spot_img
Friday, January 16, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းသထုံ (၂) ကိုယ်စားလှယ်လောင်း “ဒေါ်မာမာခိုင်”အား အလိုမရှိ ဗီနိုင်းပိုစတာများ ကျေးရွာ ၂၀ ကျော်တွင် ကန့်ကွက်စိုက်ထူထား

    သထုံ (၂) ကိုယ်စားလှယ်လောင်း “ဒေါ်မာမာခိုင်”အား အလိုမရှိ ဗီနိုင်းပိုစတာများ ကျေးရွာ ၂၀ ကျော်တွင် ကန့်ကွက်စိုက်ထူထား

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၄)

    ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း “ဒေါ်မာမာခိုင်” အား လုံးဝ(လုံးဝ) အလိုမရှိ ဗီနိုင်းပိုစတာများ ယမန်နေ့မှစတင်၍ ကျေးရွာပေါင်း ၂၀ ကျော်၌ ကန့်ကွက်စိုက်ထူထားကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    လက်ရှိ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ၎င်း၏မဲဆန္ဒနယ်မြေရှိ ဒေသခံပြည်သူလူထုများနှင့် တစ်ကြိမ်တစ်ခါမှ လာရောက်တွေ့ဆုံရှင်းလင်းပြောဆိုခြင်းမရှိသလို ယခုအခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်အရွေးခံမည့်ကိစ္စကို ဒေသခံကရင်တိုင်းရင်းသားများ လက်ခံနိုင်ခြင်းမရှိကြောင်း သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု တံတားဦးကျေးရွာသား ကိုစန်းမြင့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကိုစန်းမြင့်က “ဒေါ်မာမာခိုင်က သူ့နေရာနဲ့သူ ပြည်သူ့လွှတ်တော်နေရာမှာ ပြန်နေပါလားဗျ၊ အခုပြည်နယ်လွှတ်တော်ကို ဆင်းလာပြီးတော့ နေရာဝင်လုတဲ့ပုံစံ စားခွက်လုတဲ့ပုံစံဖြစ်နေတော့ ကျနော်တို့ပြည်သူတွေ အမြင်မှာ ဘယ်လိုဖြစ်သွားမလဲ” ဟု ဆိုသည်။

    ထို့အပြင် နိုင်ငံတော်မှ ဒေသခံများ၏စွန့်လွှတ်လယ်မြေပြန်လည်ပေးအပ်ခဲ့သည့်ဖြစ်စဉ်တစ်ခုတွင် မြို့နယ်အာဏာပိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပူးပေါင်း၍ ဖိအားပေးမှုများရှိခဲ့သဖြင့် ဒေါ်မာမာခိုင်အား ဒေသခံများ လိုလားမှုမရှိကြောင်း ၎င်းက ဖြစ်စဉ်ကိုရှင်းပြခဲ့သည်။

    ထောင်မှူးကျေးရွာအုပ်စု အင်းနီကျေးရွာမှ NLD ရပ်ကျေးဥက္ကဌ ဦးအေးမြင့်က “ဒေါ်မာမာခိုင်ကို အထက်ကရွေးချယ်ထားတော့ အထက်နေရာ ပြည်သူ့လွှတ်တော်မှာ ထားတာက ကျနော်လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် အထက်ကရွေးချယ်ပြီးတော့ ကျနော်တို့ မဲဆန္ဒနယ်(၂) မှာ လာထားတာကိုတော့ လက်မခံနိုင်ဘူး” ဟု ဆိုသည်။

    သထုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေအတွင်း သမ္ဘာန်၊ ဖားပိုင်ကုန်း၊ ဝါးဂုတ်တော၊ ဆူးအင်း၊ စခန်းကြီး၊ ညောင်ချောင်း၊ ရှမ်းစု၊ ကြက်သူရွေးသောင်၊ အနန်းပင်၊ ဈေးမသွယ်အထက်၊ ဈေးမသွယ်အောက်၊ ပါးမဲနောင်ကျန်၊ နို့ဖိုအိုး၊ ဆင်ကျုံး၊ ပိန္နဲကုန်း၊ မတ်စိနောင်ကျန်၊ တံတားဦး၊ ထောင်မှူး၊ အင်းနီ၊ လေးတိုင်နှင့် သုဓမ္မဝတီ စသည့်ကျေးရွာပေါင်း ၂၀ ကျော်ရှိ ရွာအဝင်ဝများ၌ အဆိုပါ ဗီနိုင်းများစိုက်ထူထားပြီး ကျန်ရှိသောကျေးရွာအဝင်များတွင်လည်း ဆက်လက်စိုက်ထူသွားမည်ဟု ၎င်းက ဆိုသည်။

    ၂၀၂၀ ရွေးကောက်ပွဲပညာပေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် မွန်ပြည်နယ် လူထုဆုံရပ် ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်းက “ပြည်သူလူထု မကြိုက်တဲ့ ကိုယ်စားလှယ်ကို ထည့်ထားရင်တော့ NLD အထိနာမှာပေါ့၊ သူတို့မဲရဖို့ အင်မတန်နည်းသွားမှာပေါ့၊ စုစည်းမှုအားကောင်းတဲ့ပြည်သူလူထုကတော့ NLD ဗဟိုကို သွားရောက်တောင်းဆိုနိုင်လို့ ရေးမြို့မှာ ကိုယ်စားလှယ်လောင်းတစ်ယောက်လဲပေးတာလို့ ယူဆရတယ်ပေါ့” ဟု ဆိုသည်။

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီက ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့တွင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဝေဖန်ကန့်ကွက်ခံရသူများမှ ၁၂ ဦးကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    Photo- ဗီနိုင်းပိုစတာ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts