spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၁၉ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ရာတွင် တပ်မတော်သားနှင့် EAOs နှစ်ဖက်ပေါင်း ၁၇၀၀ ကျော်အသက်ဆုံးရှုံးနိုင်ကြောင်း MIPS ထုတ်ပြန်

    ၂၀၁၉ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ရာတွင် တပ်မတော်သားနှင့် EAOs နှစ်ဖက်ပေါင်း ၁၇၀၀ ကျော်အသက်ဆုံးရှုံးနိုင်ကြောင်း MIPS ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၉)

    ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခအနည်းဆုံး ၁၀၈၃ ကြိမ် ဖြစ်ပွားခဲ့ရာတွင် တပ်မတော်သားနှင့် တိုင်းရင်းသား လက်နက်ကိုင် EAOs အဖွဲ့ဝင် နှစ်ဖက်ပေါင်း အနည်းဆုံး ၉၃၄ ဦးမှ အများဆုံး ၁၇၁၁ ဦးအထိ အသက်ဆုံးရှုံးမှုရှိနိုင်ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) က ခန့်မှန်း သုံးသပ်ထားသည်။

    ဇူလိုင်လ ၇ ရက်နေ့တွင် MIPS ထုတ်ပြန်ခဲ့သည့် “ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာသုံးသပ်ချက် – ၂၀၂၀” သုတေသနအစီရင်ခံစာက ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ်ပေါင်း ၅၀ ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သား အနည်းဆုံး ၁၅၁ ဦး သေဆုံးပြီး ၃၈၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ။ 

    MIPS အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက “ဒီနှစ် အစီရင်ခံစာက ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေတွေ အပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်မှု ဖြစ်ပွားတာတွေကို လေ့လာ ဆန်းစစ်ပြီး ဒီအစီရင်ခံစာမှာ တင်ပြထားပါတယ်” ဟု ဆိုသည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်ပ လက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (Arakan Army – AA) အဖွဲ့တို့သည် ယမန်နှစ်က လက်နက်ကိုင် ပဋိပက္ခ အနည်းဆုံး ၆၂၆ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

    ဒေါက်တာမင်းဇော်ဦးက “ဒီ သုတေသန ဆန်းစစ်လေ့လာမှုကို ဆောင်ရွက်တဲ့ အခါမှာ ကျွန်တော်တို့ ကျင့်သုံးတဲ့ မူဝါဒကတော့ အချက်အလက်တွေက အခြေအနေကို သူ့ဖာသာ ရှင်းလင်းတင်ပြတဲ့ သုံးသပ်နည်းကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ပြောရင်တော့ Let the data speak for themselves ပေါ့” ဟု ပြောကြားသည်။

    ပဋိပက္ခနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကြောင့် အရပ်သား သေဆုံးမှု အများဆုံး ဖြစ်ပွားသည့် ဒေသမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များ ဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထို့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ နီးပါးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က ဇူလိုင်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 

    လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တပ်မတော်နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများကို ၂၀၂၀ ပြည့်နှစ် အတွင်း ဆောင်ရွက်ရန် စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ” ကို ၂၀၂၀ ပြည့်နှစ် အတွင်း ကျင်းပရန် လျာထားသော်လည်း ထိရောက်သည့် သဘောတူညီချက် ရရှိရေး အတွက် ကြိုတင် ပြင်ဆင် ညှိနှိုင်းရန် အချိန် လုံလောက်မှု မရရှိနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ နေရကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

    Photo-ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် ၂၀၂၀ (MIPS)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks