spot_img
Saturday, May 18, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအတွက် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းထုတ်ပြန်

    ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအတွက် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၈)

    မကြာမီကျင်းပမည့် ၂၀၂၀ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် EAOs ထိန်းချုပ်ရာဒေသများနှင့် ကျေးလက်နေပြည်သူတို့၏ မဲပေးပိုင်ခွင့်အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် မီးမောင်းထိုးဖော်ပြထားသည့် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အမည်ရှိ အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom က ယနေ့(အောက်တိုဘာ ၈) တွင် ထုတ်ပြန်လိုက်သည်။

    “၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးတဲ့နောက်ပိုင်း အခုရွေးကောက်ပွဲက ၃ ကြိမ်မြောက်ဖြစ်တာပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မဲဆန္ဒရှင်တစ်ဝက်လောက်ပဲ မဲလာပေးကြတယ်၊ ဒီအရေအတွက်က နည်းတယ်လို့ပြောရမယ်၊ သူတို့က အပြောင်းအလဲကို လိုလားပေမယ့် ဘာလို့ရွေးကောက်ပွဲမှာ မဲမပေးကြတာလဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို သေသေချာချာ သိရှိပြီးတော့ လက်တွေ့ကျတဲ့ဖြေရှင်းမှုတွေ ပြုလုပ်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီအစီရင်ခံစာကို လုပ်ဖြစ်တာပါ” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    အထူးသဖြင့် အဆိုပါဖယ်ကြဉ်ခံအုပ်စုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ဒေသနေ ပြည်သူများ၊ ကျေးလက်နေ အမျိုးသမီးများ၊ စာတတ်မြောက်နှင့်အသိပညာနည်းပါးသည့် သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၊ ပထမဆုံးမဲပေးကြမည့် လူငယ်များနှင့် အခြားနည်းဖြင့် သန်စွမ်းသူများ၏ ရွေးကောက်ပွဲဆိုင်ရာအခက်အခဲများနှင့် စိန်ခေါ်မှုများကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြထားခြင်း ဖြစ်သည်။

    နိုင်အဲမွန်က “မူဝါဒပိုင်းဆိုင်ရာတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကျနော်တို့တိုက်တွန်းလိုတာက နိုင်ငံသားဆိုင်ရာအခွင့်အရေးအတွက် နိုင်ငံသားတိုင်း သူတို့ယုံကြည်ကိုးစားတဲ့ နိုင်ငံရေးပါတီကို မဲထည့်ခွင့်ပေးသင့်တယ်လို့ ကျနော်တို့မြင်တယ် ဒါမှလည်း ဒီမိုကရေစီနည်းလမ်းကျတဲ့ အုပ်ချုပ်မှုတစ်ခုအောက်မှာ ရှိနေတဲ့အနေအထားအဖြစ် ထင်သာမြင်သာရှိအောင် ကျနော်တို့ဖော်ပြနိုင်မှာဖြစ်တယ်”ဟု မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားသည်။

    တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ရာဒေသတွင်းရှိ သာမန်ပြည်သူလူထုများအနေဖြင့် နိုင်ငံသားဖြစ်မှု သက်သေခံအထောက်အထား လက်ဝယ်ရရှိစေရေးအပြင် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် သက်ဆိုင်သည့်ဒေသန္တရ (သို့မဟုတ်) ပြည်နယ်/တိုင်းဒေသကြီးအစိုးရအကြားတွင် မူဝါဒတိတိကျကျ သတ်မှတ်ထားခြင်း မတွေ့ရကြောင်း ၎င်းက ပြောသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း မဲရုံဖွင့်လှစ်ထားရှိခွင့်မပြုသော်လည်း ဒေသခံပြည်သူများအား သက်ဆိုင်ရာမဲရုံသို့ သွားရောက်ပြီး လွတ်လပ်စွာ မဲပေးခွင့်ပြုထားကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဗဟိုနိုင်ငံရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးက “ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့ဟာ သူ့ဆီမှာ အိမ်ထောင်စုစာရင်းပုံစံ ၁၀ နဲ့ မှတ်ပုံတင်ရှိရင် သူတို့ စိတ်ကြိုက် မဲသွားထည့်လို့ရတယ် သူတို့ကိုတော့ မပိတ်ပင်ဘူး သူတို့အခွင့်အရေးဆိုတော့ မဲသွားထည့်ဖို့ ခွင့်ပြုပါတယ်” ဟု ဆိုသည်။

    ထို့အတူ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိသူ ရွာသား ၂ ထောင်ဝန်းကျင်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားပြီး လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအမီ မှတ်ပုံတင်ပြုလုပ်ပေးရန် မွန်ပြည်သစ်ပါတီက လိုလားကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

    လတ်တလော မွန်ပြည်နယ်တွင် မဲထည့်ရမည့်လူဦးရေ ၅ သောင်းကျော် မှတ်ပုံတင်မရှိဖြစ်နေပြီး Covid 19 ကြောင့် ရွေးကောက်ပွဲအမီ မှတ်ပုံတင် ပြုလုပ်ရန် အချိန်မမီတော့ကြောင်း၊ ရွေးကောက်ပွဲ မဲထည့်နိုင်ရန်အတွက် ထောက်ခံစာ ပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (မွန်ပြည်နယ်) ထံ တရားဝင် စာပို့ထားသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ပြောကြားခဲ့သည်။

    ထို့အပြင် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာက ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်၍ လူဦးရေနှင့် မဲစာရင်းဆိုင်ရာအချက်အလက်များ တိကျမှန်ကန်မှုအားနည်းနေခြင်း၊ လမ်းပန်းဆက်သွယ်သွားလာရေးခက်ခဲခြင်း၊ မဲရုံများဝေးကွာလွန်းနေခြင်းအပြင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနှင့် ယုံကြည်မှုအားနည်းနေခြင်းများကိုလည်း မှတ်တမ်းပြုဖော်ပြကာ သက်ဆိုင်ရာအစုအဖွဲ့များကို အကြံပြုထားကြောင်း တွေ့ရသည်။

    “လွတ်လပ်မျှတ ဆောင်ရွက်ကြ” ဆိုသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဖယ်ကြဉ်ခံရမှုမရှိဘဲ အားလုံးတန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းမျိုးရှိရန်၊ သက်ဆိုင်သူအားလုံးအနေဖြင့် အစီရင်ခံစာတွင် ဖော်ပြပါရှိသော စိုးရိမ်ပူပန်မှုများ၊ အခက်အခဲစိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေနိုင်ခြင်းဖြင့် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်သွားနိုင်မှသာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၏အနှစ်သာရကို ဖော်ဆောင်နိုင်သည့်အပြင် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကိုပါ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း Hurfom က ဆက်လက်တိုက်တွန်းထားသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom သည် မြန်မာနိုင်ငံဒီမိုကရေစီရေး၊ စစ်မှန်သောငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်မှုများ၊ ပညာပေးအစီအစဉ်များ၊ သတင်းအချက်အလက်များနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းများ ပုံမှန်ဆောင်ရွက်နေသည့် မွန်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts