မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၄)
ယခုအခါ Covid-19 ရောဂါကူးစက်မှုနှုန်းမြန်ဆန်လာသဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ယခင်ခွင့်ပြုပေးခဲ့သော မဲဆွယ်စည်းရုံးရေးနယ်မြေများကို အသစ်ပြန်လည်ကန့်သတ်လိုက်ပြီး ခွင့်ပြုသည့်နေရာအချို့တွင် လူ ၃၀ ဦးထက်မပိုသည့် ဒေသခံမြို့နယ်အဆင့်ပါတီဝင်များသာ စည်းရုံးလှုပ်ရှားခွင့်ရှိမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) က စည်းကမ်းချက်အသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်က “ သထုံခရိုင်(ကော့ကရိတ်မြို့နယ်) ဘက်မှာ လွတ်လပ်စွာစည်းရုံးခွင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့မော်လမြိုင်ခရိုင်ရုံးအခြေစိုက်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်(တောင်ပေါက်ဒေသ) မှာတော့ အဲဒီကဒေသခံဖြစ်တဲ့ မြို့နယ်အဆင့်ပါတီဝင်တွေနဲ့ပဲ မဲဆွယ်စည်းရုံးရေးလုပ်ကြပါ၊ စည်းရုံးရေးသွားတဲ့အခါမှာ လူ ၃၀ ထက်မပိုရသလို တစ်ဦးနဲ့တစ်ဦး ၆ ပေခွာထားဖို့ ဒီစည်းကမ်းချက်တွေကို လိုက်နာနိုင်ရင်တော့ ကျနော်တို့ စည်းရုံးဖို့ခွင့်ပြုမယ်”ဟု ဆိုသည်။
သို့ရာတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ ရေးမြို့အရှေ့ဖက် ကျုံလောင်းရွာမှ ရေးချောင်းဖျားဒေသအားလုံးနှင့် ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်ဒေသ (ရေး-ထားဝယ်မော်တော်ကားလမ်းအရှေ့ဖက်ခြမ်း) ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် လတ်တလော Covid-19 ရောဂါအရှိန်မြင့်မားနေချိန်တွင် နိုင်ငံရေးပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း ၎င်းကဆိုသည်။
နိုင်ဗညားလယ်က “ အကယ်၍ ရောဂါကူးစက်မှုနှုန်းကျဆင်းလာမယ် အရှိန်သေသွားရင်တော့ ရေးချောင်းဖျား ဝယ်ဇင်ဒေသနဲ့ ဘုရားသုံးဆူ မော်တော်ကားဘေးက မွန်ရွာတွေကို စည်းရုံးခွင့်ပေးသွားမယ်၊ ဒါပေမယ့် ရေးချောင်းဖျား ဂနီအထက်ပိုင်း ဗဟိုဌာနချုပ်ဧရိယာ၊ ထားဝယ်ခရိုင်ရုံးဒေသ ၉ ရွာ၊ ဂျပန်ရေတွင်း ဗလဲ့ဒွန်းဖိုက် ဟလော့ဟနီရွာတွေမှာတော့ အခုရွေးကောက်ပွဲအတွက် သည်းခံပေးပါ ဘယ်နိုင်ငံရေးပါတီကိုမှ စည်းရုံးခွင့်မပြုတော့ပါဘူး၊ ကျနော်တို့ဆီကပြည်သူတွေ မဲရုံဆီသွားပြီး မဲသွားပေးတာကိုတော့ ခွင့်ပြုတယ်” ဟု ဆက်ပြောသည်။
အဆိုပါ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း ၃၅ ရွာ ၊ အိမ်ထောင်စု ၆၀၀၀ ကျော်၊ လူဦးရေသုံးသောင်း (၃၀,၀၀၀) နီးပါးခန့်ရှိပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းလာရောက်ကောက်ယူခဲ့ခြင်းမရှိသလို မဲရုံများဖွင့်လှစ်သွားရန် လျာထားခြင်းမရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ယနေ့နံနက် ၈ နာရီသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း Covid-19 ပိုးတွေ့လူနာစုစုပေါင်း ၃၀၁၅ ဦး၊ ဆေးရုံမှဆင့်ခွင့်ရသူ ၆၉၉ ဦး ပိုးတွေ့သေဆုံးသူ ၂၄ ဦး ထပ်ထိုးလူနာ ၈၃ ဦးရှိပြီး ယခုရက်ပိုင်းအတွင်း တစ်နေ့လျှင် ပျမ်းမျှပိုးတွေ့လူနာသစ် ၂၀၀ ဦးအထက် တွေ့ရှိခဲ့ရသည်။