spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအတွက် ထားစရာနေရာလုံလောက်မှုမရှိတော့ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်တာဝန်ရှိသူပြော

    မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအတွက် ထားစရာနေရာလုံလောက်မှုမရှိတော့ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်တာဝန်ရှိသူပြော

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၆)

    မူးယစ်ဆေးဝါးအန္တရယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးအရေးယူလျက်ရှိရာ ၎င်း၏ထိန်းချုပ်ဒေသတစ်ခုဖြစ်သော သထုံခရိုင်အတွင်း ပြစ်မှုကျူးလွန်သူတရားခံများအတွက် ထိန်းသိမ်းထားစရာနေရာ လုံလောက်မှုမရှိတော့ဟု မွန်ပြည်သစ်ပါတီသထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    မွန်ပြည်သစ်သတင်းစဉ် Online မှ မွန်ဘာသာဖြင့် ဖြန့်ချိခဲ့သော “မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး” Documentary အပိုင်း(၂) တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများနှင့် သုံးစွဲသူများအား ဖမ်းဆီးအရေးယူထားမှုအပေါ် မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဝန်ထုတ်ဝန်ပိုးဖြစ်လာရကြောင်း ခရိုင်အလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဇော်မင်းဦးက ပြောဆိုထားသည်။

    နိုင်ဇော်မင်းဦးက “လက်ကြီးသမားတွေကိုပဲ ဖမ်းချင်ပါတယ်၊ လူများများဖမ်းမိရင် ကျနော်တို့ဆီမှာ ထိန်းသိမ်းဖို့နေရာအတွက် အခက်အခဲ တော်တော်လေးရှိလာတယ်၊ ဖမ်းဆီးမိလာရင် နေစရာနေရာအတွက် အခက်အခဲဖြစ်လာရတာကတစ်မျိုး သူတို့စားရေးသောက်ရေးကိစ္စတွေကိုလည်း ပါတီအနေနဲ့တာဝန်ကြီးလာတဲ့အတွက် တခါတလေမှာ အဖမ်းအဆီးတွေမလုပ်ဖို့ တားထားလိုက်ရတယ် သုံးစွဲတဲ့အဆင့်လောက်ပဲဆိုရင် ဖမ်းမလာပါနဲ့တော့လို့၊ ဘာဖြစ်လဲဆိုရင် ဖမ်းလာပြီးဆိုရင် အိပ်ဖို့နေရာမပေးနိုင်ဘူး ထားဖို့အခန်းနေရာလည်း မရှိဘူး နောက်ပြီး သူတို့ကို ကျွေးမွေးတဲ့ကိစ္စကလည်း တာဝန်တော်တော်ကြီးလေးလာတယ်” ဟု ဆိုသည်။  

    Covid-19 ရောဂါကာကွယ်ထိန်းချုပ်ခဲ့သည့် မတ်လမှ မေလပထမပတ်အတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း-မင်းရွာအနီး အခြေစိုက်လျက်ရှိသော မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်သူ ၅၀ ခန့် ဖမ်းဆီးသိမ်းထားကြောင်း၊ ၎င်းအနက် အမျိုးသမီးအရေအတွက် ၄ ပုံ ၁ ပုံပါဝင်နေကြောင်း၊ ဆီးချိုးရောဂါအခံရှိသူ သက်ကြီးပိုင်းအမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်များလည်း ပါဝင်နေကြောင်း  “မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး” Documentary အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

    ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအုပ်စု ဝဲရိတ်ရွာနေ မိငွေထုတ်က “အခုဆိုရင် မိဘတွေလည်း ပြောဆိုဆုံးမ မနိုင်တော့ဘူး၊ တော်တော်များများကို မိဘတွေသွင်သင်ဆုံးမတာ မရတော့ဘူး၊ မူးယစ်ဆေးဝါးတောင်မကပါဘူး ဘာအရွက်ညာအရွက်တွေမှန်းလည်းမသိရဘူး သူတို့လိုက်ပြီး သုံးစွဲနေကြတာ၊ ဒါတွေကင်းစင်သွားအောင် ဖမ်းဆီးအရေးယူပေးနေတာကို အရမ်းကို ဝမ်းသာပါတယ်” ဟု အဆိုပါ Documentary အပိုင်း(၂) တွင် ပြောဆိုထားသည်။

    အထူးအဖြင့် ကျေးရွာများတွင် ၁၀ နှစ်နှင့်အထက် ခလေးလူငယ်များ  သုံးစွဲနေကြသည်ကို ကျေးရွာအကြီးအကဲများ ပြောဆိုဆုံးမသော်လည်း ထိရောက်မှုမရှိသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရေးယူပေးဆောင်ရွက်ပေးစေလိုကြောင်း အလားတူ ကော့မိတ်ကျေးရွာ ရပ်မိရပ်ဖ နိုင်စိုးခိုင်က ပြောထားသည်။

    နိုင်စိုးခိုင်က “အများအားဖြင့်တော့ မိဘတွေက ရပ်ရွာမှာမရှိကြဘူး၊ အဖိုးအဖွားတွေနဲ့နေကြတာများတော့ ဒီလိုကိစ္စတွေအဖြစ်များလာတာလို့လည်း ဆိုနိုင်တယ်၊ ခလေးတွေ စာရိတ္တချို့ယွင်းလာတယ်၊ ပညာရေးအပိုင်းမှာလည်း ထိခိုက်လာတယ်၊ ဒီမှာက တော်တော်များဆိုမှ တော်တော်များများကို ဖြစ်နေတာ အဲဒါကြောင့် ထိရောက်ပြတ်သားစွာ အရေးယူစေချင်ပါတယ်” ဟု ဆိုသည်။ 

    အဆိုပါ “မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး” Documentary အပိုင်း(၂) တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်း မူယစ်ဆေးဝါးပြစ်မှုဖြင့် အရေးယူခံထားရသူများ၏ နောက်ခံပုံရိပ်များ၊ အင်တာဗျူးများနှင့်အတူ မူးယစ်ဆေးဝါးကြောင့် နောက်ဆုံးရလိုက်သည့်သင်ခန်းစာမှာ “နောင်တ” ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

    အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးဒေသများတွင်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆေးစွဲသူများပြန်လည်ကုသရေး၊ ပြစ်မှုကျူးလွန်သူတရားခံများ ထိန်းသိမ်းထားရှိရန်လုံခြုံသောနေရာနှင့် စားနပ်ရိက္ခာများရရှိရေးအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာသည်ဟု သတင်းရရှိသည်။

    မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး အပိုင်း(၁) https://www.facebook.com/NewMonStateNews/videos/262527134971301/

    မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး အပိုင်း(၂) https://www.facebook.com/NewMonStateNews/videos/605280790112301/

    မူးယစ်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ >> https://bit.ly/3fwUct3

    Photo- မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံရသူများ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks