spot_img
Tuesday, November 12, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသော ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု မွန်ပြည်သစ်ပါတီဆို

    မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသော ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု မွန်ပြည်သစ်ပါတီဆို

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၁၂)

    မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ခွင့်ရနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာအနီးတဝိုက်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသော KNU/KNLA-PC တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးထားရာမှ အောက်တိုဘာလ (၁၁) ရက်တွင် နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

    ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင် အမှတ် ၄ တပ်ရင်း လှုပ်ရှားစစ်ကြောင်းနှင့် KNU/KNLA-PC တပ်ဖွဲ့အင်အား ၁၀ ဦးတို့သည် ပိုင်ရပ်ရွာလမ်းကြောင်းမှ မင်းရွာအဝင်လမ်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က ၁၅ မိနစ်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်ထိခိုက်မှုများမရှိကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ကွန်းစိုက်က ပြောသည်။

    “သူတို့လူ(KNU/KNLA-PC) ၂ ယောက်ကို စက်တင်ဘာ ၂၄ ရက်နေ့က ကျနော်တို့နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးတွေရော သေနတ်အတိုတွေနဲ့အတူ ကျနော်တို့ဖမ်းဆီးလိုက်တယ်၊ အခုကျနော်တို့ ဖမ်းထားတဲ့ “စောသူရ” ဟာ သူတို့အဖွဲ့ကနေ ထုတ်ပစ်ထားပြီလို့လည်း ငြိမ်းချမ်းရေးကောင်စီက  ကျနော်တို့ကိုပြောထားတယ်၊ မူးယစ်ဆေးဝါးလာရောင်းနေတဲ့ စောသူရကို ကျနော်တို့မွန်ပြည်သစ်နယ်မြေထဲ ဝင်ရောက်မလှုပ်ရှားဖို့ ငြိမ်းချမ်းရေးကောင်စီနဲ့ ကျနော်တို့ မနှစ်ကတည်းက ခံဝန်ချုပ်ရေးထားခဲ့တာရှိတယ်၊ စောသူရနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေက ကျနော်တို့မှာ တစ်ပုံကြီးရှိနေတယ်။ အဲဒီဖမ်းဆီးမှုကိုအကြောင်းပြုပြီးတော့ အင်အားနဲ့ ကျနော်တို့နယ်မြေထဲ ဝင်ရောက်လာတဲ့အတွက် မထင်မှတ်ဘဲ အခုလိုထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ယူဆတယ်” ဟု နိုင်ကွန်းစိုက်က ဆိုသည်။ 

    ယင်းသို့ ထိတွေ့ပစ်ခတ်ပြီးနောက် KNU/KNLA-PC တပ်ဖွဲ့တို့ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတဝိုက်အား မွန်ပြည်သစ်ပါတီက ဝင်ရောက်ရှင်းလင်းရာတွင် လက်နက်ကြီး လက်နက်ငယ်ထိမှန်ထားသော ထရပ်ကားအလွတ်တစ်စီးသာ တွေ့ရှိရကြောင်း ၎င်းကဆက်ပြောသည်။ 

    “ကိစ္စရှိလို့ကျနော်တို့နယ်မြေထဲ သူတို့တပ်ဖွဲ့တွေဝင်လာမယ်ဆိုရင် ကြိုတင်သတင်းပို့ဖို့ မကြာသေးခင်က အစည်းအဝေးမှာ ပြောဆိုခဲ့တာရှိပါတယ်၊ သူတို့အဖွဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ မနေ့ညက မင်းရွာမှာ ဝင်အိပ်နေတာရှိတယ် ဒါလည်း တစ်စုံတစ်ရာ အသိအမှတ်ပြု အကြောင်းကြားခဲ့တာမရှိပါဘူး၊ နောက်တစ်ဖွဲ့ အင်အား ၁၀ ယောက်လောက်က ပိုင်ရပ်ကနေ မင်းရွာဘက်ကို လက်နက်ယူနီဖောင်းအပြည့်အစုံနဲ့ ကားနဲ့အလာ ရွာအဝင်အနီးမှာ အခုလို ထိတွေ့ပစ်ခတ်ကြတာဖြစ်တယ်” ဟု နိုင်ကွန်းစိုက်က ဆိုသည်။  

    ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ မွန်ပြည်သစ်ပါတီနှင့် KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိပုဂ္ဂိုလ်များက စောသူရကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထို့အတူ KNU/KNLA-PC တပ်ဖွဲ့များ မွန်ပြည်သစ်ပါတီနယ်မြေသို့လာရောက်လိုပါက ကြိုတင်အကြောင်းကြားရန် ပြောဆိုမှုများရှိကြောင်း ၎င်းက ဆိုသည်။

    ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၆၉၉ တပ်ခွဲ(၄) မှအရာရှိ စောငွေထွန်းက “ကောင်လေး ၃ ယောက် မနေ့က (မင်းရွာ) ကျန်နေတာ ဟိုကနေလာကြိုတယ် သတင်းလည်းပေးထားတယ် ရွာလူကြီးကိုလည်း ပြောထားတယ် မွန်ပြည်သစ်ကို ဆက်မရတော့ မွန်ငြိမ်း(မွန်လက်နက်ချအဖွဲ့) ကို သတင်းပို့ထားတာပေါ့ လူလာပြန်ခေါ်တာပေါ့ သူတို့လာတာတစ်ယောက်နှစ်ယောက်ပါပဲ လာပြီးတော့ ရန်ရှာတာမဟုတ်ဘူး” ဟု ဆိုသည်။

    ယင်းသို့ထိတွေ့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် လက်နက်ကြီးထိမှန်ခဲ့သော မိမိတို့မော်တော်ကားတစ်စီး ပြန်လည်ရရှိမည်ဟု မျှော်လင့်ကြောင်း၊ ပစ်ခတ်မှုများပြန်လည်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ကားသွားပြန်ယူရန် မိမိတပ်ဖွဲ့အား လောလောဆယ်၎င်းနေရာသို့ မသွားရန် တားမြစ်ထားကြောင်း စောငွေထွန်းက Men3 မွန်သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

    အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ နှစ်ဖက်ခေါင်းဆောင်များ မော်လမြိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု စုံစမ်းသိရှိရသည်။  

    ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ထိန်းချုပ်ခွင့်ရ မွန်ကျေးရွာများတွင် အစိုးရထံလက်နက်ချအလင်းဝင်ထားသော ကရင်နှင့်မွန် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့က  မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုများ ပြုလုပ်နေကြောင်း၊ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ Stay at Home ကာလတွင် မူးယစ်ဆေးဝါရောင်းဝယ်ဖြန့်ဖြူးမှု ပိုမိုများပြားလာသည်ကို ဖမ်းဆီးစစ်ဆေးမှုများအရ သိရှိရကြောင်း မွန်ပြည်သစ်ပါတီတာဝန်ရှိသူများက ပြောသည်။ 

    ၂၀၁၂ ခုနှစ် အစိုးရနှင့် မွန်ပြည်သစ်ပါတီသဘောတူညီချက်စာချုပ်အရလည်းကောင်း၊ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ၁၉၉၅ အပစ်ရပ်သဘောတူညီချက်အရလည်းကောင်း ကော့ကရိတ်မြို့နယ် မင်းရွာ (မပညခန့်မှန်း-S 519024) အား မွန်ပြည်သစ်ပါတီ သထုံခရိုင်တပ်ရင်း တပ်တည်ခွင့်ပြုထားပြီး ၅ မိုင်အချင်းဝက်ဧရိယာအတွင်းရှိ ကျေးရွာများအကျုံးဝင်ကြောင်း ငြိမ်းချမ်းရေးမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,100SubscribersSubscribe
    spot_img

    Latest posts