spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အသက်အရွယ်အရ ဝင်ရောက်အရွေးခံမည်မဟုတ်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌပြော

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အသက်အရွယ်အရ ဝင်ရောက်အရွေးခံမည်မဟုတ်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌပြော

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၁၅)

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားရန် တိုက်တွန်းမှုများရှိသော်လည်း အသက်အရွယ်အရ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံတော့မည် မဟုတ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

    “ဒီအလုပ်ကိုလည်း ဝါသနာလည်းပါတယ် စေတနာလည်းရှိတယ် လုပ်လည်း လုပ်ချင်တယ် ပြည်သူတွေအတွက်ရော ဒေသဖွံ့ဖြိုးရေး အတွက်ရော လုပ်ချင်တယ် ဒါပေမယ့် အန်တီ အသက်က ၇၄ ရှိခဲ့ပြီ ၇၅ နှစ်လည်း မကြာမှီပြည့်တော့မှာဆိုတော့ အန်တီအသက်အရွယ်အရ ရွေးကောက်ပွဲ ယှဉ်ပြိုင်တော့မှာ မဟုတ်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။

    လုပ်ကိုင်ရည်ရှိသည့် လူငယ်များကို နေရာဖယ်ပေးချင်တာဖြစ်ပြီး ၎င်းအနေဖြင့် ပါတီလုပ်ငန်းနှင့် နိုင်ငံ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟုလည်း ဒေါ်တင်အိက ပြောသည်။

    ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိသည် သမာဓိ ပြည့်ဝသူ တစ်ဦးဖြစ်ပြီး ဥပဒေဘောင်ပေါ်မှာ ခိုင်မာရပ်တည်သူ တစ်ဦးနှင့် ကိုယ်စားလှယ်များကို ခွဲခြားမှုမရှိဘဲ မိသားစုသဖွယ် ဆက်ဆံသူ တစ်ဦးဖြစ်သည်ဟု မွန်ညီညွှတ်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

    “လွှတ်တော်အခင်းအကျင်းတွေ အစိုးရနဲ့ ဆက်ဆံရေးတွေ ရေးရာကော်မတီတွေ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း အဲ့ဒီအပြင် လွှတ်တော် ဝန်ထမ်းပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လာရင် တကယ်ကို သမာဓိ တည်ကြည်ဖြောင့်မတ်စွာ ဆုံးဖြတ်သုံးသပ် ဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်” ဟု ၎င်းကဆိုသည်။

    အလားတူ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ မဝင်ခြင်းသည် မွန်ပြည်နယ် အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး လူငယ်များကို နေရာဖယ်ပေးခြင်းသည် ကောင်းမွန်သည့် သတ္တိ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

    “သူရဲ့ ချစ်ဖို့ကောင်းတဲ့ အချက်တစ်ချက်ကလည်း ပြိုင်ဘက်ပါတီတွေကတောင် လေးစားမှုရှိတဲ့ သူတစ်ယောက်က နိုင်ငံရေး အာဏာကို ဆက်လက် မယူဘဲနဲ့ ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရဲတာတော့ သူရဲ့ ကောင်းမွန်တဲ့ သတ္တိ တစ်ခုပဲပေါ့နော် နောက်တစ်ခုက သူရဲ့ အသက်အရွယ်အရ မယှဉ်ပြိုင်တော့ဘဲ လူငယ်တွေကို နေရာဖယ်ပေးတာဟာ ချစ်ဖို့ ကောင်းတဲ့ အချက်ဖြစ်တယ်ပေါ့နော်” ဟု ဦးအောင်ကျော်သူက ပြောသည်။

    ယင်းအပြင် ဒေါ်တင်အိ လွှတ်တော်၏ ပင်မတာဝန်ဖြစ်သည့် အစိုးရကို ထိန်းကျောင်းခြင်း နှင့် ဥပဒေပြုခြင်းတို့ကို ကောင်းမွန်စွာ ဦးဆောင်ခဲ့သည်ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

    ဒေါ်တင်အိသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် NLD ပါတီ မွန်ပြည်နယ်၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။

    မုဒုံမြို့နယ် ကလော့သော့ကျေးရွာဇာတိ  မွန်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်တင်အိသည်  ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း သံဖြူဖရပ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသည့် ဝါရင့်နိုင်ငံရေးသမား တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သည်။

    Photo-မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ (မွန်လွှတ်တော်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks