ရန်လင်းအောင် (မော်လမြိုင်၊ အောက်တိုဘာလ ၇)
စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများ အတွင်းတွင် မဲဆွယ်စည်းရုံးခြင်းနှင့် စည်းရုံးဆွဲဆောင်ပြုမှု ဆောင်ရွက်ခြင်းများ မပြုရန် ရေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့က အောက်တိုဘာလ ၆ ရက်နေ့တွင် စာထုတ်ကန့်သတ်လိုက်သည်။
စျေးထဲတွင် ဆိုင်ခန်းပိုင်ရှင်များက ဆောင်းဘောက်(စ်) အသံချဲ့စက်ဖြင့် အော်ဟစ်ဆူညံခြင်းများကို ပြုလုပ်တာကြောင့် စာထုတ်ကန့်သတ်လိုက်ရတာ ဖြစ်သည်ဟု ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က ပြောသည်။
“အော်ဟစ်ကခုန်တယ် လုပ်ကြတယ်ပေါ့ လုပ်တော့ ပတ်ဝန်းကျင်တွေကလည်း တိုင်တာပေါ့နော် အဲလိုမလုပ်ဖို့ တားလိုက်တာပါ စျေးဆိုင်ခန်းက စျေးပဲ ရောင်းရမှာလေ ဒီချိန် ကိုဗစ်ကလည်း လူစုလူဝေး လုပ်လို့ မရဘူးလေ ကော်မရှင်ကလည်း စျေးတွေမှာ မဲဆွယ်ဖို့ ခွင့်မပြုထားဘူး ခင်ဗျာ” ဟု ၎င်းကဆိုသည်။
စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ယခုလို ကန့်သတ်တာကို မပြုလုပ်သင့်ဘဲ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေဘူးဆိုလျှင် ကြိုက်နှစ်သက်သည့် ပါတီ၏ အလံ၊တံဆိပ်ကို လွတ်လပ်စွာ ကပ်ခွင့်ရှိသည်ဟု ရေးမြို့နယ် ဒေသခံ ကိုဖိုးဇော်က ဆိုသည်။
“ဒီဟာက စည်ပင်ဧရိယာ စည်ပင် အပိုင်ဖြစ်ပေမယ့် သူ့ဆိုင်မှာ သူကြိုက်တဲ့ ပါတီရဲ့ အလံ တံဆိပ်တွေ သူကြိုက်သလို သူကပ်ပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်မြင်တယ် သူများကို သူမနှောင့်ယှက်ဘူးဆိုရင်ပေါ့နော်” ဟု၎င်းကဆိုသည်။
စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ယခုလို ကန့်သတ်တာဟာ အာဏာရ ပါတီအပေါ် ဘတ်လိုက်မှုများ ရှိနေမလားလို့ ကိုဖိုးဇော်က မေးခွန်းထုတ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စျေးနှင့် ရုံးများတွင် မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း နိုင်ငံရေးပါတီများကို ညွှန်ကြားထားတာကြောင့် မိမိတို့၏ ဧရိယာဝင်းတွင် မလိုလားအပ်သည့် ပြသနာများ မဖြစ်ရန်သာ တားမြစ်ရတာ ဖြစ်သည်ဟု ဦးကိုကိုနိုင်က တုန့်ပြန်သည်။
“စျေးထဲမှာ မဟုတ်ဘဲနဲ့ဗျာ ရွာထဲမှာ မြို့ထဲမှာ အားလုံး မဲဆွယ်စည်းရုံးနေကြတာပဲ အုပ်စုဖွဲ့ပြီးတော့ အဲ့အပေါ်မှာ ကျွန်တော်တို့ ဘာမှ ဝေဖန်ခွင့်မရှိဘူး ကျွန်တော်တို့က ကျွန်တော်တို့စျေး ဧရိယာ ဝင်းထဲမှာ မလိုလား အပ်တဲ့ ပြသနာတွေ မဖြစ်စေချင်ဘူးဗျာ” ဟု ၎င်းကဆိုသည်။
ရေးမြို့နယ်တွင် မွန်ပြည်နယ်၏ တောင်ပိုင်းတွင် တည်ရှိပြီး မွန်လူမျိုးများ အများဆုံး နေထိုင်သည့် မြို့နယ်လည်း ဖြစ်သည်။
ယင်အပြင် မွန်ပြည်နယ်အတွင်းရှိ သဘင်အနုပညာသမားများကိုလည်း မဲဆွယ်စည်းရုံးရေးတွင် ကပြပြီး စည်းရုံးမည်ဆိုပါက တရားဥပဒေအတိုင်း ဆောင်ရွက်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟု မွန်ပြည်နယ် သဘင်အစည်းအရုံးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။