HomeCovid 19လာမည့်ငါးဖမ်းရာသီ အထူးငါးဖမ်းကွက် တင်ဒါဝယ်ယူသူနည်းပါး

လာမည့်ငါးဖမ်းရာသီ အထူးငါးဖမ်းကွက် တင်ဒါဝယ်ယူသူနည်းပါး

-

စိုင်းထွန်းစံ၊(မော်လမြိုင်၊သြဂုတ် ၁၄)

လာမည့်ငါးဖမ်းရာသီအတွက် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အထူးငါးဖမ်းလုပ်ငန်းကွက်များအား တင်ဒါခေါ်ယူရောင်းချရာတွင် ယခင်နှစ်များနဲ့မတူပဲ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးရိုက်ခက်မှုရှိသဖြင့် ငါးဖမ်းလုပ်ငန်းရှင်များက တင်ဒါဝယ်ယူသူ နည်းပါနေကြောင်းသိရသည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယအကြိမ် အထူးတင်ဒါငါးဖမ်းလုပ်ငန်းကွက်များတင်ဒါရောင်းချခြင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ငါးဖမ်းလုပ်ငန်းကွက် (၄) ချပ်သာရောင်းထွက်ခဲ့ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီဌာန ဦးစီးအရာရှိ ဦးအောင်တိုးက ပြောသည်။

“အရင်နှစ်တွေနဲ့မတူတဲ့ အကြောင်းအရာတစ်ခုသွားတွေ့လိုက်ရတယ် ထင်ထင်ရှာရှာကြီးပေါ့နော် ဘာကြောင့် လဲဆိုတော့အရင်နှစ်တွေဆိုရင် ပထမအကြိမ်ပစ်လိုက်ပြီးဆိုရင် ဆွဲကြတယ်လူရာနဲ့ချီပြီးတော့ တစ်ချပ်မှာလူ ၉ ယောက်၊၈ ယောက်အပြိုင်ဆွဲကြတယ် ခုသူတို့က ကိုဗစ် ၁၉ ကြောင့် စီးပွားရေးဂယက်ရိုက်ခက်လာတယ် မနှစ်ကဝယ်ထားတဲ့တန်ဖိုးကိုတောင်မှ မပေးချင်မပေးနိုင်လောက်အောင်ကို ဖြစ်လာတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပထမအကြိမ် အထူးတင်ဒါငါးဖမ်းလုပ်ငန်းကွက်များတင်ဒါရောင်းချမှုကို သြဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့ရာ ငါးဖမ်းလုပ်ငန်းကွက် (၁၉) ချပ်ရောင်းထွက်ခဲ့ပြီး သိန်း ၆၀၀ မှ ၇၀၀ ကြားသာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ငါးဖမ်းလုပ်ငန်းလုပ်ငန်းရှင် ကိုဝင်းအောင်က “ငါးလုပ်ငန်းရဲ့အခြေအနေကတော့ လက်ရှိဈေးကွက်မရှိဘူးပေါ့ အရင်ကတင်ဒါချပ်တွေဆိုတာက ငါးပုတ်သင်ငါးကိုပဲအဓိကထားဖမ်းရတာပေါ့ ဒီကပိုက်ချပ်တွေက အဲ့ဒီငါးပုတ်သင်ငါး ငါးပျက်ဟာ တရုတ်ပြည်ဈေးကွက်ပျက်သွားတယ် အဝယ်မရှိတော့ဘူး ပြည်တွင်းငါးကုမ္ပဏီ  ငါးမဝယ်တော့ဘူး အရင်နှစ်တွေကငါးဝယ်တယ်ဆိုရင် ရေလုပ်သားတွေကို ကြိုတင်ငွေထုပ်ပေးတယ်”ဟု ဆိုသည်။

ငါးလုပ်ငန်းရှင်(၅)ဦးမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ် ၁၉ ကပ်ရောဂါအခြေ အနေကြောင့် လူစုလူဝေးများဖြင့် ဆွဲဝယ်လုပ်ကိုင်ခြင်းမပြုတော့ဘဲ ယခင်နှစ်ကလုပ်ကိုင်ခဲ့သောနေရာများတွင်  ပေးသွင်ရမည့်တင်ဒါခွန် ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကိုသာ ပေးသွင်းစေလိုသည့် အသနားခံစာတင်ပြ ခဲ့ကြောင်းသိရသည်။

အဆိုပါရေလုပ်သားများ အနေဖြင့် ငါးပျက်(ခ) ငါးပုတ်သင်ငါးကိုအားထားဖမ်းနေရပြီး ယခုအခါတွင် တရုတ်ဈေး ကွက်အဝယ်မရှိတော့ခြင်း၊ ငါးရောင်းဝယ်ရေးကုမ္ပဏီများမှ ငါးအဝယ်ရပ်တန့်နေခြင်းတို့ကြောင့် ငါးပျက်ဈေးမှာ ယခင်တစ်ပိသာ ၅ သောင်းကျပ်မှ ယခုအခါ ၂ သောင်းကျပ်ခန့်သာ ဈေးရှိတော့ကြောင်း သိရသည်။

“တရုတ်နိုင်ငံဈေးကွက်ကို အဓိကထားရတာ အရင်ကတရုတ်ကဝယ်လက်တွေ တော်တော်များများရှိတယ် ခုတရုတ်ဈေးကွက်ပိတ်သွားတဲ့အတွက်ကြောင့်မလို့ ဒီငါးပျက်ခေါ်ငါးပုတ်သင်ငါးဟာ နိုင်ငံတော်ရဲ့ပြည်တွင်း စားသုံးမှုနဲ့ ငါးခြောက်လုပ်လို့ပဲရတယ်။ ကြေးများတဲ့နေရာတွေကျတော့ လုံးဝလုပ်လို့မနိုင်တော့ဘူး အတ္တရံမြစ် ထဲမှာဆို ကြေးများတဲ့ပိုက်ချက် ၅ ချပ်လောက်ရှိတယ် အဲ့ပိုက်ချက်တွေခုထိ တစ်ချပ်မှမထွက်သေးဘူး သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှရှိတယ်”ဟု ငါဖမ်းလုပ်ငန်းရှင် ကိုတင်ရွှေမှ ပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း အထူးတင်ဒါဖြင့်ရောင်းချသည့် ငါးဖမ်းလုပ်ငန်းကွက် မော်လမြိုင်မြို့နယ် (၅၃)ခု၊ ပေါင်မြို့နယ် (၅)ခု၊ မုဒုံမြို့နယ် (၆)ခု၊ ချောင်းဆုံမြို့နယ် (၁၆) ခုရှိကြောင်း သိရသည်။

Photo-အထူးငါးဖမ်းကွက် တင်ဒါရောင်းချခြင်းအခမ်းအနား (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts