည်းမသိဘူး ၊ ပထမလှိုင်းကိုတောင့်ခံ ထားနိုင်ပေမယ့် ဒုတိယလှိုင်းကို တောင့်မခံနိုင်တော့ဘူး”

    မော်လမြိုင်မြို့ပေါ် ဆိုင်ခန်းငါှးရမ်းခအနေဖြင့် တစ်လလျှင်ကျပ် ၁ သိန်းဝန်းကျင်ခန့်၊  လုံးခြင်းအိမ်ငှားခ ၁ သိန်းခွဲမှ ၂ သိန်းခွဲအထိရှိပြီး အများအားဖြင့် ၆ လ (သို့) ၁ နှစ်စာ ငွေအပြီးရှင်းကာ စာချုပ်ချုပ်ဆို၍ငှားရမ်းလေ့ရှိကြောင်း သိရသည်။

    အလားတူ ရန်ကုန်မြို့၌ ကိုဗစ်ကပ်ဘေးကြောင့် ဆန်ပြုတ်သောက်ရသူများရှိနေကြောင်း မကြာခင်ရက်ပိုင်းက RFA မြန်မာသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

    မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းတာရှည်နေခြင်းကြောင့် ပြည်သူများ၏ စီးပွားရေးအပေါ် ထိခိုက်မှုရှိနေသည်ကို သိမြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြည်သူများအား အစီရင်ခံရာတွင် ပြောကြားခဲ့သည်။

    “အခု နိုင်ငံတော်ဘက်က ကြည့်လိုက်တဲ့အခါကျတော့ ကိုဗစ်ရောဂါ ဖြစ်တာ နည်းနည်းကြာလာတာ အထူးသဖြင့် ဒုတိယလှိုင်းပေါ့။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် စီးပွားရေး အရ ကျမတို့ ပြည်သူ တော်တော်များများမှာ ရုန်းကန်ရတဲ့ ဘ၀ ရောက်လာတယ်ဆိုတာ သတိပြုမိပါတယ်။ အဲဒါတွေအတွက်လည်း နိုင်ငံတော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လို နည်းတွေနဲ့ ပံ့ပိုးနိုင်မလဲဆိုတာ တချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်” ဟု ဆိုသည်။

    OVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မွန်ပြည်နယ်အတွင်းသို့ အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်တွင် အိမ်စီးယာဉ်များနှင့် Express ယာဉ်များကို သက်ဆိုင်ရာမှ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ကုန်တင်ကားများသာ သွားလာလျှက်ရှိသည်။

    မွန်ပြည်နယ်တွင် အောက်တိုဘာ ၂၇ ရက်နေ့ညပိုင်းအထိ ကိုဗစ်ရောဂါပိုးကူးစက်သူစုစုပေါင်း ၆၅၅ ဦး သေဆုံးသူ ၉ ဦးရှိကြောင်း၊ ဆေးရုံမှဆင်းလာသူ ၃၅၀ ဦးခန့်ရှိပြီး တစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးစက်သူစုစုပေါင်း ၄၇,၆၆၆ ဦး သေဆုံးသူ ၁,၁၄၇ ဦးနှင့် ဆေးရုံမှဆင့်ခွင့်ရှိသူ ၂၇,၃၇၃ ဦးရှိခဲ့သည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks