spot_img
Friday, May 3, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ မေးမြန်းချက်‌ဝန်းရံချင်တဲ့ ပြည်သူတွေကို ထွက်မလာဖို့ ပြောတဲ့နေရာမှာ ကျွန်မတို့အတွက် အရမ်းကိုခက်ခဲပါတယ်

    ဝန်းရံချင်တဲ့ ပြည်သူတွေကို ထွက်မလာဖို့ ပြောတဲ့နေရာမှာ ကျွန်မတို့အတွက် အရမ်းကိုခက်ခဲပါတယ်

    -

    ရန်လင်းအောင် (MNA)

    မွန်ညီညွတ်ရေးပါတီ၏ အမျိုးသမီးကိုယ်စားလှယ်လောင်း မိယဉ်ယဉ်နုနှင့် တွေ့ဆုံခြင်း

    မွန်ပြည်နယ်သည် NLD ပါတီအားကောင်းသည့် ပြည်နယ်များထဲမှတစ်ခုဖြစ်သည်။ ၎င်းပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် NLDအား ကျော်လွန်၍ အနိုင်ရရန်မှာ ရာခိုင်နှုန်းနည်းလွန်းလှဟု ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကြည့်မည်ဆိုပါက မွန်ပြည်နယ်တွင် NLD အနေဖြင့် ပြည်သူ့လွှတ်တော် ၁၀ နေရာတွင် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ၁၁ နေရာ၊ ပြည်နယ်လွှတ်တော် နေရာ ၂၀ တွင် ၁၆ နေရာ အနိုင်ရထားသည့် ရလဒ်အရ မွန်ပြည်နယ်သည် NLD အားကောင်းသည့် ပြည်နယ်တစ်ခုဖြစ်နေသည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြို်ငမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မည်သည့်ရွေးကောက်ပွဲကတိများဖြင့် NLD အား ယှဉ်ပြိုင်သွားမလဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်နေသည့်အပြင် ရွေးကောက်ပွဲမဲဆွယ်ကာလ အခက်အခဲအကျပ်အတည်းများနှင့် ပတ်သက်၍ သိရှိစေရန် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်း မိယဉ်ယဉ်နု (ခ) မိကျဝ်ကျဝ်ညီအား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

    မေး။    ။ ပြည့်သူလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆန္ဒရှင်တွေကို ဘယ်လိုမျိုး ကတိကဝတ်တွေ ပေးထားလဲ။

    ဖြေ။    ။ ကျွန်မကို မဲပေးရင် ပြင်ဆင်ထားတာ အများကြီး ရှိပါတယ်ပေါ့။ အဓိကက ကျွန်မတို့ ပေါင်မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေက တောင်ခြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဖြစ်တယ်။ နောက်တစ်ခုက ပင်လယ်နား နီးတဲ့ ပြည်သူတွေရှိတာပေါ့နော်။ အဓိကက ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်။ နောက်တစ်ခုကတောင်ခြေမှာရှိတဲ့ ပြည်သူတွေ အတွက်ပေါ့နော်။ သဘာဝဘေး အန္တရာယ်တွေ မကျရောက်အောင် အစီအမံတွေ အများကြီး ရှိပါတယ်။ ကျွန်မအနေနဲ့လည်း အစီအမံတွေရှိသလို ကျွန်မတို့ ပါတီ အနေနဲ့လည်းအများကြီး ရှိပါတယ်။

    မေး။    ။ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေဆိုတော့ ဘယ်လိုအရာတွေကို လုပ်ဆောင်သွားမလဲ။

    ဖြေ။    ။ ကျွန်မတို့ ဖွံဖြိုးရေး ကဏ္ဍကို ပြောတဲ့ နေရာမှာ နှစ်ပိုင်းရှိတယ်ပေါ့။ ပထမ တစ်ပိုင်းက လူ့အစွမ်းအား ရင်းမြစ်တွေ တိုးတက်ဖို့ လိုတယ်။ နောက်တစ်ပိုင်းက ဒေသမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ ကျွန်မတို့ ဒေသက လယ်ယာလုပ်ငန်းတွေ အများဆုံး လုပ်ကိုင်တဲ့ဒေသဖြစ်တဲ့ အခါကျတော့ လုပ်ကိုင်နေတဲ့ လယ်သမားတွေ အတွက် အဆင်ပြေအောင် နှစ်သီးစား စိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာမြေ ကိစ္စတွေ ချောင်းမြောင်း ကိစ္စတွေကို လုပ်ဖို့ အစီအမံတွေ ရှိပါတယ်။ နောက်တစ်ခုက လူ့အစွမ်းအား ရင်းမြစ် နေရာမှာ အသက်မွေးဝမ်းကြောင်း တစ်ခုခု လုပ်မယ်။ ဒါမှမဟုတ် စီးပွားရေး တစ်ခုခု လုပ်မယ်ဆိုရင် ကျွန်မတို့နဲ့ ကိုက်ညီတဲ့ ပညာရေးကို သင်ကြားဖို့ လိုတယ်။ နောက်ပြီးတော့ အသက်မွှေးဝမ်းကြောင်း ပညာတွေကို လေ့လာဖို့ လိုတယ်။ အခု စိုက်နေတဲ့ လယ်ယာတွေကျတော့ ရာသီဥတုက ဖောက်ပြန်တယ်။ ဒီအခါကျတော့ အချိန်မီ လယ်ယာသိမ်းဆည်းနိုင်အောင် ခေတ်မီစက်ပစ္စည်း နည်းပညာတွေနဲ့ ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့ အရင်းအ မြစ်တွေ အများကြီး လိုပါတယ်။ဒါတွေကို လုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။

    မေး။    ။ အခုမဲဆွယ်စည်းရုံးရေးမှာ နိုင်ငံရေးပါတီတော်တော်များများ ပြောနေတာရှိတယ်။ အထူးသဖြင့်ကိုဗစ် ပတ်သက်တဲ့ ကန့်သတ်ချက်ကြောင့် မဲဆွယ်ရေး အခက်အခဲဖြစ်နေကြတယ်ပေါ့။ အဲအခြေအနေအပေါ် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။

    ဖြေ။    ။ အခုအချိန်မှာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခက်အခဲဖြစ်နေတယ်ပေါ့။ကိုဗစ်ကပ်ရောဂါဆိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ကျွန်မတို့ မြို့နယ် ကျွန်မအနေနဲ့ ကလည်း အခက်အခဲတွေ အများကြီး ရှိပါတယ်။ ပြည်သူတွေက ချစ်လို့ ဝန်းရံချင်ပေမယ့်လည်း သူတို့အတွက် ကျန်းမာရေး ကိစ္စတွေ အသက်အိုးအိပ် စည်းစိမ်တွေ အတွက် ကျွန်မတို့ စိတ်ပူတယ်။ မဲဆွယ်စည်းရုံးရေးတွေမှာ မလိုက်ပါဖို့ အတွက် ကျွန်မတို့ တောင်းပန်ထားရတယ်။ အဲ့ဒီလို ဝန်းရံချင်တဲ့ ပြည်သူတွေကို မထွက်လာဖို့ပြောတဲ့ နေရာမှာ ကျွန်မတို့ အတွက် အရမ်းကို ခက်ခဲပါတယ်။

    မေး။    ။ ပေါင်မြို့နယ်က သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ရှိရင် တော်တော်ခံနေရတဲ့ မြို့နယ်ဖြစ်တယ် မနှစ်ကဆိုလည်း သဘာဝဘေးကြောင့် ထိခိုက်မှုတွေများခဲ့တယ်။ တကယ်လို့ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် ကိုယ့်မြို့နယ်ရဲ့ ဘေးအန္တရာယ်အတွက် ဘာတွေလုပ်ပေးနိုင်မလဲ။

    ဖြေ။    ။ ကျွန်မတို့ ပေါင်မြို့နယ်ရဲ့ လက်ရှိအနေအထားက ကျွန်မတို့ ငယ်ငယ်တုန်းကနဲ့တောင် မတူတော့ဘူးပေါ့နော်။ ငယ်ငယ်တုန်းက သဘာဝ ဘေး ကျရောက်ဖို့တောင်မှ တစ်ခါမှ မစဉ်းစားဖူးဘူးပေါ့နော်။ ဘာလို့လဲရှိရင် တောင်တန်းတွေနဲ့ ပင်လယ်တွေနဲ့ ပျော်မွေ့နေပြီး တိုင်းရင်းသား လူမျိုးများနဲ့ အတူ နေထိုင်တာဖြစ်တယ်။ အဓိက လက်ရှိက တောင်တန်းတွေပေါ့။ အဓိကက ကျောက်မိုင်းကိစ္စပေါ့။ကျောက်မိုင်း တွေက သဘာဝ အလှကိုလည်း ဖျက်စီးတယ်။ နောက်တစ်ခုက တောတောင် အလှအပ သယံဇာတတွေ ဖြစ်တဲ့ သစ်ပင်တွေ ခုတ်ထွင်တာတို။ ပြန်မရနိုင်တော့တဲ့ သယံဇာတတွေကို စည်းကမ်းမဲ့ ခုတ်နေတာလား။ နိုင်ငံတကာ တင်ပို့မှုအတွက် ခုတ်နေတာလား ဆိုတာ ကျွန်မတို့ စိစစ်မယ် စိစစ်ပြီး ဆိုလို့ရှိရင် လိုအပ်တဲ့ ဥပဒေပြဌာန်းတွေကို ပြင်ဆင်ဖို့ လိုလို့ရှိရင် ပြင်မယ်ပေါ့နော်။ အဓိက ကျွန်မတို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက အရမ်း အရေးကြီးတယ်ပေါ့။ နောက်တစ်ခုက တောင်တောက်လျှောက်က အရမ်းနာမည်ကြီးနေတဲ့ ဇင်းကျိုက်တောင်၊ ကုလားမတောင်က တကယ့်နာမည်ကြီးတဲ့ ရှေးဟောင်း အမွေအနှစ်တွေ အများကြီးရှိတဲ့နေရာ ဖြစ်တယ်။ နောက်တစ်ခုက သစ်မြစ် သစ်ဖုတွေနဲ့ တိုင်းရင်းဆေး ဖော်တဲ့ နေရာမှာ လိုအပ်တာတွေကို ဒီတောင်တွေကနေ အများကြီး ရနိုင်တယ် အခါကျတော့ ခုလိုမျိုး ကျောက်မိုင်းဖြစ်သွားတဲ့ အခါကျတော့ ကျောက်ထုတ်လိုက် ခြင်းအားဖြင့် ပြန်မရနိုင်တော့ဘူး။ အရင်လို ပြန်မဖြစ်နိုင်တော့ဘူး။ အဲ့ဒါတွေကို ဥပဒေနဲ့အညီ ကာကွယ်ဖို့ စဉ်းစားထားတာ ရှိပါတယ်။

    မေး။    ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွတ်ပြီး ဘာများ ပြောချင်တာ ရှိပါသလဲ။

    ဖြေ။    ။ မဲဆန္ဒရှင် ပြည်သူတွေကို ပထမဦးဆုံး ကျန်းမာရေး ဂရုစိုက်ကြပါ။ မကြာခဏ လက်ဆေးကြပါ။ ကျန်းမာရေးနဲ့ အညီလည်း နေထိုင်ကြပါ။ ရွေးကောက်ပွဲ ကျင်းပတဲ့ အခါကျရင် ကျွန်မတို့ကို ဝန်းရံပေးဖို့ ကျွန်မတို့ကို မဲထည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့က ဒီမြို့နယ် ရပ်ရွာရဲ့ ဒေသခံပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts