spot_img
Wednesday, February 25, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရခိုင်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ပိတ်ထားမှု နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံဟုထောက်ပြ

    ရခိုင်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ပိတ်ထားမှု နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံဟုထောက်ပြ

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၂၁)

    လက်နက်ကိုင်ပဋိပက္ခနှင့် လူမျိုးရေးမုန်းတီးမှုများ ပိုမိုဆိုးရွားမလာရေးအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် တစ်နှစ်ကျော်ကြာ အစိုးရ အင်တာနက်ပိတ်ထားမှုသည် နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံခြင်းခံနေရဟု ယနေ့ကျင်းပသည့် Online ဆွေးနွေးပွဲတွင် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ထောက်ပြသည်။

    USAID ကူညီပံ့ပိုးမှုဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ၁ နှစ် ၁ လပြည့်အထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်၊ သုတေသီ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများနှင့် ယနေ့ကျင်းပသည့် ၂ နာရီခန့်ကြာ Online ဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဦးဦးလှစောက “လျှပ်စစ်မီးရသင့်ရထိုက်တဲ့နေရာမှာ လျှပ်စစ်မီးမရဘူးဆိုရင် လူတွေဘယ်လိုခံစားရမလဲ၊ တက္ကသိုလ်တက်နေတဲ့ကျောင်းသားတစ်ယောက် ပညာသင်ခွင့်မရတော့ဘူး  ကျောင်းကနေ ကန်ထုတ်လိုက်ရင် ဘယ်လိုခံစားရမလဲဗျ၊ ချိန်ကြည့်လို့ရှိရင် အဲဒီလိုဟာမျိုးတွေပေါ့ဗျာ၊ အင်တာနက်မရတဲ့ ရခိုင်နဲ့ ပလက်ဝလိုဒေသမျိုးက သီးခြားကိုခွဲခြားဆက်ဆံခံနေရတာပေါ့ဗျာ” ဟု ဆိုသည်။

    အဆိုပါဒေသခံများအနေဖြင့် ရသင့်ရထိုက်သောအခွင့်အရေးမရသလို အစိုးရကလည်း ပေးသင့်ပေးထိုက်တာကို မပေး၊ လုပ်သင့်လုပ်ထိုက်တာ မလုပ်သဖြင့် မျှတမှုမရှိဘဲ သီးခြားခွဲခြားဆက်ဆံခံနေရသည်မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုတွင် လုံးဝမဖြစ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 

    ယင်းကဲ့သို့ အင်တာနက်လိုင်းများ ပိတ်ပင်ဖြတ်တောက်ထားခြင်းသည် အစိုးရ၏ရည်ရွယ်ချက် အမှန်တကယ်ထိရောက်မှုရှိမရှိ ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း တကောင်းအင်စတီကျု လုံခြုံရေးရှုထောင့်လေ့လာသူ ဦးရဲမျိုးဟိန်းက ထောက်ပြသည်။

    “အင်တာနက်ပိတ်တာ တစ်နှစ်ကျော်ပြီး တစ်နှစ်နဲ့တစ်လဖြစ်ပြီ တိုက်ပွဲတွေလည်း ပြင်းပြင်းထန်ထန်လုပ်တယ်၊ Operational Advantages စစ်ဆင်ရေးအသာရမှု ရှိလားဆိုတော့ ကျနော်တို့ ထင်ထင်ရှားရှားမတွေ့ရဘူး နောက်တစ်ခု ပဋိပက္ခတွေပိုပြင်းထန်လာတယ် တိုက်ပွဲတွေပိုပြင်းထန်လာတယ်၊ လူထုမလုံခြုံမှုဟာ ပိုဆိုးလာတယ်၊ အဲဒါကို ကျနော်တို့ ပြန်စဉ်းစားသင့်တယ်လို့ မြင်ပါတယ်” ဟု ၄င်က ပြောသည်။

    ထို့အတူ အစိုးရအနေဖြင့် ဒေသခံလူထုနှင့်အတူ ယုံကြည်မှုကိုအမှန်တကယ်တည်ဆောက်လိုပါက ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုကို အမြန်ဆုံးဖယ်ရှားပေးရန်လိုအပ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization မှ ဌာနေတိုင်းရင်းသားလူမျိုးတိုးတက်ရေးစီမံကိန်း ပရိုဂရမ်ဒါရိုက်တာ  မိုင်းသင်းယုမွန်က တောင်းဆိုလိုက်သည်။

    မိုင်းသင်းယုမွန်က “အစိုးရက ပြန်ပြီးတော့သုံးသပ်မယ်ဆိုတဲ့ကာလအတွင်းမှာ ပါဝင်ပတ်သက်နေတဲ့ Actor တွေကို တတ်နိုင်သလောက်ချဉ်းကပ်ပြီးတော့မှ အရေးကြီးကြောင်းနဲ့ အစိုးရအနေနဲ့ ယုံကြည်မှုကို တကယ်ပဲအမှန်တကယ်တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် လူထုကိုဦးစားပေးတဲ့ လူထုကိုဗဟိုပြုတဲ့ စဉ်းစားဆုံးဖြတ်ချက်တွေကို အမှန်တကယ်ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ် ပြုလုပ်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့ အင်တာနက်ဖြတ်တောက်မှုနဲ့ ဖုန်းလိုင်းဖြတ်တောက်မှုကို အမြန်ဆုံးဖယ်ရှားပေးဖို့အတွက် ကျမတိုက်တွန်းချင်ပါတယ်”ဟု ဆိုသည်။

    ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA  နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် ယမန်နှစ် ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး အင်တာနက်ဖြတ်တောက်ရန် ပြည်တွင်း ဖုန်းအော်ပရေတာများကို  အစိုးရညွှန်ကြားခဲ့ကြောင်း၊ ၎င်းကိစ္စအပေါ် လာမယ့်သြဂုတ်လတွင် ပြန်လည်သုံးသပ်သွားမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။


    Photo- Online ဆွေးနွေးပွဲ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks