spot_img
Saturday, February 14, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ညီညွှတ်ရေးပါတီကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်မည်

    မွန်ညီညွှတ်ရေးပါတီကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်မည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၆)

    လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းများအား ဇူလိုင်လ ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်သွားမည်ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

    “မြို့နယ်ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၁၅ ရက်နေ့အထိ နောက်ဆုံးထားရွေးချယ်မယ်၊ ဗဟိုကနေနောက်ဆုံးအတည်ပြုပေးမှာကတော့ ဇူလိုင် ၃၀ အစား ၂၀ ရက်နေ့ကို ရက်ရွှေ့လိုက်ရတယ်၊ ဒါမှလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကော်မရှင်ကို စာရင်းတင်လို့မှီအောင်ပေါ့နော်” ဟု နိုင်စံတင်က ဆိုသည်။

    ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ထားသည်။

    မွန်ညီညွှတ်ရေး ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်တလညီက “ကိုယ်စားလှယ်လောင်း အမည်စာရင်းအတည်ပြုပြီးရင် စည်းရုံးရေးလုပ်ငန်းတွေ စလုပ်တော့မယ် ကိုယ်စားလှယ်လောင်း အရည်အချင်း ၁၈ ချက်ရှိတယ်ပေါ့နော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဲဒီအချက်တွေပြည့်စုံနေမယ်ဆိုရင် ကိုယ်ဝင်ပြိုင်မယ့်မဲဆန္ဒနယ်မှာ နိုင်ကိုနိုင်ရမယ်” ဟု ၎င်းကဆိုသည်။

    ကိုယ်စားလှယ်လောင်း အမည်စာရင်း ထွက်ရှိလာမှသာ ရွေးကောက်ပွဲဆိုင်ရာ နယ်မြေစည်းရုံးရေးနှင့် ပါတီစည်းရုံးရေး လုပ်ငန်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးတွင် စတင်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

    နိုင်တလညီက “ကျနော်တို့ပါတီက မွန်လူမျိုးအရေး တစ်ခုတည်းကို လုပ်ဆောင်တာမဟုတ်ဘူးပေါ့နော် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံပြီး ဦးဆောင်သွားမှာပါ၊ ဗမာလူမျိုးဖြစ်စေ ကရင်လူမျိုးဖြစ်စေ ပအိုဝ်းလူမျိုးဖြစ်စေ တခြားဘာသာခြားဖြစ်စေ ကျနော်တို့နဲ့အတူ တစ်သားထဲ လုံးဝခွဲခြားမထားပါဘူး၊ တစ်ချို့လူတွေ မြင်နေတာက သူတို့ မွန်လူမျိုးတစ်ခုအတွက်ပဲ လုပ်ဆောင်သွားဖို့ ပါတီဖွဲ့ထားတာလား ဆိုတဲ့ စဉ်းစားချက်မျိုးတော့ရှိကြတယ်ပေါ့နော်၊ နာမည်ကသာ တိုင်းရင်းသားပါတီပါ၊ လုပ်ဆောင်ခွင့်ရလာတဲ့ အခါကျရင် ပြည်နယ် အကျိုး ပြည်ထောင်စု အကျိုး တစ်ခုလုံးအတွက်ပါပဲ” ဟု ဆိုသည်။

    လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို  သက်ဆိုင်ရာမြို့နယ်ပါတီကော်မတီဝင်များက ရွေးချယ်နေဆဲဖြစ်သည်။ 

    ယင်းကဲ့သို့ ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက် စိတ်ကြိုက်ရွေးချယ်စေမှာဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ MUP ဗဟိုမှ ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက အသိပေးပြောကြားထားသည်။

    Photo- MUP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks