spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက COVID-19 ကာလအတွင်း “စာရင်းမပါသည့် လက်ဗလာများ” အမည်ရှိ အစီရင်ခံစာထုတ်ဝေ

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက COVID-19 ကာလအတွင်း “စာရင်းမပါသည့် လက်ဗလာများ” အမည်ရှိ အစီရင်ခံစာထုတ်ဝေ

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၁၅)

    COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချသူများ၏ စားဝတ်နေရေးရုန်းကန်မှု အခြေအနေများကို မီးမောင်းထိုးပြထားသည့် “စာရင်းမပါသည့် လက်ဗလာများ” အမည်ရှိ အစီရင်ခံစာကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် Online မှ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom က ယနေ့တွင် ထုတ်ဝေလိုက်သည်။

    Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်ကို ချမှတ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မည်သူ့ကိုမျှ ချန်မထားခဲ့သည့် စီမံချက်” ကို အကောင်အထည်ဖော်ခဲ့သော်လည်း မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ထိမ်းချုပ်နယ်မြေအတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချသူများ အထောက်အပံ့မရရှိခဲ့ကြာင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ဆိုသည်။

     “ အတိုင်ပင်ခံရဲ့ “No one left behind ” ဘယ်သူတစ်ဦးယောက်မှ နောက်မကျန်ရစ်စေရ မူကကောင်းပါတယ်၊ တတ်နိုင်သလောက်ဆောင်ရွက်နေတာတွေ့ရတယ်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတွေကလည်း အလုပ်လုပ်ပါတယ် ဒါပေမယ့် နိုင်ငံတော်အဆင့်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်တွေက ကူညီထောက်ပံ့မှုတွေဟာ နယ်စပ်ဒေသအထိ မစီးဆင်းသေးပါဘူး  လက်လှမ်းမမီနိုင်သေးဘူး၊ ဒါကြောင့် သူတို့ကို စာရင်းမပါသည့် လက်ဗလာများလို့ တင်စားခေါ်ဝေါ်လိုက်တာပါ” ဟု နိုင်အဲမွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မြန်မာပြည်တောင်ပိုင်းဒေသဖြစ်သော မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်အခြေစိုက်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အတွက် နယ်စပ်ဒေသတလျှောက်တွင် စစ်ရေးပဋိပက္မများမရှိသဖြင့် ငြိမ်းချမ်းနေသယောင် ထင်ရသော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသေးကြောင်း၊ ဆယ်စုနှစ်တစ်ခုနီးပါးခန့် နယ်စပ်ဖြတ်ကျော်အကူအညီများ Cross Border Assistance အကူအညီကင်းမဲ့နေခြင်းနှင့် Peace & NCA လုပ်ငန်းအစီအစဉ်များတွင် နေရပ်ရင်းပြန်လာရေးကိစ္စ မပါဝင်ခြင်းတို့ကြောင့် နယ်စပ်ဒေသတွင် နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချသူများ စားဝတ်နေရေးပြဿနာများနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

    “CBO, CSO, INGO, NGO ဒိုနာအဖွဲ့အစည်းတွေက မွန်ပြည်သစ်ပါတီရဲ့ Covid 19 အရေးပေါ်တုံ့ပြန်မှုကော်မတီကို တတ်နိုင်သလောက်တော့ အကူအညီပေးပါတယ်၊ ဒါပေမယ့် လုံလောက်မှုမရှိပါဘူး၊ အဲဒီမှာ ရွာပေါင်း ၁၉-၂၀ ရှိတာ ၈ ရွာမှာပဲ အချက်အလက်တွေကောက်ယူနိုင်ခဲ့တယ်၊ အထောက်အပံ့ပစ္စည်းတွေကို အချို့လူတွေရတယ် လုံးဝမရတဲ့လူလည်းတွေ့ရတယ်၊ အနီးအနားက မွန်ရွာမှာ အကူအညီရကြတယ် ကရင်ရွာမရဘူး၊ ကရင်ရွာတွေမှာ အကူအညီရတယ် မွန်ရွာမရပြန်ဘူး၊ ဒီလိုဖြစ်စဉ်တွေကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရော ဒိုနာတွေပါ သတိပြုနိုင်ဖို့ မီးမောင်းထိုးပြချင်တာလည်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    COVID-19 ကူးစက်ရောဂါ ကာလအတွင်း အသွားအလာကန့်သတ်ခြင်း ကဲ့သို့သော COVID-19 နှင့်ပတ်သက်သည့် ကန့်သတ်ထိန်းချုပ်မှုများကို နိုင်ငံတော်အစိုးရသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကပါ ချမှတ်ကျင့်သုံးခဲ့ရာ ရွှေ့ပြောင်းအခြေချသူများအနေဖြင့် ပုံမှန်လုပ်ငန်းများ လုပ်ကိုင်ရန်နှင့် မိုးတွင်းအတွက် အစားအစာများ ကြိုတင်သိုလှောင်သိမ်းဆည်းရန် မဖြစ်ခဲ့သည့်အတွက် စားဝတ်နေရေးကို ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရသည်ဟု ဆိုသည်။

     “တဖြည်းဖြည်းနဲ့ စားရမဲ့ သောက်ရမဲ့ဘဝကို ရောက်တော့မယ်။ ဆင်းရဲတာကနေ “လက်ဗလာ” အနေအထားကို ရောက်တော့မယ်။ ဒီရောဂါက ကျွန်တော်တို့ကို သပ်သပ်ခွဲခြားလိုက်တာပဲ။ ဥပဒေ(ကန့်သတ်ချက်) အသစ်တွေ ကြောင့်လည်း အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ မိသားစုကို ဘယ်လိုရှာကျွေးမလဲ။ အခုတော့ ဖြေလျှော့မှု တစ်ချို့တော့ ရှိလာပါပြီ။ ဒါပေမယ့် သိပ်နောက်ကျနေပြီ။ မိုးကျလာပြီလေ။ နွေရာသီမှာ အစားအစာစုဆောင်းဖို့ ကျွန်တော်တို့ အလုပ်လုပ်ခွင့် မရခဲ့ဘူးလေ”ဟု မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဗလယ်ဒုန်ဖိုက်ရွာမှ အသက် (၄၄) အရွယ် နိုင်ဆန်းဦး ပြောကြားချက်ကို Hurfom ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အထက်ပါအခက်အခဲများအပြင် ထိုင်းနိုင်ငံမှပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများအရေးကြောင့်လည်း မွန်နှင့် ကရင်ပြည်နယ်များမှ ဒေသခံပြည်သူများက ပိုမိုအခက်ကြုံခဲ့ရသလို ကန့်သတ်ချက်များကြောင့် အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေမရှာနိုင်သည့်အနေအထားတွင် ပြည်ပမှပြန်လာသူများကို ကူညီပံ့ပိုးပေးရသည့်အတွက် ဘူးလေးရာဖရုံ ဆင့်ဖြစ်ခဲ့ရသည်။

    စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ရန်အတွက် ၂၀၂၀ ဧပြီလ (၂၈) ရက်နေ့တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်ကို ချမှတ်ခဲ့ရာ ပန်းတိုင် (၇) ရပ်၊ နည်းဗျူဟာ (၁၀) ချက်၊ လုပ်ငန်းစဉ် (၃၆) ချက်နှင့် လုပ်ဆောင်ချက် (၇၆) ချက်ပါဝင်သော အဆိုပါစီမံချက်တွင် သာမန်လက်လုပ်လက်စား အိမ်ထောင်စုများကို အစားအသောက်နှင့် ငွေကြေး ထောက်ပံ့သည့် အစီအစဉ်အပြင် ရွှေ့ပြောင်းအခြေချသူများနှင့်သက်ဆိုင်သော စီမံချက်များလည်း ပါဝင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

    Photo- “စာရင်းမပါသည့် လက်ဗလာများ” အစီရင်ခံစာမျက်နှာဖုံး (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks