HomeCovid 19ထိုင်းပြန်များအတွက် CBFQ ၁၀ နေရာမလုံလောက်ပါက ဌာနဆိုင်ရာအဆောက်အဦများတွင် ထားရှိသွားမည်

ထိုင်းပြန်များအတွက် CBFQ ၁၀ နေရာမလုံလောက်ပါက ဌာနဆိုင်ရာအဆောက်အဦများတွင် ထားရှိသွားမည်

-

ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၃)

ထိုင်းနိုင်ငံမှ ပြန်လာကြသူများကို မွန်ပြည်နယ် CBFQ Camp ၁၀ နေရာ၌ လူဦးရေ ၂ ထောင်ခန့်ကို Rotate စနစ်ဖြင့်ထားရှိနေပြီး နေရာမလုံလောက်ပါက ဌာနဆိုင်ရာအဆောင်အဦများတွင် ထားရှိသွားဖို့စီစဉ် ထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“၁၅ ရက်နေ့မှာ စာသင်ကျောင်းတွေကို အပြီးအပ်ရမယ် ဆိုတော့ ဝန်ကြီးဌာနမှာရှိတဲ့ အားကစားခန်းမတို့ ဓမ္မာရုံ ရုံးအဆောက်အဦ အစိုးရ အိမ်ယာ အလွတ်တွေတို့ ပြန်ပြီးတော့ စီမံဖို့ ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။

ခုလက်ရှိမှာ တစ်ရက်ကို နေရပ်ပြန် ၂ ရာခန့်သာ ဝင်ရောက်နေသည့်အတွက် အစိုးရမှ စီစဉ်ထားသည့် CBFQ ၁၀ ခုတွင် Rotate စနစ်ဖြင့် ထားရှိရာ လုံလောက်မှု ရှိနေသည်ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

CBFQ နေထိုင်သူများကို Covid 19 ပိုး ဓါတ်ခွဲစစ်ဆေးသွားရန် ညွှန်ကြားထားပြီး ၂ ကြိမ်စစ်ဆေး၍ ပိုးမတွေ့မှသာ နေအိမ်ကို ပြန်ခွင့်ပြုမည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

“Quarantine ဝင်ပြီး ၅ ရက်မှာ တစ်ကြိမ်စစ်မယ် ၂၁ ရက်မပြည့်ခင် ၅ ရက်အလိုလောက်မှာ ဒုတိယ အကြိမ်စစ်မယ် ၂၁ လုံး Negative ထွက်တယ်ဆိုလို့ရှိရင်တော့ ၂၁ ရက်ပြည့်ရင် အိမ်ပြန်ပြီးတော့ Home Quarantine ၁ ပတ် ကြားထဲမှာ Positive ထွက်ခဲ့ရင် ဆေးရုံထားမယ်ပေါ့”ဟု ၎င်းကဆိုသည်။

Quarantine ရှိ သူများကို နေ့စဉ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေပြီး ကိုယ်ဝန်သည်အမျိုးသမီးများအတွက်လည်း သားဖွားခန်းများ ပြင်ဆင်ထားသည်ဟု သံဖြူဇရပ်တပ်နယ် အမှတ်(၄) တပ်မတော်လေ့ကျင့်ရေးကျောင်းမှ ဆေးမှူး ဗိုလ်ကြီး သန်းစိုးဝင်းက ပြောသည်။

“စခန်းက စားရိပ်သာတွေ ရေကန်တွေ အိမ်သာတွေကို နေ့စဉ် ပိုးသတ်ဆေးဖြန်းတာတွေ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးတာတွေ သံသယရှိလူနာတွေကိုတော့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး အဆင့်ဆင့်ပြုလုပ်သွားမှာဖြစ်ပါတယ် သံဖြူဇရပ်တပ်နယ်က သားဖွားခန်းကို ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက်ကို ပြင်ဆင်ထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် Quarantine ဝင်သူများအတွက် ၂၈ ရက်စာ လူဦးရေ ၅ ရာအတွက် ရိက္ခာများကို ပြင်ဆင်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးကလည်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်သည်ဟု ဗိုလ်ကြီး သန်းစိုးဝင်းက ပြောသည်။

လက်ရှိ ပြည်ရောက်လာသည့် ထိုင်းပြန်များကို မေလ ၂၅ ရက်နေ့ နောက်ပိုင်းတွင် စတင်လက်ခံလျက်ရှိရာ မော်လမြိုင်ခရိုင် နှင့် သထုံခရိုင် ရှိ  တက္ကသိုလ် အဆောင်များနှင့် တပ်မတော် တည်းခိုရေးစခန်း၊ တပ်မတော်လေ့ကျင့်ရေးစခန်း ၊ အစိုးရ သင်တန်းကျောင်းများတွင် လူဦးရေ ၂ ထောင်ခန့်ကို လက်ခံထားရှိနေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts