spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးယခင်နဝတစစ်အစိုးရအပစ်အခတ်ရပ်စဲရေး ရိုးသားဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီဥက္ကဌ သုံးသပ်

    ယခင်နဝတစစ်အစိုးရအပစ်အခတ်ရပ်စဲရေး ရိုးသားဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီဥက္ကဌ သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၂၉)

    အပစ်အခတ်ရပ်စဲလာသည့် ၂၅ နှစ်ပြည့်အတွေ့အကြုံအရ ယခင်နဝတစစ်အစိုးရမှ ရိုးသားမှုဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် သုံးသပ်ပြောဆိုလိုက်သည်။

    မွန်နိုင်ငံရေးလေ့လာသူ ပညာရှင်များဦးဆောင်၍ “မွန်ပြည်သစ်ပါတီ၏ ၂၅ နှစ်အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်ခြင်း” ယနေ့ Zooming Online ဆွေးနွေးပွဲတွင် နိုင်ဟံသာ သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

    နိုင်ဟံသာက “နိုင်ငံရေးဆွေးနွေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရတာဖြစ်တယ် အပစ်အခတ်ရပ်စဲတာဟာ ပထမအဆင့်ဖြစ်ပြီးတော့ ဒုတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးဖို့ပါ၊ အပစ်ရပ်ထားတဲ့အဆင့်တွေမှာပဲ ရပ်တန့်ထားဖို့မသင့်ပါဘူး ကျနော်တို့အတွေ့အကြုံအရ ဒီနေ့ ၂၅ နှစ်ပြည့်လာတဲ့အထိ ယခင်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာကိုသုံးသပ်ရင် ရိုးသားဖြောင့်မတ်မှုမရှိဘူးလို့ မြင်တယ်” ဟု ဆိုသည်။

    သို့ရာတွင် နဝတလက်ထက် အပစ်အခတ်ရပ်စဲပြီးသည့်နောက်ပိုင်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များ နိုင်ငံရေးဆွေးနွေးရန် ပြောဆိုသည့်အခါ ငြင်းပယ်ခံရကြောင်း၊ ၎င်းတို့မှာ စစ်အာဏာသိမ်းအဖွဲ့ဖြစ်သည့်အတွက် နိုင်ငံရေးအာမခံချက်များပေးမရဟု ဆိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး လူထုရွေးချယ်တင်မြှောက်သောအစိုးရပေါ်ပေါက်လာပါက နိုင်ငံရေးဆွေးနွေးပွဲကျင်းပပေးမည်ဟု ယခင်စစ်ထောက်လှမ်းရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကတိကဝတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။ 

    ဆက်လက်၍ နိုင်ဟံသာက “ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေပြီးတာနဲ့ ၂၀၀၉ မှာ ဖိအားပေးတော့တာပဲ၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်လူကြီးပိုင်းတွေ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်၊ ကျန်တဲ့လူတွေက နယ်ခြားစောင့် BGF မဟုတ်ရင် ပြည်သူ့စစ်ဖွဲ့ပါလို့ ဖိအားပေးတယ်၊ လက်မခံတဲ့အဖွဲ့အစည်းကို ရန်သူလို့သတ်မှတ်မယ် အဲလိုပြောလာတယ်” ဟု ပြောသည်။

    စစ်အစိုးရဖိအားပေးသည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ လက်နက်စွန့်ခြင်း၊ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်အဖွဲ့များ ပြောင်းလဲဖွဲ့စည်းခဲ့ရကြောင်း ၎င်းက ထောက်ပြသည်။

    သို့သော် မြန်မာ့အရေးလေ့လာသူ Ashley South က လက်ရှိအနေအထားအရ အကောင်းဘက်ကိုကြည့်လျှင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုများတွင် မွန်ပြည်သစ်ပါတီက ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေသဖြင့် လက်ရှိမြန်မာ့ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။ 

    “NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ မွန်ပြည်သစ်နဲ့ မွန်ပြည်သူလူထုတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခွင့်ရှိလာတယ်၊ မွန်ပညာရေးအပိုင်းမှာလည်း တော်တော်လေးအောင်မြင်လာတယ်၊ စာသင်ကျောင်းတွေမှာ မိခင်အခြေပြုဘာသာစကားနဲ့ သင်ကြားခွင့်မရသေးပေမယ့် အခြားတိုင်းရင်းသားတွေထက် မွန်ပညာရေးကတော့ ရှေ့ကိုရောက်နေပါတယ်” ဟု Ashley South က သုံးသပ်သည်။

    တဖက်တွင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာလည်း NCA ဖော်ဆောင်ရာတွင်စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ မွန်ဒေသတွင်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့သည် ကြီးမားသောစိန်ခေါ်မှုများဖြစ်လာကြောင်း ၎င်းက ထောက်ပြသည်။

    ထိုစဉ်က မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲပြီးနောက်ပိုင်း နယ်မြေအေးချမ်းလာသည့်အတွက် ရေးမြို့နယ်တွင် တပ်မတော်၏ ခြေမြန်တပ်ရင်းအသစ်များ၊ အမြှောက်တပ်များ လာရောက်အခြေစိုက်သဖြင့် ဒေသခံတို့၏ ဥယျာဉ်ခြံ ဧကတစ်သောင်းနီးပါး လျှော်ကြေးမရဘဲ သိမ်းဆည်းခံလိုက်ရသည်။

    ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မော်လမြိုင်မြို့အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအခမ်းအနားကျင်းပခဲ့စဉ်က အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း လက်နက်စာရင်းနှင့်တကွ တင်ပြခဲ့သည်။

    ယနေ့ကျင်းပသည့် “မွန်ပြည်သစ်ပါတီ၏ ၂၅ နှစ်အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်ခြင်း” ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီဥက္ကဌ အပါအဝင် မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ Martin Smith, Ashley South, Tim Schroeder နှင့်အတူ မွန်နိုင်ငံရေးလေ့လာသူများ၊ သုတေသနပညာရှင်များနှင့် အရပ်ဖက်မွန်လူမှုအဖွဲအစည်းတို့က ၃ နာရီကြာခန့် ပါဝင်ဆွေးနွေးသုံးသပ်ခဲ့ခြင်း ဖြစ်သည်။ 

    Photo- မွန်ပြည်သစ်ပါတီ ၂၅ နှစ်ပြည့်အပစ်အခတ်ရပ်စဲရေး Online ဆွေးနွေးပွဲ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks