spot_img
Thursday, February 12, 2026
More
    spot_img
    HomeCovid 19မွန်ညီညွတ်ရေးပါတီကိုယ်စားလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများ သက်ဆိုင်ရာမြို့နယ်ပါတီရုံးသို့ စာရင်းပေးသွင်းရမည်

    မွန်ညီညွတ်ရေးပါတီကိုယ်စားလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများ သက်ဆိုင်ရာမြို့နယ်ပါတီရုံးသို့ စာရင်းပေးသွင်းရမည်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၈)

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာမိမိတို့မြို့နယ်ပါတီရုံးအသီးသီးသို့ သတ်မှတ်လျှောက်လွှာပုံစံဖြင့် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာနှင့် ကိုယ်စားလှယ်လောင်းများ အရည်အချင်းသတ်မှတ်ရေးနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မော်လမြိုင်မြို့၌ ယမန်နေ့(ဇွန် ၇) က ကျင်းပ၍ ဗဟိုကော်မတီဝင်များမှတင်ပြချက်များအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

    “ရွေးကောက်ပွဲဝင်လိုတဲ့ အမတ်လောင်းတွေအနေနဲ့ အရင်ဦးဆုံး ကိုယ့်မြို့နယ်မှာရှိတဲ့ MUP ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့ထံကို လာရောက်စာရင်းပေးသွင်းလျှောက်ထားရပါမယ်၊ အဲဒီကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုသူတွေကို သတ်မှတ်ရက်တွေမှာ မြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ပြီးတော့ ဗဟိုကိုဆက်လက်တင်ပြပါမယ်” ဟု နိုင်လယိတမက ဆိုသည်။

    MUP ကိုယ်စားလှယ်လောင်း အဆိုပြုလျှောက်လွှာတစ်စောင်အတွက် ငွေကျပ်တစ်သိန်းပေးသွင်းရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်ရှိသည့်အနက် အဓိကအားဖြင့် ဒေသခံ (သို့မဟုတ်) ဒေသတွင်းနေထိုင်သူ (သို့မဟုတ်) ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ရမည်ဟု ကိုယ်စားလှယ်လောင်းအရည်အချင်း (Criteria of Candidate) သတ်မှတ်ချက်တွင် ဖော်ပြထားသည်။

    နိုင်လယိတမက “မြို့နယ်အသီးသီးက ရွေးချယ်လာတဲ့ သူတို့ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကိုတင်ပြရပါမယ်၊ အဲဒီမြို့နယ်ကိုယ်စားလှယ်လောင်းတွေကို ဗဟိုကနေ တစ်ဦးချင်းစီရဲ့အရည်အချင်းတွေကို စိစစ်သုံးသပ်ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောသည်။

    ထို့အပြင် သက်ဆိုင်ရာလွှတ်တော်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် MUP ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ ဗဟိုအဆင့်ရွေးချယ်ရေးအဖွဲ့မှ အပြီးသတ်ရွေးချယ်ပေးသွားမည်ဟု ဆိုသည်။

    မွန်အမျိုးသမီးအစည်းအရုံး MWO အဖွဲ့ဝင် မိစားယားပိုင်က “ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကိုပဲကြည့်မယ်၊ ပြောချင်တာက ကိုယ်စားလှယ်လောင်းတစ်ဦးဟာ သူလုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်၊ ဥပမာ – ဒီဒေသမှာတာဝန်ယူထားတယ်ဆိုရင်၊ ဒေသခံတွေက ဘာကိုလိုအပ်နေသလဲ သိထားရမယ်၊ နောက်တစ်ခုက နိုင်ငံရေးလုပ်ငန်းတွေမှာ ဘယ်လောက်အထိကျွမ်းကျင်မှုရှိသလဲဆိုတာ မိမိကိုယ်ကို သုံးသပ်နိုင်စွမ်းရှိရမယ်”ဟု ဆိုသည်။

    လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်ကြမည့် MUP ကိုယ်စားလှယ်လောင်းများတွင် လူငယ်နှင့် အမျိုးသမီးများကို အဓိက ဦးစားပေးရွေးချယ်သွားမည်ဟုလည်း သိရသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလတွင် ကျင်းပရန်သေချာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောကြားခဲ့သော်လည်း လက်ရှိ ဖြစ်ပွားနေသည့် Covid 19 ရောဂါအခြေအနေအရ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

    အလားတူ မွန်ပြည်နယ် NLD ပါတီကလည်း ကိုယ်စားလှယ်လောင်းများရွေးချယ်သတ်မှတ်နိုင်ရန် ပဏာမအနေဖြင့် မြို့မိမြို့ဖများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် အမျိုးသားလွှတ်တော် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ၁၀ ဦး၊ ပြည်နယ်လွှတ်တော် ၂၀ ဦးတို့အပြင် ဗမာ၊ ကရင်နှင့် ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီးများအတွက်ပါ မဲဆန္ဒနေရာသတ်မှတ်ပေးထားပြီး လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP , မွန်ညီညွတ်ရေးပါတီတို့ အဓိကယှဉ်ပြိုင်သွားရမည့်အနေအထားတွင် တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

     ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်း   ၅ သောင်းကျော်စာရင်းပြုစုရရှိထားပြီဖြစ်သော်လည်း တပ်မတော်သားနှင့် မှီခိုသူမိသားစုဝင်များ၊ ပြည်ပရောက်မဲပေးခွင့်ရှိသူများ စာရင်းမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    Photo- MUP CEC အစည်းအဝေး (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks