spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကတိုက်ကရိုက်ကျင်းပရသော ငြိမ်းချမ်းရေးညီလာခံ အဖြေရလဒ်သိပ်ထွက်လာမည်မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP သုံးသပ်

    ကတိုက်ကရိုက်ကျင်းပရသော ငြိမ်းချမ်းရေးညီလာခံ အဖြေရလဒ်သိပ်ထွက်လာမည်မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၁)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးသည် အရေးကြီးသည့်ညီလာခံဖြစ်ပြီး ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲမတိုင်မီ ကတိုက်ကရိုက်ကျင်းပရသည့်အတွက် အဖြေရလဒ်သိပ်ထွက်လာမည်မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက မွန်သတင်းအေဂျင်စီ၏ ရုပ်သံအစီအစဉ်တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် သုံးသပ်ပြောကြားလိုက်သည်။ 

    နိုင်တလညီက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အရေးကြီးတယ်၊ အရေးကြီးတဲ့အတွက်ကြောင့် အချိန်ယူပြီးလုပ်ရတဲ့ကိစ္စဖြစ်တယ်၊ ဒီနေ့ဒီအချိန်ခါမှာ ကိုဗစ်ကာလလည်းဖြစ်တယ် ရွေးကောက်ပွဲလည်းနီးပြီ အချိန်သိပ်ရှိတာ မဟုတ်ဘူး၊ ကတိုက်ကရိုက်နဲ့လုပ်ရင်တော့ အဖြေရလဒ်သိပ်ထွက်လာမှာ မဟုတ်ဘူးလို့ ကျနော်တို့မြင်တယ် ဒါကြောင့် ကျနော်တို့ပါတီအနေနဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရွေးကောက်ပွဲမတိုင်ခင်မှာ မကျင်းပသင့်ဘူးလို့ မြင်တယ်” ဟု ဆိုသည်။

    အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ကြိုတင်ညှိနှိုင်းထားသည့်အချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ အဖြစ်ချုပ်ဆိုခြင်းဖြစ်သည့်အတွက် ယခုကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံတွင် အခြားဆွေးနွေးစရာအကြောင်းအရာများမရှိဟု နားလည်ထားကြောင်း ၎င်းကဆက်ပြောသည်။ 

    “အခုဆိုရင် ပြည်ထောင်စုသဘောတူစာချုပ် ၂ ခုရှိသွားပြီ လွှတ်တော်မှာလည်း အတည်ပြုခဲ့ပြီးပြီ၊ ဒါတွေကိုအကောင်အထည်ဖော်မှု မရှိသေးဘူး၊ ကျနော်တို့ပါတီ မြင်တာက ဒါကို အချိန်ယူပြီးတော့ ဆွေးနွေးရမယ်၊ လောလော လောလော လုပ်သွားရင် လောလော လောလောပုံစံမျိုးပဲ ဖြစ်သွားမှာပေါ့” ဟု နိုင်တလညီက ဆိုသည်။

    အလားတူ NLD အစိုးရဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ဝေဖန်ဖြေကြားခဲ့သည်။

    “ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ်မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကိုအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

    NLD အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်ယူနီယံ LDU နှစ်ဖွဲ့သာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကိုမူ စည်းရုံးနိုင်ခြင်းမရှိခဲ့ပေ။

    လာမည့် သြဂုတ် ၁၉ ရက်နေ့မှစ၍ ၃ ရက်ကြာကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ရန် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် “ဝ” အဖွဲ့ USWA၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တပ်မတော်/ တောင်ပိုင်း (SSPP/SSA)၊ မိုင်းလား (NDAA)၊ တအန်းပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကိုးကန့်တပ်မတော် (MNDAA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ၇ ဖွဲ့ကိုဖိတ်ကြားခဲ့သော်လည်း တက်ရောက်ဖြစ်မဖြစ်ကို အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

    သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းအဖြစ် NLD အစိုးရသတ်မှတ်ခဲ့သော ရက္ခိုင့်တပ်တော် (AA) ကိုလည်း ညီလာခံတက်ရောက်ရန် ဖိတ်ကြားခြင်းမပြုခဲ့ပေ။

    ပြီးခဲ့သည့် (၂၁) ရာစုပင်လုံတတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ကျင်းပခဲ့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ၆ လတစ်ကြိမ် ညီလာခံဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြသော်လည်း အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO အကြား တစ်ဆို့မှုများဖြစ်ပေါ်မှုကြောင့် ကျင်းပနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks