spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးတောင်ပိုင်း ဓနိကြာစံပြကျေးရွာတည်ဆောက်ရေး ရွာသားအများစုလက်မခံ

    ရေးတောင်ပိုင်း ဓနိကြာစံပြကျေးရွာတည်ဆောက်ရေး ရွာသားအများစုလက်မခံ

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၅)

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မန်ကြီးကျေးရွာအုပ်စုအတွင်း ဗလဲ့ခပွားတောင်ကိုအမှီပြု၍ မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းနှင့်အကြုံးဝင်သည့် ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေးအတွက် ဒေသခံထောက်ခံလက်မှတ်များ ကောက်ခံရာတွင် ရွာသားအများစုလက်မခံကြောင်း သတင်းရရှိသည်။

    ဘိုးဘွားအစဉ်အဆက်များစွာကတည်းက ဥယျာဉ်ခြံမြေစိုက်ပျိုးလုပ်ကိုင်နေထိုင်လာကြသည့် ဒေသခံများကို ဓနိကြာအပြင်ရွာနှင့် အတွင်းရွာအကြားရှိ စံပြရွာသစ်တည်ဆောက်မည့် မြေ၁၂ ဧကအကျယ်ရှိသည့်နေရာသို့ နေအိမ်များရွှေ့ပြောင်းရန် အဆိုပါ ကုမ္ပဏီက ကြိုးပမ်းအကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်သည်။

    မန်ကျီးကျေးရွာသား နိုင်ဟောင်းစားက “အခုသူတို့ အကောင်အထည်ဖော်နေတဲ့ ဓနိကြာစံပြကျေးရွာဆိုတာက ကျနော်တို့အတွက်ဘာမှ အကျိုးမရှိပါဘူး၊ တစ်ခြားဒေသကလူတွေခေါ်လာပြီး ကျနော်တို့လူမျိုးအပေါ် လွှမ်းမိုးနိုင်ဖို့ဖြစ်တယ်၊ ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံရင် ကျနော်တို့ ဒေသခံတွေအတွက်အကျိုးယုတ်ဖို့ပဲ ရှိပါတယ်၊ သူတို့စံပြကျေးရွာဖြစ်လာခဲ့ရင် အုပ်ချုပ်ရေးမှူးတွေက သူတို့လူမျိုးပဲဖြစ်လာမယ်၊ ကျနော်တို့မူလဒေသခံတွေဟာ အလိုလိုနေရင်း သူတို့ရဲ့အုပ်ချုပ်မှုအောက် ရောက်ရှိသွားမှာပါ” ဟု ဆိုသည်။

    ထို့အတူ အဆိုပါ ကုမ္ပဏီလက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓနိကြာစံပြကျေးရွာမြေနေရာသည်  ရွာသားများပိုင်ဆိုင်သော လက်ရှိခြံမြေနေရာများသာ ဖြစ်နေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဓနိကြာအပြင်ရွာနေ မိညွန့်စိန်က ပြောသည်။

    မိညွန့်စိန်က “တကယ်လို့ဒီနေရာကနေ ကျမတို့ပြောင်းမယ်ဆိုရင် ကျမတို့အတွက် ဘာမှအကျိုးမရှိပါဘူး၊ ဒါကြောင့် ကျမတို့မသွားဘူး၊ လက်ရှိကျမတို့နေထိုင်နေတဲ့ နေရာကလည်း အကောင်းပဲ၊ ကျမတို့အိမ်တွေကလည်း အကောင်းပဲရှိနေသေးတာ ဒီနေရာက ကျမတို့မိဘတွေထားပေးခဲ့တဲ့ ခြံမြေတွေဖြစ်တဲ့အတွက် ဒီနေရာမှာပဲ ကျမတို့ ဆက်နေသွားမယ်” ဟု ဆိုသည်။

    အဆိုပါ ဗလဲ့ခပွားတောင်တဝိုက်တွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီက လယ်ယာမြေများစွာကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားရရှိထားပြီးဖြစ်သည့်အပြင် ဥယျာဉ်ခြံမြေနေရာအချို့ကိုလည်း လမ်းခင်းကျောက်တူးဖော်ထုတ်လုပ်ခွင့် ဆက်လက်လျှောက်ထားကြောင်း ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးကြည်စိုးက မွန်သတင်းအေဂျင်စီကို ပြောခဲ့သည်။

     “အခုကျနော်တို့ ပြောရမယ်ဆိုရင် ပြည်နယ်အစိုးရကတော့ သဘောတူထားတယ်၊ ဒါပေမယ့် ကျေးရွာပြောင်းရွှေ့တဲ့ကိစ္စက နေပြည်တော်အထိတင်ရမယ်ဆိုတော့ နေပြည်တော်ကခွင့်ပြုရင် အိမ်အတွက်လည်း ဂရမ်တွေကျလာမယ်၊ ဘုန်းကြီးကျောင်းအတွက် သာသနာပိုင်မြေတွေချပေးမှာ ဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းတွေအားလုံး ခွင့်ပြုမိန့်ကျလာရင်တော့ ကျနော်တို့အနေနဲ့ အဆောက်အဦးတွေ တစ်ခါတည်းဆောက်ပေးသွားမယ်ခင်ဗျ”ဟု ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ်အတွင်း အိမ်မြေဂရမ်များကို မြူနီစပယ်ဧရိယာပြင်ပရှိ ကျေးရွာများအား အိမ်ခြံမြေဂရမ်များ ထုတ်ပေးခဲ့ခြင်းမရှိပေ။  

    NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှစတင်၍ ဗလဲ့ခပွားတောင်၌ ကျောက်မိုင်းထုတ်လုပ်ရန် ဒေသခံများကန့်ကွက်နေသည့်ကြားကပင် မြေဧက ၁၀၀ ကျော်ခန့်ကို မြန်မာရွှေဧကရာဇ်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဝယ်ယူရရှိခဲ့ပြီး ဖြစ်သည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်ပြည်နယ်အောက်ပိုင်းဒေသဖြစ်သည့် ရေးမြို့နယ်တောင်ပိုင်း ယခင်ခေါဇာမြို့နယ်ခွဲတဝိုက် မိထောလှာကြီးရွာမှ မန်ကျီးကျေးရွာ၊ ဓနိကြာနှင့် မွန်ပြည်နယ်တောင်ပိုင်း နယ်စပ်အဆုံးထိ ဧရိယာကို သဘာဝအခြေခံခရီးသွားလုပ် ငန်း (Eco Tourism) ဇုန်အဖြစ် မွန် ပြည်နယ်အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည်။

    Photo-ဓနိကြာစံပြကျေးရွာ နေရာ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks