spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမြို့နယ်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဗဟိုမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်

    မြို့နယ်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဗဟိုမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၆)

    ၂၀၂၀ ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက် စိတ်ကြိုက်ရွေးချယ်စေမှာဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ MUP ဗဟိုမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ကျန်ရစ်က ပြောကြားသည်။

    “မိမိတို့ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့က မိမိတို့မြို့နယ်ကော်မတီတွေအပေါ်မှာပဲ အဓိက မူတည်ပါတယ်၊ ရွေးချယ်မှုအခွင့်အာဏာတွေ မြို့နယ်ကိုအပြည့်အပ်နှင်းပေးထားပါတယ်၊ ကျနော်တို့ဗဟိုအဆင့်ရွေးချယ်ရေးအဖွဲ့ကနေ မြို့နယ်တွေကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး၊ ကိုယ့်မြို့နယ်ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်မြို့နယ်ကသာ ရွေးချယ်တာ အကောင်းဆုံးပါပဲ” ဟု နိုင်ကျန်ရစ်က ဆိုသည်။

    မွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်တင်အောင်၊ ဗဟိုအလုပ်အမှုဆောင်ဝင်များဖြစ်ကြသော နိုင်ကျန်ရစ်၊ နိုင်မွန်ရာဇာနှင့် နိုင်အောင်မွန်တို့ ပါဝင်သည့် ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာ နှင့်ပတ်သက်၍ ယနေ့(ဇွန် ၁၆) တွင် သံဖြူဇရပ်မြို့၌ မြို့နယ် MUP ပါတီကော်မတီဝင် ၁၀၀ ခန့်အား လာရောက်တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

    ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူ ပါတီဝင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်ပါတီရုံးအသီးသီးသို့ ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထား၍ သတ်မှတ်လျှောက်လွှာပုံစံဖြင့် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပြီး မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က မိမိတို့ ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဗဟိုဌာနချုပ် စာရင်းပေးပို့ရမည်ဟု အသိပေးထားသည်။

    MUP ပါတီကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်ရှိသည့်အနက် အဓိကအားဖြင့် ဒေသခံ (သို့မဟုတ်) ဒေသတွင်းနေထိုင်သူ (သို့မဟုတ်) ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ရမည်ဟု ကိုယ်စားလှယ်လောင်းအရည်အချင်း (Criteria of Candidate) သတ်မှတ်ချက်တွင် ဦးစားပေး ဖော်ပြထားသည်။

    သံဖြူဇရပ်မြို့နယ်မဲဆန္ဒနယ်မြေတွင် ပြည်နယ်လွှတ်တော် ၂ ဦး၊ ပြည်သူ့လွှတ်တော် ၁ ဦးနှင့် အမျိုးသားလွှတ်တော် ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦးတို့ကို ရွေးချယ်ရန် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ သံဖြူဇရပ်မြို့နယ်အတွင်း မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, အမျိုးသမီးပါတီ (မွန်) နှင့် မွန်အမျိုးသားတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများစွာ ပါဝင်ယှဉ်ပြိုင်ကြသဖြင့် မွန် ကိုယ်စားလှယ်လောင်းများအချင်းချင်းထိပ်တိုက်ဖြစ်ကုန်ကြပြီး NLD ကိုယ်စားလှယ်များက မဲဆန္ဒနယ်မြေအားလုံးတွင် အပြတ်အသပ် အနိုင်ရရှိခဲ့ကြောင်း တွေ့ရသည်။ 

    သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ တစ်ခုတည်းသောမွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အသီးသီး၌ ၁ ဦးစီ စုစုပေါင်း ၃ ဦးအနိုင်ရရှိခဲ့ဖူးသည်။

    ယခုအခါ မွန်အင်အားစုအားလုံး ပြန်လည်ပေါင်းစည်းထားသော မွန်ညီညွတ်ရေးပါတီ၏ တစ်ခုတည်းသော အလံတော်အောက်တွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ကြမည့် မွန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနေရာအတော်များများတွင် အောင်ပွဲဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

    လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၆ ဦးတို့ဖြင့်ဖွဲ့စည်းထားပြီး အဖွဲ့ ၅ ဖွဲ့ခွဲကာ သက်ဆိုင်ရာမြို့နယ်ပါတီရုံးအသီးသီးသို့ သွားရောက်၍ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရှင်းလင်းပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

    အလားတူ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လက်ရှိတွင် မြို့နယ်အသီးသီး၌ ကိုယ်စားလှယ်လောင်းများရွေးချယ်လျက်ရှိကြောင်း၊ မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကလည်း လွန်ခဲ့သည့် ၃ လကတည်းကပင် ကိုယ်စားလှယ်လောင်းများရွေးချယ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

    Photo-MUP ဗဟိုမှ သံဖြူဇရပ်မြို့နယ် MUP ပါတီကော်မတီဝင်များအား ရှင်းလင်းပြောကြားစဉ် (MUP –Central)  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks