spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ နိုင်အောင်မငေးနှင့် ဆက်သွယ်မေးမြန်းချက်

    ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ နိုင်အောင်မငေးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၂၇)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် သြဂုတ်လ ၁၂-၁၃-၁၄ ရက်နေ့များတွင် ကျင်းပသည့်အခါ တပ်မတော်ပါဝင်သော အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO တို့ ချုပ်ဆိုကြမည့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် နိုင်အောင်မငေးနှင့် မွန်သတင်းအေဂျင်စီ နိုင်ဝဏ္ဏမာန် မွန်ဘာသာ ဆက်သွယ်မေးမြန်းချက်ကို ဗညားအောင်က မြန်မာဘာသာသို့ အနီးစပ်ဆုံးပြန်ဆိုသည်။

    မေး-မကြာမီကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် Union Accord-3 ချုပ်ဆိုတဲ့အခါ ဘယ်လိုအချက်အလက်တွေပါဝင်လာမလဲဆရာ

    ဖြေ-အခု Union Accord-3 မှာဆိုရင် အခန်း ၃ ခန်းပါရှိမယ်၊ အခန်း ၁ မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ၁၂ ချက် ရရှိထားပြီးပြီ၊ နောက် ၄ ချက်လောက်ထပ်ဖြည့်ပါဦးမယ်၊ ယခင်က ကျနော်တို့ အချက် ၂၀ လောက်တင်ထားတာ နောက် ၄ ချက်လောက်ဆို ၁၅ – ၁၆ ချက်လောက်တော့ ရလိမ့်မယ်ထင်တာပဲ။ နောက်တစ်ချက်က ၂၀၂၀ အလွန်အဆင့်လိုက် အပိုင်းလိုက်အကောင်အထည်ဖော်မှုများ ဒါကိုခေါင်းစဉ် ၈ ခုရေးထားပါတယ်၊ အဲဒီအထဲမှာ ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှုခွဲဝေခြင်း၊ မြေယာသယံဇာတ၊ လူမှုသဟဇာတ၊ ဘဏ္ဍာရေးဆိုင်ရာခွဲဝေမှု၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဒီလိုအချက်တွေပါဝင်တယ်၊ ဒီ ၈ ချက်ကိုချုပ်လိုက်ရင် ၂၁ ရာစုပင်လုံမှာ ဆွေးနွေးခဲ့ကြတဲ့ ကဏ္ဍကြီး ၅ ရပ်ပါပဲ။ အခန်း ၃ က ဖက်ဒရယ်လမ်းညွှန်အခြေခံမူ ၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဆိုရင် ဘာတွေ ဘာတွေ ပါဝင်ရမယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကိုအခြေခံပြီး ကျနော်တို့ ၃ ချက်ထပ်ဖြည့်လိုက်တော့ အားလုံး ၈ ချက်ဖြစ်သွားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာက NCA စာချုပ်မှာလည်း ပါပြီးသားအချက်တွေပါဝင်နေတယ်၊ ဥပမာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည် ဆိုတာမျိုးပေါ့။

    မေး-အခုလိုဆွေးနွေးကြတဲ့အခါမှာ ဘာအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါလဲ?

    ဖြေ- တချို့စကားလုံးဝေါဟာရတွေမှာ အခက်အခဲနည်းနည်းပါးပါးရှိပါတယ်၊ သူတို့(အစိုးရ) ပြောတယ် “ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ကျော်လွန်ခြင်းမရှိစေရ” ဒီလိုစကားလုံးတွေ Negative ဖြစ်နေမယ်ဆိုရင် မသင့်တော်ဘူး စကားလုံးဝေါဟာရလဲလှယ်ပေးဖို့၊ နောက်ပြီး “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” လို့ ကျနော်တို့ ခေါင်းစဉ်ပေးတော့ ဒါကိုသူတို့က “ပြည်နယ်အခြေခံဥပဒေ” ဆိုပြီးတော့ စကားလုံးပြောင်းခိုင်းတယ်၊ ဒီနေရာမှာလည်း ဝေါဟာရတွေက ဆန့်ကျင်ဖက်ဖြစ်နေကြပြန်တယ်၊ တလောက “ဝပြည်နယ်အခြေခံဥပဒေ” ထွက်လာတယ် ဆိုတော့ ကျနော်တို့ဆွေးနွေးဖို့ ခက်သွားပြန်ရော၊ ဝ (UWSA) စာအုပ်ထွက်လာပြီး တွေ့တယ်မလား “ဝပြည်နယ်အခြေခံဥပဒေ” သူတို့က “ဖွဲ့စည်းပုံ” ဆိုတာကိုမထည့်ပြန်ဘူး ဆိုတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ အမြင်နှစ်မျိုးဖြစ်နေရင် ဆွေးနွေးဖို့ခက်ပါလိမ့်မယ်၊ နောက်ပြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းကလည်း သင်တန်းတွေမှာ “ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေရ” ဒါကိုအမြဲတမ်းပြောနေတယ်၊ ရေးမြို့မှာ  ကျနော်တို့ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာလည်းပဲ “ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေရ” ရေးခဲ့တယ်၊ ဒါက ဖက်ဒရယ်ရဲ့သဘောတရားပဲလေ ဒါကိုခင်ဗျားတို့ကပဲရေးခဲ့တာ ကျနော်တို့(အစိုးရ) လက်ခံခဲ့တယ်၊ အခုကျတော့ ခင်ဗျားတို့ကပဲ လက်မခံပြန်ဘူး ဒီလိုမျိုးကြားရတယ်၊

    မေး-ဒါဆိုရင် ဆရာတို့လက်ခံမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဘယ်လိုလဲ?

    ဖြေ- ကျနော်တို့ ဆိုလိုတဲ့ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ၂၀၀၈ မဟုတ်ဘူးနော်၊ ကျနော်တို့ဆိုလိုချက်က “နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ ရရှိပြင်ဆင်ထားသော ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ” ဖြစ်တယ်၊ နောက်တစ်ချက် “ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတာ ကျနော်တို့က ၂၀၀၈ နဲ့ ဆက်စပ်မထားပါ၊ ဆိုလိုတာက “ဖက်ဒရယ်ပြည်ထောင်စု” မှာ ဒီလိုဒီလိုအချက်တွေပါရှိရမယ်ဆိုရင် ၂၀၀၈ ကိုပြောစရာမလိုတော့ဘူး၊ ဥပမာ -ကျနော်တို့က ဆင်လိုချင်တယ်ဆိုရင် ဆင်ဆိုတာဒါမျိုးဒါမျိုးရှိရမယ် ဆင်မဲကိုဆင်ဖြူဖြစ်အောင် လုပ်ရမယ်လို့ မပြောဘူး၊ ဖြူအောင် ဒါမျိုးဒါမျိုးပြင်ဖို့ ကျနော်တို့မပြော၊ ၂၀၀၈ ကိုခေါင်းထဲထည့်မစဉ်းစား၊ “ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ” သည် ဆင်နှင့်အလားသဏ္ဍာန်တူသည်။ ဒီလိုမျိုးဆင်တွေ ပါဝင်ရမယ်၊ အဖြူရောင်ဖြစ်ရမယ် အစွယ် နားရွက်တွေ ရှိရမယ် နားရွက်စုတ်ပြတ်၍မရပေ ဒါမျိုးကိုကျနော်တို့ပြင်ဆင်နေတာ ဖြစ်တယ်။ ၂၀၀၈ ကို ခေါင်းထဲမထည့်ပါ၊ မကြာခင် ရွေးကောက်ပွဲဖြစ်တော့မယ် ဘယ်အစိုးရတက်မှာလဲ မပြောတတ်ဘူး၊ ဘယ်ပါတီအပြတ်အသတ် အနိုင်ရမလဲမသိဘူး၊ နောက်ပြီး ၂၀၂၁ ဇွန်လမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မှာဖြစ်တယ်၊ စစ်တပ်မှာ မျိုးဆက်သစ်တွေ အစားထိုးလာမယ်၊ အရင့်အရင်ဆွေးနွေးပွဲတွေက ဦးအောင်မင်း၊ ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ မျိုးဆက်လက်ထက်က အပေးအယူလုပ်ပြီးသဘောတူခဲ့ကြတာရှိတယ်၊ အခု ကျနော်တို့ဆွေးနွေးနေရတဲ့ ဗိုလ်ချုပ်ရာပြည့်၊ ဗိုလ်ချုပ်မင်းနောင်တို့က ဒါကိုသူတို့မသိပါဘူးတဲ့။ နောက်လာမယ့်ကာလတွေမှာ စာနဲ့ပေနဲ့ ရေးသားခဲ့ကြတာ မရှိရင်သူတို့ မသိပါဘူးလို့ ပြောတယ်၊ ရှေ့တွေမှာ စာနဲ့ပေနဲ့ ရေးသားခဲ့တာမရှိရင် သူတို့မသိဘူး၊ စစ်တပ်မှာ မျိုးဆက်သစ်တွေ တာဝန်ယူရတော့မယ်၊ အဲဒီမျိုးဆက်သစ်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ အခုအနေအထားထက် ပိုခက်ခဲလာမှာစိုးလို့ ရှေ့လာမယ့်အစိုးရရော တပ်မတော်ကိုပါ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် လက်ရှိအစိုးရနဲ့ သဘောတူညီချက်တွေ ကြိုတင်ရယူထားဖို့ ပြည်ထောင်စု သဘောတူညီချက် ၃ ကို အခုလိုချုပ်ဆိုသွားမှာဖြစ်တယ်။

    Photo- NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် နိုင်အောင်မငေး (အံၚ်မ္ၚဵု)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks