spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းနိုင်ငံသားအခွင့်အရေးမို့ မဲပေးကြဖို့ မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီလှုပ်ရှား

    နိုင်ငံသားအခွင့်အရေးမို့ မဲပေးကြဖို့ မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီလှုပ်ရှား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၁၂)

    နိုင်ငံသားအခွင့်အရေးမို့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြဖို့ လိုအပ်သည်ဟု ဩဂုတ်လ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီမှ မွန်ပြည်နယ်တဝန်း ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

    လူငယ်များအကြားတွင်  မဲမပေးရန် No Vote တိုက်တွန်းမှုများရှိသောကြောင့်  မဲပေးကြရန် တိုက်တွန်းလှုံ့ဆော်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီ အဖွဲ့ဝင် မိဇင်ဝင်းမွန်က ပြောသည်။

    “နိုင်ငံသားတစ်ယောက် ဖြစ်တဲ့ အတွက် မဲပေးဖို့နော် ကျွန်မတို့ နိုင်ငံသား အခွင့်အရေးလည်း ဟုတ်တယ် ကျွန်မတို့ နိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက်ကို ကျွန်မတို့အတွက် တာဝန် တစ်ခုလည်း ဖြစ်တယ်ပေါ့နော် ဒီလိုပြုပြင်ပြောင်းလဲတာ လုပ်ဖို့အတွက် ဒီမဲပေးခြင်းကနေပဲ ဆုံးဖြတ်ရတာ ဖြစ်တဲ့အတွက် လူတစ်ယောက်ချင်းစီမဲက အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

    ထို့အပြင် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် လူငယ်များအတွက် ပညာရေး၊ နိုင်ငံရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည့် ပုဂ္ဂိုလ်မျိုးကိုသာ မဲပေးရွေးချယ်သွားမှာ ဖြစ်သည်ဟု မော်လမြိုင်မြို့နယ် လူငယ့်ရေးရာကော်မတီ အတွင်းရေးမှူး မချောငယ်က ဆိုသည်။

    “လာမယ့် ရွေးကောက်ပွဲမှာ ကျွန်မတို့အပေါ် တကယ်တမ်း လူငယ်တွေ အပေါ်မှာရော လူကြီးတွေ အပေါ်မှာရော မှီခိုပြုနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ဖော်ဆောင်နိုင်မယ့် မျှော်လင့်တယ် တကယ်တမ်းအရည်အချင်းရှိပြီး ဦးဆောင်နိုင်မယ့် သူကို မဲပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

    လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးမည့် ကိုအေးချမ်းကိုက “ပြည်နယ်အတွက်ပေါ့နော် ဘယ်လိုမျိုး ကိုယ်စားလှယ်တွေ အဆင်ပြေနိုင်မလဲ ကိုယ်စားလှယ်တွေ အနေနဲ့ ဘယ်လိုတွေ ကတိကဝတ်တွေ ရှိမှာလည်းပေါ့ အဲ့ဒါတွေ အရင်နားထောင်သင့်တယ်ပေါ့ ဒါအပြင်ကို လူငယ်တွေကို ဘယ်လိုတွေ အခွင့်အလမ်းတွေ ပေးနိုင်မလဲပေါ့ နောက်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ကိုယ်စားလှယ်တွေကိုပဲ ကျွန်တော်အနေနဲ့ မဲပေးဖို့ စဉ်းစားထားပါတယ်” ဟု ဆိုသည်။

    မဲပေးပါ အမည်ရှိ ကမ်ပိန်းကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ်  မွန်ပြည်နယ်ရှိ မြို့နယ်များ အားလုံးတွင် ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်သည့် မြို့နယ် လူငယ်ရေးရာကော်မတီများက ဗိုစတာများ ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    Photo-လူငယ်များနေ့အထိမ်းအမှတ်လှုပ်ရှားမှု (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks