မွန်သတင်းအေဂျင်စီ (မေ ၃၀)
မွန်ပြည်နယ် ရေးမြို့နယ်တွင် ယမန်နှစ်က ထူးကဲသောသဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို လေ့လာသုံးသပ်ထားသည့် “၂၀၁၉ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုစစ်တမ်း အစီရင်ခံစာ” ကို မဂဒူး-မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ MACDO-Mon Area Community Development Organization က ယခုမေလတွင် ထုတ်ဝေလိုက်ပြီဖြစ်သည်။
အဆိုပါစစ်တမ်းတွင် ရေးမြို့နယ်၏ရာသီဥတု၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်ထုတ်လုပ်မှုနှင့်ခြံလုပ်ငန်း၊ ဥတုရာသီ တောကိုမှီ၊ သစ်ပင် သစ်တောများက မည်မျှအရေးပါပုံ၊ သယံဇာတကျိန်စာသင့်ခြင်းနှင့် ပြန်လည်ကုစားခြင်း စသည့်ခေါင်းစဉ်များဖြင့် သုံးသပ်ချက်များကို အသေးစိတ်ဖော်ပြထားသည်။
မဂဒူး-မွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ခံ မိဖြူက “မနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရေးမြို့နယ် ရေဘေးမှာဆိုရင် အစိုးရဘက်က ထုတ်ပြန်တဲ့ ဆုံးရှုံးမှုပမာဏ အရမ်းနည်းပါတယ် မပြည့်စုံဘူးလို့ဆိုချင်ပါတယ် ဒါကိုအနီးစပ်ဆုံးပြည့်ပြည့်စုံစုံလေးဖြစ်အောင် ထောက်ပြန်ချင်တာက တစ်ပိုင်း၊ နောက်တစ်ချက်က အုပ်ချုပ်ရေးဌာနတွေရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ တွေ့မြင်ခဲ့ရတဲ့ အားနည်းချက်တွေကို ပြောပြချင်တာတစ်ပိုင်း၊ စာရင်းအင်းအမှန်တွေကို သက်ဆိုင်တဲ့ အလှူရှင် ဒိုနာတွေ သိရှိစေဖို့လည်း ပါတာပေါ့”ဟု ဆိုသည်။
ယင်းစစ်တမ်းအစီရင်ခံစာ ဖော်ပြချက်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၂,၇၄၃ ကျော်ရှိကြောင်း အချက်အလက်များနှင့်တကွဖော်ပြထားပြီး ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်တွင် ၂၀၁၉ ခုနှစ် ရေးမြို့နယ်၏ ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁,၅၄၆ ဒဿမ ၂ ရှိသည်ဟု ဖော်ပြခဲ့သည်။
“ ဘေးအန္တရာယ်လျော့ပါးရေး လူထုပညာပေးအနေနဲ့ မုန်တိုင်းအန္တရာယ်၊ မြစ်ရေကြီးမှု၊ မြေငလျင်အန္တရာယ်နဲ့ပတ်သက်တာတွေ ရေးသားဖော်ပြထားတာရှိတယ်၊ ဗဟုသုတအနေနဲ့ လူတိုင်းသိထားသင့်တဲ့အချက်တွေပါ၊ အခုလို Covid-19 ကာလမှာ ကျမတို့ စစ်တမ်းအစီရင်ခံစာတွေကို လူစုလူဝေးနဲ့ ရှင်းလင်းချပြတာမျိုးမလုပ်ဘဲနဲ့ မြို့ပေါ် ဈေးဆိုင်တွေ အသင်းအဖွဲ့တွေ ဝန်ထမ်းတွေ အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တွေ ရွာတွေမှာဆိုရင် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ စာပေယဉ်ကျေးမှုအဖွဲ့တွေကို လိုက်ဝေပေးခဲ့တယ်” ဟု မိဖြူက ဆက်ပြောသည်။
မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံးဖြစ်သည့် ရေးမြို့နယ်သည် စတုရန်းမိုင် ၁,၀၈၅.၂၄ ကျယ်ဝန်းပြီး မြေမျက်နှာပြင် ၅ ပုံ ၃ ပုံခန့်သည် တနင်္သာရီတောင်တန်းတောင်စွယ်များဖြစ်၍ မြို့နယ်တစ်ခုလုံး၏ ၃ ပုံ ၁ ပုံသာ သစ်တောများကျန်ရှိတော့သည်ဟု စစ်တမ်းက ဖော်ပြသည်။
ရေးမြို့ခံ တည်ခိုးခန်းနှင့် စတိုးဆိုင်ပိုင်ရှင် ကိုလွင်က “ စစ်တမ်းကို ဖတ်ပြီးပါပြီ ရေးမြို့မှာ ရေကြီးရတဲ့အကြောင်းအရင်းတစ်ချက်က ရေးမြစ်ပေါ်မှာရှိနေတဲ့ ရေး-ထားဝယ်မီးရထားတံတား ချဉ်းကပ်လမ်းဟာ ရေတားတာတမံ ပုံသဏ္ဍန်တည်ရှိနေပြီးတော့ ရေဘေးဖြစ်ပေါ်လေ့ရှိတဲ့နေရာတွေမှာ ကြိုတင်ကာကွယ်ဖို့ အစီအမံမရှိတာကြောင့်လည်း ပါတာပေါ့” ဟု ဆိုသည်။
ရေးမြို့နယ်အတွင်း တောပြုံးခြင်းဖြစ်ပေါ်ရခြင်းမှာ ရာဘာတမျိုးတည်း စိုက်ပျိုးသည့်အတွက် အခြားမည့်သည်အပင်မျှမပေါက်ရောက်နိုင်၍ ဂေဟစံနစ်ပျက်စီးခြင်း၊ ရာဘာအစေးထွက်ရန် နည်းပေါင်းစုံရယူသဖြင့် မြေအောက်ရေ ဆုံးရှုံးမှုများခြင်းကြောင့် ရာသီဥတု ဖေါက်ပြန်ပြောင်းလဲခြင်း၊ ရာဘာဈေးမကောင်းခြင်းကြောင့် စနစ်မဲ့ ရာဘာပင်ခုတ်လှဲမှုများခြင်း၊ ခုတ်လှဲပြီးသည့်နောက် မည်သည့်အစားထိုးပင်စိုက်ပျိုးရမည်ကို တောင်သူများသိရှိမှု အားနည်းခြင်းနှင့် ၎င်းတို့ကို အစိုးရ၊ NGO, INGO များ ပံ့ပိုးမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ယူဆသည်။
ထို့အတူ ရေကြီးရခြင်း၏အကြောင်းအရင်းမှာ ပုံမှန်ထက် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်း၊ ရေစီးဆင်းမှုစနစ် ညံ့ဖျဉ်းခြင်း၊ မြစ်ကြောင်းများတိမ်ကောပျက်စီးခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲခြင်း၊ ဆည်မြောင်းတမံနှင့် မြစ်ကူးတံတားမျာတည်ဆောက်ရာတွင် နည်းပညာပိုင်းအားနည်းခြင်း၊ စည်းကမ်းမဲ့သယံဇာတ တွင်းထွက်များ ထုတ်ယူခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ သဘာဝဝန်းကျင်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည့်အချက်များသည် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများဖြစ်ကြောင်း စစ်တမ်း၌ ဖော်ပြသည်။
၂၀၁၉ ခုနှစ် မိုးရာသီအတွင်း ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည့်အနက် မွန်ပြည်နယ် အဆိုးဆုံးဖြစ်ခဲ့ကြောင်း၊ ပေါင်မြို့နယ်အတွင်း မြေပြိုမှုဖြစ်စဉ်သည် နိုင်ငံတကာမှ စိတ်ဝင်စားထိန့်လန့်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးကာ ၂၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း စာမျက်နှာ ၅၄ ခုပါဝင်သော ၎င်းစစ်တမ်းတွင် ဖတ်ရှုလေ့လာနိုင်သည်။