spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရွေးကောက်ပွဲကို နေရာဒေသအားလုံး၌ တပြေးညီကျင်းပရေး UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကြေငြာချက်ထုတ်ပြန်

    ရွေးကောက်ပွဲကို နေရာဒေသအားလုံး၌ တပြေးညီကျင်းပရေး UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကြေငြာချက်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၂)

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပဖြစ်ပါက လွတ်လပ်မှု၊ ပွင့်လင်းမှု၊ လွယ်ကူမှု၊ တရားမျှတမှုများနှင့် တစ်နိုင်ငံလုံးရှိ နေရာဒေသအားလုံး၌ တပြေးညီဖြစ်စေရေးအတွက် အဓိကထားဆောင်ရွက်ပေးရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ဇွန်လ(၁) ရက်နေ့စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    အကယ်၍ ရွေးကောက်ပွဲရွေ့ဆိုင်းမည်ဆိုပါက ရွေးကောက်ပွဲဝင်ပါတီများ၏ သဘောတူညီချက်ရယူရန်လည်း တိုက်တွန်းထားသည်။

    UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ အတွင်းရေးမှူးအဖွဲ့ဝင်ဦးမျိုးကျော်က “အခုလာမယ့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး တပြေးညီကျင်းပစေချင်တယ်၊ ခေတ်အဆက်ဆက်က ရွေးကောက်ပွဲတွေလုပ်လာခဲ့တဲ့အပေါ်မှာ အထူးအဖြင့် တိုင်းရင်းသားနယ်မြေတွေပဲ ကွက်ပြီးကျန်လေ့ရှိတယ်ခင်ဗျ၊ အဲဒါလေးကို ကျနော်တို့ Highlight မီးမောင်းထိုးပြချင်တာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေသော ဒေသများတွင် ပြည်သူ့ကိုယ်စားလှယ်များထွက်ပေါ်ရရှိရေးနှင့် စစ်ရေးအစား နိုင်ငံရေးဘောင်ပြန်လည်ကျယ်ပြန့်လာစေရေးအတွက် ရွေးကောက်ပွဲကိုကျင်းပပေးရန်၊ ရွေးကောက်ပွဲကာလများတွင် သက်ဆိုင်ရာတပ်ဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်စဲခြင်း၊ တပ်များခွာထားခြင်းနှင့် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်လာစေရေးအတွက် ကူညီပေးကြပါရန် ကြေငြာချက်တွင် တိုက်တွန်းထားသည်။

    “အထူးသဖြင့် အရင့်အရင်ရွေးကောက်ပွဲတွေဆိုရင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေဘက်တွေမှာ နယ်မြေမအေးချမ်းမှု မတည်ငြိမ်မှုတွေကြောင့် ကျန်ခဲ့တာရှိတယ်၊ အခုအချိန်မှာလည်း အဲဒီဒေသတွေအပါအဝင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်စစ်မျက်နှာက အရမ်းကိုအားကြီးနေတယ်၊ ဒီနေရာတွေလည်း ကျန်ခဲ့နိုင်တာပေါ့ဗျာ”ဟု ဦးမျိုးကျော်က ဆက်ပြောသည်။

    လက်ရှိတွင် မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA ကိုးကန့် ၊ TNLA တအာင်းပလောင် ၊ AA ရက္ခိုင့်တပ်တော်အဖွဲ့တို့ တစ်ဖက်သပ်အပစ်ရပ်စဲရေးကြေညာထားသလို တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နယ်မြေမှအပ အပစ်အခတ်ရပ်စဲရေးကို သြဂုတ်( ၃၁ ) ရက်နေ့အထိ  နှစ်ဖက်စလုံးထုတ်ပြန်ထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    သို့ရာတွင် လာမည့်  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပမည်ဆိုပါက အစိုးရ(သို့မဟုတ်) ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် တိုင်ပင်ဆွေးနွေးဖို့လိုအပ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက BBC သတင်းဌာနသို့ ပြောကြားခဲ့ဘူးသည်။

    ကော်မရှင်၏ လက်ရှိ ပြုစုထားသောစာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၇ သန်းရှိကြောင်း၊ သို့ရာတွင် တပ်မတော်သားနှင့် မှီခိုသူမိသားစုဝင်များ၊ ပြည်ပရောက်နိုင်ငံသားများ စာရင်းမပါသေးကြောင်း၊ လက်ရှိတွင် တရားဝင်နိုင်ငံရေးပါတီ ၁၀၀ နီးပါးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တရားဝင်ကြေညာခြင်း မရှိသေးပေ။

    (UNA) အဖွဲ့ဝင်များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်ပြည်နယ်အမျိုးသား ကွန်ကရက်ပါတီ (KNCD)၊ ကယန်းအမျိုးသားပါတီ (KNP) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကရင်အမျိုးသားပါတီ(KNP)၊ မြို အမျိုးသားဒီမိုကရက်တစ်ပါတီ (MNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ(DNDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဒိုင်းနက် လူမျိုးများတိုးတက်ရေးပါတီ (DNDP)၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ရှမ်းနီ( တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP)ပါတီတို့အပြင် မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၇၀ ကျော်ရှိကြောင်း သိရသည်။

    Photo- UNA အဖွဲ့ဝင်များ အစည်းအဝေးကျင်းပခဲ့စဉ် (UNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks