spot_img
Sunday, December 21, 2025
More
    spot_img
    HomeCovid 19မော်လမြိုင်မြို့ပေါ် Stay at Home ရပ်ကွက်ဈေးတွင် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြု

    မော်လမြိုင်မြို့ပေါ် Stay at Home ရပ်ကွက်ဈေးတွင် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြု

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၁၁)

    မော်လမြိုင်မြို့ပေါ် Stay at Home ရပ်ကွက်သတ်မှတ်နေရာရှိ ဈေးများတွင် ယနေ့မှစတင်ပြီး အခြေခံစားသောက်ကုန်ရောင်းချသည့် ဆိုင်များကိုသာ ရောင်းချခွင့်ပြုကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

    Stay at home ကြေငြာထားသည့် မုပွန်ဈေး၊ စစ်ကဲကုန်းရပ်ကွက်ရှိ မင်္ဂလာဈေး၊ ဖက်တန်းရပ်ကွက်ရှိ မြိုင်ရတနာဈေးနှင့် အမှတ်(၁)ဈေး၊အမှတ်(၂)ဈေး၊ဒိုင်းဝန်ကွင်းဈေးတို့ဖြစ်ပြီး ကျန်ဈေးများကို ပုံမှန်တိုင်းရောင်းချခွင့် ပြုထားသည်။

    မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးတင်ကိုကိုက “အခုလောလောဆယ်တော့ ခဏထိန်းချုပ်တဲ့သဘောမျိုးဘဲ အကြာကြီးလည်း ပိတ်ထားမှာမဟုတ်ဘူးလေ  ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ပြီး ပြန်ဖွင့်ပေးသွားမှာပေါ့။ အခြေအနေကလဲမသိရသေးဘူး စိုးရိမ်ရတဲ့ အနေထားကိုခဏထိန်းလိုက်တဲ့သဘောမျိုးပါ” ဟု ဆိုသည်။

    လူစုလူဝေးမဖြစ်ပေါ်စေရန် ဈေးတွေမှာ အခြေခံစားသောက်ကုန်မှလွဲ၍ အခြားကုန်ပစ္စည်းများရောင်းချသော ဆိုင်များကို ယာယီပိတ်ထားဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။

     “ဘယ်တတ်နိုင်မလဲ သူတို့ဘက်ကနေညွန်ကြားလာတာဆိုတော့လည်း စည်းကမ်းနဲ့အညီပိတ်ပေးရတာပေါ့ အရောင်းအဝယ်ကလည်း ပုံမှန်မရှိဘူးဆိုတော့လေ ပိတ်ထားရတော့ ကိုယ့်ကန်းမာရေးအတွက်လည်း သိပ်စိတ်မပူရတော့ဘူး။ ဒါပေမယ့် ကိုယ်ရင်းထားတဲ့အရင်းနှီးတွေကလည်း ရှိတယ် ဆိုင်ခန်းခတွေနဲ့ဆို အဆင်တော့မပြေဘူး” ဟု ဒိုင်းဝန်ကွင်ဈေးတွင် အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးက ဆိုသည်။

    ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် ဈေးအရောင်းဝယ်နည်းပါးမှုတွေနဲ့ကြုံတွေ့နေရပြီး ယခုကဲ့သို့ ဈေးဆိုင်များပိတ်ထားရသည့်အတွက် နစ်နာမှုများရှိကြောင်း ဈေးသည်အချို့မှဆိုသည်။

    ထို့ပြင် စည်းကမ်းမလိုက်နာမှုမရှိသည့် ကန့်သတ်ဈေးဆိုင်များရောင်းချပါက မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေးကော်မတီမှ စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် စည်းကမ်းနဲ့အညီရောင်းချမှုမရှိတဲ့ မော်လမြိုင်မြို့ရှိ ဈေးဆိုင် ၁၀ ဆိုင်ကို မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

    အလားတူ မုဒုံမြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင်နှင့် စားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာမှုရှိမရှိကို ယနေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် မြို့မရဲစခန်း ပူးပေါင်းအဖွဲ့တို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

    သတ်မှတ်စည်းကမ်းနှင့်မညီသော ဆိုင်အချို့ကို သိရှိကြောင်း ခံဝန်ကတိလက်မှတ်ထိုးစေပြီး နောက်တစ်ကြိမ် စည်းကမ်းဖောက်ဖျက်ပါက ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေမည်ဟု စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သည့် ကျန်းမာရေးဌာန ဝန်ထမ်းတစ်ဦးက ဆိုသည်။

    လက်ရှိတွင် ဆေးဆိုင်နှင့် စားသောက်ဆိုင် (၁၁) ဆိုင်ကို လူထူထပ်မှုမရှိစေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် စည်းကမ်းချက်များအား လိုက်နာသိရှိစေရန်နှင့် ထုတ်ပြန်ထားသောစည်းကမ်းနှင့်အညီ ရောင်းချသွားရန် သတိပေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts