HomeCovid 19မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် လိုအပ်ပါက အသုတ်လိုက်ခွဲ၍ တစ်ပတ်ခြားစနစ်ဖြင့် သင်ကြားမည်

မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် လိုအပ်ပါက အသုတ်လိုက်ခွဲ၍ တစ်ပတ်ခြားစနစ်ဖြင့် သင်ကြားမည်

-

ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၄)

လက်ရှိဖြစ်ပေါ်နေသည့် Covid 19 ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများ ဖွင့်လှစ်သည့်အခါ Social Distancing အရ လိုအပ်ချက်ရှိပါက ကျောင်းသူ/သားများကို အသုတ်လိုက်ခွဲ၍ တစ်ပတ်ခြားစနစ်ဖြင့် သင်ကြားသွားရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ပြောကြားသည်။

စာသင်ကျောင်းများ ပြန်ဖွင့်ရာမှာ ကျောင်းသား ဦးရေ စာသင်ခန်း စာသင်ခုံ အခြေအနေအရ စာသင်မည့် အချိန်ကို သက်ဆိုင်သည့် မြို့နယ်ပညာရေးမှူး ကျောင်းအုပ်နှင့် ညှိနှိုင်းသင်ကြားသွားမှာဖြစ်ပြီး စာသင်ကျောင်းအသီးသီးရှိ Media Room ၊ Hall စသည့် နေရာတွေကို စာသင်ခန်းအဖြစ် အသုံးပြု၍ ကျောင်းသား/သူများ၊ ဆရာ/ဆရာမ ဝန်ထမ်းများကို အဝတ် Mask ၂ ခုစီနှင့် Face Shield ၁ ခုစီကို ဝေငှသွားမည်ဖြစ်သည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

 “ဒီကျောင်းကတော့ဖြင့် စာသင်ခန်းအရ စာသင်ခုံအရ သူကျောင်းသားနဲ့ Social Distancing အရ တစ်သုတ်တည်းတက်နိုင်တဲ့ ကျောင်းဆိုရင် ပုံမှန်အတိုင်းကျောင်းတက်တာရှိမယ် လူတွေကို ထိတွေ့မှု နည်းစေချင်တာဖြစ်တဲ့အတွက် တစ်ပတ်ခြားတစ်ခါ တက်ရတဲ့ ကျောင်းရှိမယ် တစ်ချို့ကျောင်းက တစ်ပတ်ခြားလည်း တက်ရသလို နှစ်သုတ်ခွဲတက်ရမယ့် ကျောင်းလည်းရှိမယ်” ဟု ဒေါက်တာချိုချိုမြတ်အောင်က ဆိုသည်။

အထက်တန်းအဆင့်ကို လာမည့်ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်လှစ်မည်ဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို ဇူလိုင် ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတ်မှတ်ထားသည်။

သို့ရာတွင် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တွေကိုတော့ အခြေအနေ တည်ငြိမ်မှု ရှိမှသာ အဆင့်အလိုက် ဖွင့်လှစ်ရန် ညွှန်ကြားထားသည်ဟု ဒေါက်တာချိုချိုမြတ်အောင်ဆိုသည်။

မွန်ပြည်နယ်တွင် Covid 19 ကူးစက်မြန်ရောဂါကြောင့် အသွားအလာကန့်သတ်သည့် နေရာ CBFQ စခန်း ဖွင့်လှစ်ရာမှာ အခြေခံပညာစာသင်ကျောင်း ၆၀၀ ကျော် အသုံးပြုခဲ့ပြီး ဇွန်လ ပထမအပတ်မှာ ကျန်စာသင်ကျောင်းမှာကို ပညာရေးဌာနသို့ ပြန်လည်အပ်နှံတော့မည်ဟု မွန်ပြည်နယ် ပညာရေးမှူးမှ သိရသည်။

ယင်းသို့ စာသင်ကျောင်းများ ဖွင့်လှစ်မည်ဆိုသော်လည်း ကလေးအတွက် စိုးရိမ်မှုရှိနေသေးသည့်အတွက်ကြောင့် တစ်နှစ်ရပ်နားဖို့ စဉ်းစားထားသည်ဟု မူလတန်းအဆင့် ကျောင်းသားမိဘ ဒေါ်ခင်စန်းလွင် ကပြောသည်။

“ကျွန်မသားက ငယ်သေးတယ် ခုနေ ဖွင့်ရင်တော့ ကျွန်မအနေနဲ့ မထားသေးဘူး Mask က အမြဲတပ်နေလို့မဖြစ်နိုင်ဘူး လူကြီးတောင်တပ်မရ ကလေးတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး ပြီးတော့ ကလေးတွေဆိုရင် ပူးနေကြမှာပဲ ထိန်းလို့ရမှာမဟုတ်ဘူး ဒီတစ်နှစ်တော့ ပေး Out လိုက်မလားလို့ စဉ်းစားနေတယ်” ၎င်းကဆိုသည်။

သို့ရာတွင် Covid အတွက် စိုးရိမ်မှုတွေ ရှိနေသော်လည်း ကျောင်းမှ ချမှတ်ထားသည့် စည်းကမ်းချက်တွေကိုလိုက်နာဖို့ အတွက် ကလေးကို သင်ကြားပေးထားပြီး ကျောင်းတက်စေမည်ဟု အထက်တန်းအဆင့် ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်အေးအေးသီက ဆိုသည်။

“သူက Mask ပေးတပ်မယ်ဆိုလည်း ကလေးတွေကို Mask တပ်ပြီး ပေးတက်မှာပေါ့ သုံးပေကွာဆိုလည်းကွာပေါ့ ကျောင်းက ပေးတဲ့ စည်းကမ်းအတိုင်းပဲ အန်တီတို့ကတော့ ကျောင်းကိုပေးတက်မှာပါ ရောဂါအခြေအနေအရ လုံးဝပပျောက်ကင်းတာမရှိသေးဘူး စိုးရိမ်မှုတော့ရှိတယ် ဒါပေမဲ့ ပြည့်ပြည့်စုံစုံတော့လုပ်သွားပေးမယ် ဆရာမ ပြောတဲ့အတိုင်းနေဖို့ ကလေးတွေကိုသင်သွားပေးမှာပေါ့” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် အထက်တန်း၊အလယ်တန်း၊မူလတန်း စာသင်ကျောင်း ၁၅၀၀ ကျော်ရှိနေပြီး ကျောင်းသား/သူ ဦးရေ ၄ သိန်း ၉ ထောင်ကျော်ရှိသည့်အနက် အထက်တန်းကျောင်းသား ၄ သောင်း ၇ ထောင်ခန့်ရှိနေသည်။

Photo-ပြည်နယ် ပညာရေးမှူးရုံး၊ မွန်ပြည်နယ် (MON SEO)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts