ဗညားစိုင်း(အောက်တိုဘာ ၁၀)
ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု များပြားလာသဖြင့် လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး လှုပ်ရှားမှုတစ်ရပ်ကို ရေးမြို့အခြေစိုက် မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ MACDO က အောက်တိုဘာလ (၆) ရက်နေ့မှစ၍ ၃ ရက်ကြာလှုပ်ရှားခဲ့သည်။
မူးယစ်းဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် ဝိုင်းဝန်းကူညီပေးရန်၊ ကပ်ရောဂါဖြစ်ပွားအချိန် အခွင့်ကောင်းယူပြီး မူယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုများအား သက်ဆိုင်ရာသို့ သတင်းပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း MACDO ဒါရိုက်တာ မိမာလာမွန် (မိဖြူ)က ပြောသည်။
“ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဒီလှုပ်ရှားမှုကို ကျမတို့ လူအင်အားက (၂၀) ဝန်းကျင်လောက်ပဲရှိတယ်။ ဖာလိန်ဒေသက မွန်လူငယ်တွေနဲ့ ပူးပေါင်းပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်၊ လှုပ်ရှားမှု (၃) ရက်တာအတွင်းမှာ (၄) နေရာရောက်ခဲ့တယ်။ ရေးမြို့ ပေါ်က အောင်ရပ်ကွက် (၃) ရပ်ကွက်၊ ဈေးကြီး၊ ရွှေဆံတော်ဘုရားရှေ့ နဲ့ အဏ္ဏဝါရပ်ကွက်မှာ ဖြစ်တယ်" ဟု မိမာလာမွန် ဆက်ပြောသည်။
အလားတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလှုပ်ရှားမှုကိုလည်း တချိန်တည်းပြုလုပ်ခဲ့ရာ လက်ကမ်းစာစောင် (၇၀၀) စောင်ခန့် လိုက်လံဖြန့်ဝေနိုင်ခဲ့ကြောင်း၊ မြို့ပေါ်ရှိ အစိုးရအဖွဲ့အစည်းဌာနများမှလည်း ပါဝင်လာကြောင်း၊ ရဲများလည်း ပါဝင်ကူညီလာကြောင်း သိရသည်။
အောင်သုခဈေးဆိုင်ရှင် နိုင်အောင်ဇော်မိုး (နာဲအးစရာဲ) က “ဒီလှုပ်ရှားမှု ပြုလုပ်ရာမှာ အရမ်းကိုကောင်းပါတယ်၊ ဒါမယ့် ထိရောက်မှုမရှိဘူးလို့ မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့နေရာမှာ ဖတ်မယ့်သူနည်းနေတယ် ဖတ်တဲ့သူတွေကလည်း လေးလေးနက်နက်မရှိဘူးလို့ မြင်တယ်၊ အရင်နှစ်ကဆို နယ်တွေသွားပြီး သင်တန်းတွေပို့ချတာမျိုး ရှိတယ်၊ အခုတော့ ကိုဗစ်ရောဂါကြောင့်လဲ ဖြစ်နိုင်တယ်၊ အကယ်၍ ဗီဒီယိုကလစ်တစ်ခု ပြုလုပ်ပြီး မူးယစ်ဆေးဝါးစွဲလန်းသူတွေကို ဆိုးကျိုး ဘယ်လိုဖြစ်နိုင်တာတွေ၊ မိဘတွေကြည့်နိုင်ရင် ပိုပြီးသတိပြုလာကြမှာ ဖြစ်တယ်၊ နောက်ပြီး သူတို့ Facebook စာမျက်နှာပေါ် တင်ပြီး ကြည့်သူရော၊ မျှဝေသူလည်း များမယ်လို့ ထင်တယ်” ဟု သုံးသပ်ပြောကြားသည်။
ယမန်နှစ် နိုဝင်ဘာလတွင်လည်း MACDO က ဦးဆောင်ပြီး ရေးမြို့ပေါ်တွင် လူငယ်အင်အား ၁၀၀ ကျော်ပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုကန်ပိန်းနှင့် လူငယ်များအတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးရေးသင်တန်း နှင့် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။