မင်းထက်အောင်
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ် မဲဆန္ဒရှင်အရေအတွက် ၁၇ သိန်း ၆ သောင်းကျော်ရှိလာတဲ့အတွက် ယခင် ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းနဲ့နှိုင်းယှဉ်ကြည့်ရင် မဲပေးခွင့်ရှိသူ ၂ သိန်းခွဲကျော် တိုးလာပါတယ်။
လက်ရှိ မဲစာရင်းမှာမပါကြသေးတဲ့ အချို့ရက်ပေါင်း ၉၀ ရောက်ရှိနေထိုင်ကြသူ၊ နေရပ်မှာရှိမနေသူ၊ မဲစာရင်းပျောက်နေသူတွေ မဲစာရင်းပြန်လျှောက်နိုင်သေးတာမို့ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပတဲ့အခါ မဲပေးသူအရေအတွက် သောင်းဂဏန်းချီပြီး ထပ်မံတိုးလာဖို့ ရှိပါတယ်။
အသက် ၁၈ နှစ်ပြည့်လို့ အခုရွေးကောက်ပွဲမှာ အရင်ဦးဆုံးမဲပေးခွင့်ရလာကြတဲ့ မွန်ပြည်နယ်သား လူငယ်အရေအတွက် တစ်သိန်းခွဲကျော် ရှိလာတယ်လို့လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်(ခွဲ) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် မဲပေးခွင့်ရှိသူ ၂ သိန်းခွဲကျော် တိုးလာတဲ့အထဲမှာ ကျန်လူတစ်သိန်းကျော်ကတော့ အခြားတိုင်းဒေသကြီးတွေက ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ဗမာတိုင်းရင်းသားတွေပဲ ဖြစ်ဖို့ရှိပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ အာဏာရလာတာနဲ့ဆိုရင်ပဲ ရက် ၁၀၀ စီမံကိန်းကို ကြေငြာလိုက်ပြီးတဲ့နောက်မှာ ပြောင်းရွှေ့အထောက်အထားတစ်စုံတစ်ရာမှ မလိုတော့ဘဲ မိမိတို့ရောက်ရှိနေထိုင်ကြတဲ့မြို့နယ်တွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း အလွယ်တကူထုတ်ပေးတဲ့ သစ္စာစီမံချက်ကို ဖန်တီးပေးခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်မှာ ရက်ပေါင်း ၉၀ ရောက်ရှိနေထိုင်ရုံနဲ့ မဲပေးခွင့်ရတဲ့ ဥပဒေသစ်တစ်ခု ထပ်မံရေးဆွဲပြဌာန်းပေးခဲ့တာကို တိုင်းရင်းသားလွှတ်တော်အမတ်တွေကန့်ကွက်ပေမယ့်လည်း အကြောင်းမထူးခဲ့ပါဘူး။
အဲဒါနဲ့ တစ်ဆက်တည်း NLD အစိုးရ လက်ကျန်သက်တမ်းလေးမှာ လူ့စွမ်းအားအရင်းမြစ်ကို သေချာကိုင်တွယ်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်အကိုင်အခွင့်လမ်း ဖန်တီးနိုင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး” တစ်ဦးကိုလည်း အသစ်ထပ်မံ ခန့်အပ်ပေးခဲ့ပြန်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၄ သောင်းခွဲဝန်းကျင်လောက် မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ကာလတွေမှာ သာမာန်ရွှေ့ပြောင်းအလုပ်သမား (၃၁,ဝဝဝ) ကျော်နဲ့ ယာယီရွှေ့ပြောင်းအလုပ်သမား (၁၃,ဝဝဝ) ကျော်အတွက် အိမ်ထောင်စုစာရင်း (၉,ဝဝဝ) ကျော်အပါအဝင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ပြုလုပ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် (လ.ဝ.က) ညွှန်ကြားရေးမှူးက မွန်သတင်းအေဂျင်စီကို ပြောဆိုခဲ့ပါတယ်။
မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ၂၀၀၈ နာဂစ်ကြောင့် ဧရာဝတီတိုင်းမှ အိုးအိမ်ပျက်စီးသူတွေဟာ ၎င်းတို့ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက် မွန်ပြည်နယ်ကို မိသားစုအလိုက် ရွှေ့ပြောင်းဝင်ရောက်လာကြတာဖြစ်ပြီး မော်လမြိုင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တဝိုက်က ရေလုပ်ငန်း၊ ဥယာဉ်ခြံနဲ့ ရာဘာခြံအစေးခြစ်တဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အခုလိုရွှေ့ပြောင်းဝင်ရောက်လာသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေတိုင်းမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိကြဘူးလို့သာ ပြောဆိုလေ့ရှိကြပါတယ်။
ရေးမြို့ကနေ အစင်-ဇီးဖြူသောင် သွားတဲ့ကားလမ်းဘေးက အဘော်ကျေးရွာအုပ်စုဝင် ပတ္တမြားတန်းရပ်ကွက်လို့ ခေါ်တဲ့ အဘော်ကျားတန်းမှာဆိုရင်လည်း ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သား ကျားဖောင်သမားတွေအစုလိုက်အပြုံလိုက် သီးသန့်နေထိုင်ခဲ့ကြတာ အခုဆိုရင် အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်နေပါပြီ။
အရင့်အရင် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်းကျော်ရှိရာကနေ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၁၅ သိန်း ၁ သောင်းကျော်ရှိလာသည့်အတွက် ၅ နှစ်ကာလအတွင်း မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော် တိုးတက်လာတဲ့အထောက်အထား ရှိခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာလည်း လူဦးရေတိုးလာပြီး မဲပေးနိုင်တဲ့အနေအထားမှာ မွန်ပြည်နယ်က အသက် ၁၈ ပြည့်လူငယ် တစ်သိန်းနီးပါးလောက်တော့ ရှိခဲ့မှာပါ။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁-၂၀၁၆) ၅ နှစ်သက်တမ်းကာလမှာ ရွှေ့ပြောင်းလုပ်သား ၄ သိန်းဝန်းကျင် မွန်ပြည်နယ်ကိုဝင်ရောက်လာခဲ့ပြီး မဲပေးခွင့်ရရှိခဲ့တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး ပြောနိုင်ပါတယ်။
၂၀၁၀ မှ ၂၀၂၀ ရွေးကောက်ပွဲအထိ ၁၀ စုနှစ်ကာလတစ်ခု မွန်ပြည်နယ် လူဦးရေစာရင်းမှတ်တမ်းတွေကို လေ့လာသုံးသပ်ကြည့်ရင် အခြားတိုင်းဒေသကြီးတွေက လူဦးရေ ၅ သိန်းဝန်းကျင်လောက် စီးဆင်းဝင်ရောက်ခဲ့တာကို ရွေးကောက်ပွဲမဲစာရင်းအချက်အလက်နဲ့ ၂၀၁၄ သန်းခေါင်စာရင်းတွေမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
လက်ရှိ မွန်ပြည်နယ် လူဦးရေ ၂ သန်းကျော် (၂,၀၅၄,၃၉၃ ဦး) ရှိနေတဲ့အထဲမှာ တရားဝင်ရော တရားမဝင်ပါ ပြည်ပနိုင်ငံများ ရောက်ရှိနေသူ ၄ သိန်း ၂ သောင်းကျော်ရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။
ယနေ့အချိန်အခါနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူ ၅ သိန်းအောက်မနည်း ရှိသွားပြီလို့ ခန့်မှန်းရပါတယ်။
မွန်ပြည်နယ်ကနေ ပြည်ပထွက်ခွာသူနဲ့ အခြားတိုင်းဒေသကြီးတွေမှ ရွှေ့ပြောင်းဝင်ရောက်လာသူ အချိုးအစားမှာလည်း ညီမျှနေတာကို တွေ့ရပါတယ်။
အဲဒီလို ပြည်ပရောက်နေတဲ့ မွန်ပြည်နယ်သား ၅ သိန်းကျော်အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၁ ရာခိုင်နှုန်းလောက်တောင် မဲပေးနိုင်ကြမှာတော့ မဟုတ်ပါဘူး။
သို့သော်လည်း ၂၀၁၀ ကတည်းက မွန်ပြည်နယ်ကို အစားထိုးဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်ကျော်ကတော့ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရရှိနေကြပြီ ဖြစ်ပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တည်ဆဲဥပဒေအရ မွန်ပြည်နယ်အတွင်းကို ရာခိုင်နှုန်းများများ ထပ်မံဝင်ရောက်လို့ ဆက်လက်အခြေချနေကြဦးမှာ ဖြစ်ပါတယ်။
နောက်ဆုံးချုပ်ပြီး ပြောလိုတာက မွန်တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တဖွဖွတောင်းဆိုနေရင်းမှာ ဒီမိုကရေစီစနစ်အရ ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုယ်စားလှယ်လောင်းတွေအဖြစ် မွန်ပြည်နယ်ကနေ မကြာမီ ဝင်ရောက်ရွေးချယ်လာနိုင်တော့မယ်လို့ မျှော်တွေးမိပါကြောင်း။