spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19တရုတ်နိုင်ငံသား ၃၃ ဦး တင်ဆောင်လာသည့် ယာဉ် ၄ စီးကို ဒုံသမိတံတားဂိတ်တွင်အရေးယူထား

    တရုတ်နိုင်ငံသား ၃၃ ဦး တင်ဆောင်လာသည့် ယာဉ် ၄ စီးကို ဒုံသမိတံတားဂိတ်တွင်အရေးယူထား

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ အောက်တိုဘာ ၂၁)

    မြဝတီမြို့မှလာသော တရုတ်နိုင်ငံသားများတင်ဆောင်လာသည့် မော်တော်ယာဉ် ၄ စီးကို သထုံမြို့အနီး ဒုံသမိတံတားရှိ ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်တွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားကြောင်း ဘားအံမြို့နယ် မြိုင်ကလေးရဲစခန်းမှ ရဲအုပ်ကိုကိုမြတ်ထံမှ သိရသည်။

    ထိုင်းနိုင်ငံမှ ပြန်လာသူများကို တင်ဆောင်လာသည့် Express ယာဉ်ပေါ်တွင် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံသား ၁၉ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၆ ရက်ကလည်း ယာဉ်သုံးစီးတွင် တရုတ်နိုင်ငံသား ၁၄ ဦးကို စစ်ဆေးတွေ့ရှိထားကြောင်း၊ အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း ရဲအုပ်ကိုကိုမြတ်က ပြောသည်။

    “သူတို့အားလုံးကတော့ ပြည်ဝင်ခွင့်အထောက်အထားတွေ အကုန် ပါတယ်ပေါ့။ ဒါပေမဲ့ ကိုဗစ် ၁၉ စစ်ဆေးတဲ့ ဆေးစစ်ချက် မပါတဲ့အတွက် သက်ဆိုင်ရာ လဝက ကနေပြီးတော့ သူတို့လာတဲ့နေရာ မြဝတီဆိုရင် အဲဒီမှာ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးဖို့အတွက် လဝက အစီအစဉ်နဲ့ ပြန်ပို့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါတရုတ်နိုင်ငံသား အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်ကာ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

    “ပြည်တော်ပြန်ဆိုပြီးတော့ မြဝတီမြို့ကနေ ရန်ကုန်ကို ပြန်ပို့တဲ့ကား၊ အဲဒီကားမှာ မြဝတီကနေပြီးတေ့ာ ငါးယောက်နဲ့ လာတာ၊ လမ်းမှာ ကား သုံးစီးကနေပြီးတော့ ကားပျက်နေလို့ဆိုပြီး အဲဒီတရုတ်တွေကို ထည့်ပေးလိုက်တယ်လို့တော့ ပြောတယ်။ ရန်ကုန် ပြည်တော်ပြန်ဆိုပြီး ကားပေါ်တက်ကြည့်တော့ တရုတ်တွေ တွေ့တာပဲ”ဟု ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးတင်လင်းစိုးက ပြောသည်။

    ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ၊ နိုင်ငံခြားသားများအနေဖြင့် မြို့နယ်ဖြတ်ကျော် သွားလာမည် ဆိုပါက ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးမှုထောက်ခံစာပါရှိမှ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ယင်းဂိတ်များတွင် ကုန်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားကြောင်း ၎င်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks