spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးUPC သဘောတူညီချက်များတွင် ဖက်ဒရယ်ပုံစံ ဘယ်နှစ်ခုပါသနည်းဟု KNPP ခေါင်းဆောင် မေးခွန်းထုတ်

    UPC သဘောတူညီချက်များတွင် ဖက်ဒရယ်ပုံစံ ဘယ်နှစ်ခုပါသနည်းဟု KNPP ခေါင်းဆောင် မေးခွန်းထုတ်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၂၃)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC (၄) ကြိမ်ကျင်းပပြီးစီးခဲ့သည်ဆိုသော်လည်း ဖက်ဒရယ်ပုံစံဖြင့် သွားနိုင်မည့် သဘောတူညီချက်များ ဘယ်နှစ်ခုပါသနည်းဆိုသည့် မေးခွန်များစွာ ရှိနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူဦးရယ်က ယမန်နေ့က Online အခမ်းအနားတစ်ခုတွင် ပြောဆိုလိုက်သည်။

    မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ ENAC က ထုတ်ဝေသည့် “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ” စာတမ်းမိတ်ဆက်ပွဲ Online အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပခဲ့ရာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒုဥက္ကဌက ယင်းသို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

    ခူဦးရယ်က “အခုကျနော်တို့ NCA ဆိုတာက တကယ်တန်းပြောရရင် ငြိမ်းချမ်းရေးပြောဖို့ နိုင်ငံရေးစကားဝိုင်း ဖြစ်ဖို့အတွက် တံခါးပေါက်တွေ ဖွင့်တော့ဖွင့်ထားပေးတယ် ဖွင့်ထားတာမှ အကုန်လုံး ရာခိုင်နှုန်းဖွင့်ထားပေးတာမဟုတ်ဘူး တစ်ပိုင်းတစ်စပဲဖွင့်ထားတာ ၅၀-၅၀ စီပဲဖွင့်ထားတာ အဲဒီတော့ ဆွေးနွေးသမျှအကြောင်းအရာတွေကိုလည်း UPC လို့ ကျနော်တို့ပြောကြတဲ့ ငြိမ်းချမ်းရေးညီလာခံ ကနေ သဘောတူညီချက်တွေယူပြီး လွှတ်တော်ကို သွားမယ့်ပုံစံ ကျနော်တို့က အဲဒီအခင်းအကျင်းကို တင်ပြတယ် ဒါပေမယ့် တကယ်တန်း အခု ၄ ကြိမ် UPC ဖြစ်သွားပြီပေါ့ ကြည့်လိုက်ပါ ကျနော်တို့ဖက်ဒရယ်ပုံစံနဲ့ သွားနိုင်မယ့်သဘောတူညီချက်တွေက အခိုင်အမာ ဘယ်နှစ်ခုပါသလဲလို့ မေးခွန်းအများကြီးရှိတယ်”ဟု ဆိုသည်။

    NLD အစိုးရလက်ထက် ကယားပြည်နယ်တွင် နောက်ထပ်တည်ဆောက်မည့် နမ့်တဘက်ချောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသည့် ပူးပေါင်းမှုကိုမတွေ့ရသလို ယခင့်ယခင်အစိုးရလက်ထက်အဆက်ဆက်က ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်း အဓိကအသုံးပြုနေသည့် လောပိတရေအားလျှပ်စစ် ဓာတ်အားလိုင်းမှ ကယားပြည်နယ် မီးမရခဲ့သည့်အကြောင်း ၎င်းက ဆက်လက် ထောက်ပြခဲ့သည်။

    “ပြောရရင်တော့ ကျနော်တို့ KNPP ရဲဘော်ရဲဘက်တွေလည်း ပါမှာပေါ့ဗျာ၊ ရန်ကုန်ဘက်ကိုသွယ်တန်းတဲ့လမ်းပိုင်းတွေကို အလျှဉ်းသင့်ရင် ဓါတ်တိုင်တွေကိုသွားရောက်ဖောက်ခွဲတာတွေ လုပ်တဲ့အစဉ်အလာလည်းရှိခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီနစ်နာဆုံးရှုံးမှုတွေကြောင့် လူထုကိုယ်စားမခံမရပ်နိုင်လို့ ဟိုဖက်က(အစိုးရ) ပြောရင်တော့ အဖျက်အမှောင့်လုပ်ငန်းပေါ့နော် ကျနော်တို့ဖက်ကတော့ အဖျက်အမှောင့်ရယ်လို့တော့ မခံစားဘူးပေါ့ ကျနော်တို့ရဲ့နစ်နာဆုံးရှုံးမှုကို ဒီနည်းနဲ့ ကျနော်တို့ လုပ်မှ လူသိသူသိ လူမြင်သူမြင်ဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်ပါ”ဟု ခူဦးရယ်က ဆိုသည်။

    ထို့ပြင် မိမိဒေသကထွက်ရှိသည့် လောပိတလျှပ်စစ်ဓါတ်အားကို ကယားပြည်သူများ အသုံးပြုခွင့်မရှိသည့်အပေါ် မခံမရပ်နိုင်ဖြစ်ရကြောင်း၊ စက်ရုံလုံခြုံရေးအတွက် ဒေသခံအရပ်သားများကို လုံခြုံရေးစောင့်ခိုင်းခြင်း၊ အစိုးရဖက်က လုံခြုံရေးအတွက် ဗုံးထောင်ထားပြီး ဓါတ်တိုင်ကိုအခမဲ့စောင့်ပေးရသော ရွာသားများဗုံးနင်းမိသူက ဗုံးတန်ဖိုးပြန်လျော်ပေးခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများခံစားခဲ့ရကြောင်း အတိတ်ဖြစ်စဉ်များကို ခူဦးရယ်က ပြန်လည်ပြောပြသည်။

    ထို့အတူ ကချင်ပြည်နယ်က လျှပ်စစ်ဓာတ်အားပေးရုံတစ်ခု၏ လုံခြုံရေးအခြေအနေကို အခြေတည်၍ ၁၇ နှစ်ကြာ KIO အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ပျက်ပြယ်သွားခဲ့ပြီး အခြားတိုင်းရင်းသားဒေသများတွင် စစ်ပွဲများထပ်မံဖြစ်ပွားပါက ပြည်ထောင်စုကြီး ပြိုကွဲနိုင်တဲ့ အန္တရယ်ရှိလာနိုင်ကြောင်း “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ” စာတမ်းရေးသားပြုစုသူ သုတေသီ ဦးဇော်လတ်က ဆိုသည်။

    “အဆိုးဆုံးပြောရရင် Fail State ပေါ့နော် အုပ်ချုပ်ရေးယန္တရားတွေ လုံးဝပျက်စီးသွားတဲ့ နိုင်ငံအနေအထား ရောက်ရှိသွားတဲ့အနေအထား ရှိနိုင်တာပေါ့နော် ရခိုင်မှာဆို မြောက်ပိုင်းဒေသမှာ Hail State လို့ပြောလို့ရသွားပြီ ရခိုင်တစ်ခုလုံးမဟုတ်တောင်မှ၊ ဆိုတော့ ကျန်တဲ့တိုင်းရင်းသားဒေသမှာ စစ်ထပ်မဖြစ်လို့သာ အကယ်၍ ကရင်တို့ ရှမ်းတို့ ကချင်တို့ထပ်ဖြစ်လိုက်ရင် ကျနော်တို့နိုင်ငံ မတွေးဝံ့စရာဖြစ်တာပေါ့နော် တချိန်ထဲမှာ Geography အရကြည့်မယ်ဆိုရင် တိုင်းရင်းသားအများစုက တရုပ် ထိုင်း အိန္ဒိယဘက်မှာ ဘင်္ဂလားဒေ့ဘက်မှာ ဟိုဘက်ဒီဘက် နေနိုင်ကြတဲ့လူတွေ များတာပေါ့နော် ပရက်ရှာအများကြီးပေရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတော့ ပြည်ထောင်စုကြီးက ပြိုကွဲကောင်း ပြိုကွဲသွားနိုင်တယ် ဒါအန္တရာယ်တော်တော်ကြီးပါတယ်” ဟု ဦးဇော်လတ်က ပြောသည်။

    ထို့အတူ မြန်မာနိုင်ငံက ထွက်ရှိနေသည့် သဘာဝဓာတ်ငွေ့အများစုကို ပြည်ပသို့တင်ပို့နေကြောင်း၊ ထိုင်းနိုင်ငံသို့တင်ပို့နေသည့် တနင်္သာရီတိုင်း ရတနာနှင့် ရဲတံခွန်ကမ်းလွန်ဓာတ်ငွေ့မှ (၂၀၁၀ မှ ၂၀၁၈ ခုနှစ်အတွင်း) အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံ၊ ရခိုင်ပြည်နယ် ရွှေဂတ်စ်မှ တရုတ်နိုင်ငံသို့ ရောင်းချနေသည့် အနှစ် ၃၀ စာချုပ်အရ ဒေါ်လာ ဘီလီယံ ၁၈၀ ကျော်ရရှိသည်ဆိုသော်လည်း အဆိုပါဝင်ငွေများ မည်သည့်နေရာရောက်ရှိသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ၎င်းက ထောက်ပြသည်။

    အဆိုပါ စွမ်းအင်ကိစ္စသည် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ရှောင်လွှဲ၍မရသည့်အကြောင်းအရာများဖြစ်သည့်အတွက် လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများတွင် ထည့်သွင်းဆွေးနွေးသွားရန် လိုအပ်လာကြောင်း ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်က အကြံပြုခဲ့သည်။

    “စွမ်းအင်နဲ့ ဖွံ့ဖြိုးရေးနဲ့ ဒီငြိမ်းချမ်းရေးက ဘယ်လိုဆက်စပ်နေသလဲဆိုတော့ စွမ်းအင်ကို ကျနော်တို့ပြောတဲ့အခါမှာ ဒါကသဘာဝသယံဇာတနဲ့လည်း ဆိုင်တယ် ပြီးတော့မြေယာနဲ့လည်း ဆိုင်တယ် ဒါအတွက်ကြောင့်ပဲ ကျနော်တို့မှာတော့ ဒါကိုမလွှဲမရှောင် ကျနော်တို့ ဆွေးနွေးရမယ့် Issue တစ်ခုဖြစ်လာတဲ့အတွက်ကြောင့် ဒါက UPC မှာ ဒီ Issue တွေကို စဉ်းစားဆွေးနွေးဖို့လိုတယ်”ဟု ဒေါက်တာပညာမွန်က ဆိုသည်။

    ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ကစပြီး ၃ နာရီခန့်ကြာမြင်သော “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ” စာတမ်းမိတ်ဆက်ပွဲ Online အခမ်းအနားတွင် ENAC မှာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးအရာရှိတစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်သတင်းထောက်များ ပါဝင်တက်ရောက်ကြောင်း တွေ့ရှိရသည်။

    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရက်တစ်အဆောက်အအုံများ ပေါ်ပေါက်ရေးကို အထောက်အကူပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC သည့် လွတ်လပ်သည့်အရင်းအမြစ်နှင့် ပညာပေးရေးစင်တာတစ်ခု ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks