spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆွေးနွေးနိုင်ပါစေဟု JICM အစည်းအဝေးတွင် ဒုတပ်ချုပ်ဆန္ဒပြု

    ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆွေးနွေးနိုင်ပါစေဟု JICM အစည်းအဝေးတွင် ဒုတပ်ချုပ်ဆန္ဒပြု

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၄)

    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့ကျင်းပသည့် JICM အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “တရားဝင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ အတိအလင်းဖော်ပြထားပြီးဖြစ်သည့်အတွက် ရှေ့အဆင့်လိုက်ဆောင်ရွက်သွားရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ အပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင်လည်းကောင်း မိမိအဖွဲ့အစည်းအလိုက် လိုလားသည့်၊ ဖြစ်သင့်သည့် ဆန္ဒများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေကြောင်းလည်းပဲ ဆန္ဒပြုအပ် ပါတယ်” ဟု မိန့်ကြားခဲ့သည်။

    အဆိုပါ ပုဒ်မ ၃၅၄ တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့် မဆန့်ကျင်လျှင်* မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့်၊* အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊* တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာ ကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိပါသည်” ဟု ဖော်ပြထားသည်။

    အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း NCA-S EAO ပြောခွင့်ရ နိုင်အောင်မငေးက “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စရတယ်၊ အာဏာခွဲဝေရေးကိစ္စမှာလည်း ကျနော်တို့ရတယ်၊ နောက်တော့ ပြည်နယ်အချင်းချင်း လေးစားမှုရဖို့ ဒါလည်းရတယ်ခင်ဗျ၊ ခုနပြောတဲ့ ပြည်နယ် ဖွဲ့စည်းပုံကိစ္စမှာတော့ အမည်သတ်မှတ်ချက်ကိစ္စကတော့ နည်းနည်းတူညီမှုမရှိဘူးပေါ့ ၊ ကျနော်တို့တစ်ဖွဲ့ချင်းအနေနဲ့ကတော့ စဉ်းစားမှုက မတူညီကြတဲ့အတွက် ဒါကဆက်လက်ဆွေးနွေးရန်အဖြစ် ကျနော်တို့ထားတယ်၊ ဥပမာအတိုင်ပင်ခံပြောတဲ့ ၅ ချက်က ၅ ချက်စလုံး တိတိကျကျဖြစ်သည့်တိုင်အောင် ကျနော်တို့က ဒါတွေအားလုံး ကျနော်တို့ရတယ် ဆက်လက်ဆွေးနွေးရန်အဖြစ် ကျနော်တို့ လမ်းပွင့်သွားတယ်” ဟု JICM အစည်းအဝေးအပြီး သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန်ချက် ၅ ချက်တွင် ၁-ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန်၊ ၁- ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်ခွဲဝေမှု (Power Sharing, Resource Sharing, Tax Sharing) ရှိရန်၊ ၃-တိုင်းဒေသကြီးနှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များ အားလုံးသည် တန်းတူညီတူ ရှိစေရန်၊ ၄-တိုင်းဒေသကြီးနှင့် ပြည်နယ် ဖက်ဒရယ် ယူနစ်များ မှ ဖွဲ့စည်းပုံအခြေခံသည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ဆန့်ကျင် ခြင်းမရှိစေဘဲ ရေးဆွဲခွင့်ရှိရန်၊ ၅- တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အာဏာ ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုအခြေခံရန်နှင့် ဒီမိုကရေစီနည်းလမ်း နှင့်အညီ အာဏာအပ်နှင်းရန်တို့ ဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) မူကြမ်းအဖြစ် အပိုင်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား ၁ (၈) ချက်နှင့် ဇယား ၂ ဆက်လက်ညှိနှိုင်းရမည့် နှစ်ဖက်အဆိုပြု ခေါင်းစဉ်ခွဲများ၊ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူ  သဘောတူညီချက် (၅) ချက်တို့ကို သြဂုတ် ၁၃ ရက် (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM ၌ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ အတည်ပြုခဲ့ကြောင်း နိုင်အောင်မငေးက ရှင်းပြသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေမှာ ခေါင်းစဉ်ကြီး ၈ ခုဖော်ထုတ်နိုင်ကြပေမယ့် အသေးစိတ်ဆက်သွားရမယ့်လုပ်ငန်းစဉ်တွေကို ကျမတို့ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းကြရဦးမှာဖြစ်ပါတယ်၊ အဆင့်လိုက်သွားမယ့်လုပ်ငန်းစဉ်တွေမှာ ဘယ်အချိန်မှာ ပြည်နယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ဘယ်လိုရေးဆွဲကြမလဲ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အာဏာခွဲဝေမှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုသွားကြမလဲ၊ ဘယ်အဆင့်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို ဘယ်ပုံစံနဲ့လုပ်ကြမလဲဆိုတဲ့ ကိစ္စတွေကို ဟန်ချက်ညီ ဖော်ဆောင်နိုင်ဖို့အတွက် ကျမတို့ဆက်လက်ပြီး အသေးစိတ် ဆက်လက်ညှိနှိုင်းကြရဦးမှာပဲ ဖြစ်တယ်” ဟု JICM အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ထို့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ရေရှည်သဘောဆောင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း (၉) ကြိမ်မြောက် JICM အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောဆိုထားသည်။

    လက်ရှိကျင်းပလျှက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအောက်မှနေ၍လည်းကောင်း၊ တိုင်းရင်းသားများက ၂၀၀၈ ဖွဲ့စည်းပုံပြင်ပမှ သွားနေသည်ဟုလည်းကောင်း အမျိုးမျိုးယူဆပြောဆိုနေမှုများရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။

    Photo-(၉) ကြိမ်မြောက် JICM အစည်းအဝေး (MSCO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks