spot_img
Sunday, February 15, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေ

    ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေ

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၁၃)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ပြည်ပရောက်မြန်မာနိုင်ငံသား ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းလုပ်သားများက စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့ သုဓမ္မဝတီ မွန်ဘုန်းတော်ကြီးကျောင်း၌ ထိုင်းနိုင်ငံဒေသအသီးသီးမှ မွန်ရွှေ့ပြောင်းလုပ်သား အင်အား ၅၀၀ ခန့်စုစည်း၍ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်သည်။ 

    မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်၏ ၂၀၂၀ ရွေးကောက်ပွဲအထောက်အကူပြုကော်မတီဝင် နိုင်ကဆော့မွန်က “ထိုင်းနိုင်ငံက မွန်ဆရာတော်ကြီးတွေ ထိုင်းနိုင်ငံမွန်အသင်းအဖွဲ့များ MAT ခေါင်းဆောင်တွေ ဦးစီးပြီးတော့ အစည်းအဝေးကို ခေါ်ယူကျင်းပတာဖြစ်တယ်၊ ကြိုတင်မဲပေးနိုင်ဖို့ တောင်းဆိုချက် ပုံစံ(၁၅) ဘယ်လိုယူရမယ် ဘယ်လိုဖြည့်ပြီး ဘယ်ကိုပို့ဆောင်ပေးရမလဲ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးရှင်းပြခဲ့ပါတယ်” ဟု ဆိုသည်။

    အဆိုပါ ဆန္ဒမဲပေးခွင့်ရှိသော ရွှေ့ပြောင်းလုပ်သားများအတွက် လိုအပ်သော အကူအညီများပေးနိုင်ရန် အစည်းအဝေးတွင် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးကျင်းပသည့် သုဓမ္မဘုန်းတော်ကြီးကျောင်း၌ ယာယီရုံးခန်းထားရှိကာ  ဒေသအလိုက်တာဝန်ယူဆောင်ရွက်ကြမည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။

    မြန်မာနိုင်ငံတွင် မိမိတို့နေထိုင်ခဲ့သော ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊ ကျေးရွာ/ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများသို့ ဆန္ဒမဲပေးခွင့်တောင်းဆိုသည့် ပုံစံ (၁၅) များကို ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website: www.uec.gov.mm နိုင်ငံခြားရေးဝန်ကြီးဌာန Website: www.mofa.gov.mm သံရုံး Website: www.mebangkok.org တို့မှ Download ရယူနိုင်ပါကြောင်းနှင့် ဘန်ကောက်မြို့မြန်မာသံရုံး၊ ဘန်ကောက်၊ ချင်းမိုင်း၊ မဲဆောက်နှင့် ရနောင်းရှိ အလုပ်သမားသံအရာရှိရုံးသို့လည်း ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။

    ကြိုတင်ဆန္ဒမဲပေးလိုသူ မဲဆန္ဒရှင်များမှ အဆိုပါ ပုံစံ(၁၅) များအား အချက်အလက်ပြည့်စုံမှန်ကန်စွာဖြည့်သွင်း လက်မှတ်ရေးထိုးပြီး ဘန်ကောက်မြန်မာသံရုံးသို့ ဇူလိုင်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အတွင်း လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ စာတိုက်မှဖြစ်စေ အီးမေးလ်မှဖြစ်စေ အချိန်မီပေးပို့စေလိုကြောင်း အသိပေးနှိုးဆော်ထားသည်။

    အလားတူ ရွေးကောက်ပွဲကော်မရှင်မှ ဖေါ်ပြထားသည့် ဖောင်ပုံစံ (၁၅) များအား ထုတ်ယူရန်နှင့် ပေးပို့ရန်အခက်အခဲရှိပါက မိမိတို့ FED (ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း) ရုံး ဖုန်းနံပါတ် 076 486 351 သို့မဟုတ် တစ်ခြားအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်း လူမှုကွန်ရက်စာမျက်နှာမှ အသိပေးနှိုးဆော်ထားသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံရောက် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ သိန်းနီးပါးခန့်ရှိသည်ဟု ပြီးခဲ့သည့်မတ်လအတွင်းက ထိုင်းအစိုးရအလုပ်သမားရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းတို့ကြိုတင်မဲပေးနိုင်ရန် အစိုးရမှ ရုံးခွဲများအလျှင်အမြန်ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုပါက ဆုံးရှုံးသွားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုကော်မတီဝင် ဦးကျော်မြင့်က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။  

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံမြန်မာသံရုံးနှင့် ကောင်စစ်ဝန် ရုံးမှတဆင့် မဲထည့်သူ မြန်မာနိုင်ငံသား စုစုပေါင်း ၆၀၂ ဦးသာ ရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

    Photo- ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းလုပ်သားများ အစည်းအဝေး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks