Home ငြိမ်းချမ်းရေး ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး၏ တော်လှန်ရေးခရီးမှတ်တမ်း

ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး၏ တော်လှန်ရေးခရီးမှတ်တမ်း

ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး ရေးသားသည်။

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်

စာရေးသူသည် ၁၇-၂-၁၉၇၀ ခုနှစ်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး  ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား လက်နက်ကိုင်တော်လှန်ပုန်ကန်တိုက်ခိုက်ခဲ့သည်။ ၎င်းခေတ် စစ်အစိုးရအုပ်ချုပ်မှုများကိုမကြိုက်လို့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တာကလွဲပြီး နိုင်ငံရေးအကြောင်းလုံးဝနားမလည်ခဲ့ပါ။

တော်လှန်ရေးကောင်စီ အစိုးရအား စတင်တော်လှန် တိုက်ခိုက်ခဲ့စဉ်က ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်  PLA သို့မဟုတ် Parliamentary  Democracy Party-PDP ကို ဝန်ကြီးချုပ်ဟောင်း ဦးနုကဦးဆောင်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်များဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခဲ့ကြပါသည်။

မိမိတို့ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကွပ်ကဲမှု အောက်ခြေရှိတပ်ဖွဲ့ဝင်များသည် မိမိတို့အား ဦးဆောင်နေသည့်နိုင်ငံရေးခေါင်းဆောင်များကို အထင်ကြီးအားကိုးမိကြပါသည်။ မိမိတို့တပ်ဖွဲ့ဝင်များမှာ နိုင်ငံရေးအကြောင်းနားမလည်ကြပါ။ ဗိုလ်ချုပ်နေဝင်းစစ်ကောင်စီအစိုးရကို လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲခြင်းဖြင့်သာ ဖြုတ်ချနိုင်မည်ဟု ယုံကြည်နေကြပါသည်။

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သည် ၁၉၇၀ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ အထူးတိုင်း တိုင်းမှူး (ဦးတင်မောင်ဝင်း) ၊ တောင်ပိုင်းတိုင်း (ဗိုလ်ရန်နိုင်)၊ အလယ်ပိုင်းတိုင်း (ဦးသွင်)၊ မြောက်ပိုင်းတိုင်း(ဗိုလ်မှူးအောင်) စသည့်ဖွဲ့စည်းပုံဖြင့် ထိုစဉ်က လူအင်အားခန့်မှန်း (၆၀ဝဝ) ခန့် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ လက်နက်ခဲယမ်းမီးကျောက်များနှင့် ငွေကြေးအကူအညီများကို အမေရိကန်မှ အကူအညီပေးခဲ့ပါသည်။ ၎င်းအချိန်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှ ကိုင်ဆောင်သည့်လက်နက်များသည် ခေတ်အမှီဆုံးဟုဆိုရပါမည်။ မိမိတို့နှင့်မဟာမိတ်ပြုထားသည့် မွန်ပြည်သစ် ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် လက်နက်များကိုသာ ကိုင်ဆောင်အသုံးပြုနေကြသည်ကို တွေ့ရှိရပါသည်။

PDP ဥက္ကဌဦးနု နှုတ်ထွက်

၁၉၇၃ ခုနှစ်တွင် PDP ပါတီအတွင်း ဦးဆောင်မှုအပိုင်း၌ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြသည်။ ဦးနုသည် PDP ပါတီဥက္ကဌတာဝန်ကို ယူထားသော်လည်း ဗိုလ်ချုပ်နေဝင်းစစ်ကောင်စီအစိုးရအား   လက်နက်တိုက်ခိုက်ခြင်းထက် နိုင်ငံရေးအရစကားပြောပြီး တိုင်းပြည်အာဏာကိုပြန်တောင်းယူမည့် သဘောထားရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့ကိုမူ အင်အားပြသည့်တပ်ဖွဲ့အဆင့်၌သာ ထားရှိမည်ဟုဆိုသဖြင့် PDP ပါတီဗဟိုကော်မတီအတွင်း တင်းမာမှုများဖြစ်ပေါ်လာခဲ့ရာမှ ဦးနုသည် ပါတီဥက္ကဌအဖြစ်မှနှုတ်ထွက်ခဲ့ပြီး ၎င်း၏မိသားစုများကိုခေါ်ဆောင်ကာ ထိုင်းနိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံကာ သွားရောက်နေထိုင်ခဲ့သည်။

ဥက္ကဌဦးနု PDP ပါတီမှနှုတ်ထွက်သွားသဖြင့် ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်လက်ျာ PDP ပါတီ၏ ဥက္ကဌဖြစ်လာသည်။ PDP ပါတီကိုလည်း  ပြည်သူ့ပြည်ချစ်ပါတီ People’s Patriotic Party-PPP ဟု အမည်ပြောင်းလဲခဲ့သည်။

PDP, NMSP, KNU တပ်ပေါင်းစုဆက်ဆံရေး

၁၉၇၀ မေလ ၂၅ ရက်နေ့တွင် National United Liberation Front (NULF) ခေါ် ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု အားတည်ထောင်ခဲ့ကြပြီး PDP ဥက္ကဌ ဦးနု၊ KNU ဥက္ကဌ ဦးမန်းဘဇံ နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးနိုင်ရွှေကျင် တို့မှ လက်မှတ်ရေးထိုးပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့ကြသည်။ (အယ်ဒီတာ)

ဦးနုအနေဖြင့် ပါတီဥက္ကဌအဖြစ်မှ နှုတ်ထွက်သွားပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် ကေအဲန်ယူတို့သည် PPP ပါတီအပေါ် သံသယစိတ်တွေ ပိုမိုဖြစ်ပေါ်လာကြောင်း တွေ့ရှိရသည်။

PPP ပါတီသည် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP နှင့် KNU တို့အပေါ် ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် တပ်ပေါင်းစုအဖွဲ့အတွင်း ပြဿနာများမကြာခဏဖြစ်ပေါ်ခဲ့ကြရပါသည်။ ဥပမာ စစ်ရေးနှင့်နိုင်ငံရေးအပိုင်းတွင် ပူးတွဲသွားလာလှုပ်ရှားခြင်းမျိုးမရှိခြင်း၊ တစ်ဖွဲ့မှသတ်မှတ်ထားသည့်နယ်မြေအတွင်းသို့ အခြားတစ်ဖွဲ့အား ဝင်ရောက်လှုပ်ရှားခွင့်မပြုခြင်း စသည့်ပြဿနာများဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မြန်မာလူမျိုးကို လုံးဝအယုံအကြည်မရှိကြပါ။

မိမိတို့ PPP ပါတီသည် မြန်မာလူမျိုးများဉီးဆောင်သောအဖွဲ့ဖြစ်သည့်အပြင် ဦးနုကပါတီဥက္ကဌအဖြစ်ပါဝင်လာသည်ကို ဖော်ပြပါလူမျိုးစုအဖွဲ့များက ပိုပြီးသတိထားလာကြသည်။ အဓိကအချက်မှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာခဲ့သည့်သက်တမ်းတစ်လျှောက်တွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့များအား ဗိုလ်ချုပ်နေဝင်းဉီးဆောင်သည့်စစ်တပ်ဖြင့် နှိမ်နင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်ဟု မြင်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဦးနုအစိုးရမှ နိုင်ငံတော်ဘာသာအား ဗုဓ္ဒဘာသာကြေငြာခဲ့သည့် ဖြစ်ရပ်ကြောင့် ဦးနုနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည်လည်း ၁၉၄၈ ခုနှစ်တွင် ကရင်နီခေါင်းဆောင် U Bee Tu Ree လုပ်ကြံခံခဲ့ရသည့် အဖြစ်တွင် ဦးနု၌တာဝန်ရှိသည်ဟု ယုံကြည်ကြပြီး ဦးနုအဖွဲ့နှင့် ဆက်ဆံခြင်းမပြုခဲ့ကြချေ။ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ကနဦးဆက်သွယ်မှုများ အဆင်မပြေခဲ့ပေ။ ဝတပ်ဖွဲ့ နှင့် လားဟူ တပ်ဖွဲ့တို့ကို ဦးနုအားထောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။(အယ်ဒီတာ)

မိမိတို့ပြည်ချစ်လွတ်မြောက်ရေးတပ်ဖွဲ့များ ရှေ့တန်းဆင်းသည့်အခါ လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၏ ဒေသကိုဖြတ်လျှင် ကြိုတင်ဆက်သွယ်မှုများပြုလုပ်ပြီး ၎င်းတို့ဖြတ်ခွင့်ပြုမှသာ ဖြတ်သန်းသွားလို့ရပါသည်။ ၁၉၇၅ ခုနှစ် ဧပြီလတွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကွပ်ကဲမှုအောက်ရှိ ကျားနက်တပ်ရင်းသည် ပုလောမြို့နယ်အတွင်း ထိုးဖောက်ဝင်ရောက်လှုပ်ရှားနိုင်ရန် အောင်သာဝါရကျေးရွာအခြေစိုက် ကေအဲန်ယူတပ်စခန်းအား အကြောင်းကြား ဆက်သွယ်ရန်အတွက် ဆက်သားတစ်ဦးကိုစေလွှတ်ခဲ့ရာ ၎င်းဆက်သားပြန်မရောက်လာသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းနှင့် ကေအဲန်ယူတပ်ဖွဲ့တို့အကြား နတ်အိမ်ထောင်နယ်စပ်ဒေသများ၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်ခဲ့ကြရာ ၁၉၇၅ ခုနှစ် မေလမှသြဂုတ်လအထိကြာခဲ့ပြီး ခေါင်းဆောင်များညှိနှိုင်းမှုဖြင့် နှစ်ဖက်တပ်ဖွဲ့ဝင်များထိပ်တိုက်ရင်ဆိုင်နေမှုများကို ရပ်ဆိုင်းခဲ့ကြသည်။


ဗိုလ်ရန်နိုင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ဖွဲ့စည်းပုံမှာ တိုင်းစစ်ဌာနချုပ် (ပြည်သိမ်းစခန်း) ဗိုလ်ချုပ်ရန်နိုင် တိုင်းမှူး။ ဗိုလ်မှုးကြီးမောင်လှိုင် ဒုတိုင်းမှူး။ ဗိုလ်မှူးကြီး တင်ငွေ စစ်ဦးစီးမှူး။ ဒုဗိုလ်မှူးကြီး မောင်စိုး စစ်ဆင်ရေးမှူး။ ဒုဗိုလ်မှူးကြီး ဖေတင် ပြည်သိမ်းတပ်ရင်းမှူး။ ဒုဗိုလ်မှူးကြီး တင်ညွန့် ကျားနက်တပ်ရင်းမှူး။ ဒုဗိုလ်မှူးကြီး ဂျင်မီ နဂါးမောက်တပ်ရင်းမှူးတို့ဖြင့်ဖွဲ့စည်းထားပြီး တပ်ရင်း(၁)ရင်းလျှင် အင်အား(၄၀ဝ) ခန့်ရှိပါသည်။ (စာရေးသူမှာ တောင်းပိုင်းတိုင်းစစ်ဌာနချုပ် တတိယမြောက်ဆေးတာဝန်ခံနှင့် ၁၉၇၄-၁၉၉၇၆တွင် ကျားနက်တပ်ရင်း၌ တပ်ရင်းဆေးမှူးအဖြစ် တာဝန်ယူခဲ့ပါသည်။)

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခကွပ်ကဲမှုအောက်တပ်ရင်းများဖြစ်သော ခလရ(၁၇)၊ ခလရ(၂၅)၊ ခလရ(၁၀၄)၊ ခလရ(၆၁)၊ ခလရ(၃၁)၊ ခလရ(၁၉) တပ်ရင်းများနှင့်အဆက်မပြတ်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

KNU နှင့်တိုက်ပွဲစဖြစ်စဉ် ဗိုလ်လက်ျာ PPP ပါတီဥက္ကဌကိုယ်တိုင် နတ်အိမ်ထောင်ဒေသသို့ ရောက်ရှိလာပြီး အချင်းချင်းမတိုက်ခိုက်ကြရန်အမိန့်ဖြင့် တားမြစ်ခဲ့သော်လည်း ဗိုလ်ရန်နိုင်က ငြင်းဆန်ခဲ့သဖြင့် ဗိုလ်လက်ျာမှတောင်းပိုင်းတိုင်းစစ်ဌာနချုပ်အား  ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှ ထုတ်ပစ်ကြောင်းကြေညာခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်အပါအဝင် ငွေနှင့်ရိက္ခာများကိုပါ ဖြတ်တောက်ပစ်ခဲ့သည် ။

တောင်ပိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်အချို့ကို ဗိုလ်လက်ျာအမိန့်ဖြင့်  နတ်အိမ်ထောင်ဒေသမှ မိုးကဖော့စခန်းသို့ ရွှေ့ပြောင်းခဲ့ရသည်။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်တွင် အင်အားအများဆုံးဖြစ်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် PPP ပါတီဗဟိုမှထုတ်ပယ်ခြင်းခံရပြီးနောက်ပိုင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အမည်မှာလည်း အလိုလို ပျောက်ကွယ်သွားပါတော့သည်။

တိုင်းမှူးဗိုလ်ချုပ်ရန်နိုင်နှင့်အဖွဲ့ မည်သည့်နေရာတွင်ရှိနေသည်ကိုမသိရသလို တပ်ဖွဲ့ဝင်အချို့မှာ ထိုင်းနယ်စပ်အတွင်းပိုင်းတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။ တပ်မှူးများနှင့် ဘယ်ရောက်ကုန်းမှန်းမသိ ဖြစ်နေရသောတပ်ဖွဲ့ဝင်များမှာ အစိုးရထံလက်နက်ချသူကချ၊ ထွက်ပြေးသူကပြေး၊ ကေအဲန်ယူနှင့်ပူးပေါင်းသူက ပူးပေါင်းသွားကြသဖြင့် မည်သူကမှလာရောက်မတိုက်ခိုက်ရဘဲ သူ့အလိုလိုပြိုကွဲပျက်စီးခဲ့ရသော တောင်ပိုင်းစစ်ဌာနချုပ်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို အမှတ်တရအဖြစ်ရေးသားရခြင်းဖြစ်ပါသည်။
 မှတ်ချက်။   ။ ၁၉၈ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ အစိုးရ၏ အမိန့်အမှတ် ၂/၈ဝ အရ ဗိုလ်ချုပ်ရန်နိုင် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။(အယ်ဒီတာ) 

ကျားနက်တပ်ရင်း

ပြိုကွဲပျက်စီးခဲ့ရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် လက်ကျန်တပ်အချို့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် မန်းမြင့်ဆိုင်နှင့်စောလှထွန်းတို့ ဉီးစီးသည့်မြွေဟောက်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် စာရေးသူတို့အခြေစိုက်ထားသည့် ထိုင်းနယ်စပ်အတွင်းပိုင်း ကျုံဘိန်မြို့နယ် စွန်ဖီးကျေးရွာအုပ်စု ဘော်ဝီကျေးရွာအနီးရှိ ကျားနက်တပ်ရင်းသို့ ၁၉၇၅ ခုနှစ် မေလခန့်တွင် စုရုံးရောက်ရှိလာကြသည်။

ဗိုလ်ချုပ်လက်ျာ၏ညွှန်ကြားချက်အရ မိမိတို့ကျားနက်တပ်ရင်းတွင် စုရုံးနေကြသောတပ်များအားလုံးကို တနင်္သာရီမြိုနယ် အရှေ့ဘက်နယ်စပ်တစ်ဘက်ခြမ်း ထိုင်းနယ်စပ်အတွင်းပိုင်းတွင်စခန်းချထားသည့် မိုးကဖော့နယ်စပ်တပ်စခန်းသို့ ရွှေ့ပြောင်းကြရမည်ဖြစ်သည်။ 

ထို့ကြောင့် မိမိတို့၏တပ်ဖွဲ့ဝင်များသည် ဇူလိုင်လခန့်တွင် တပ်ဖွဲ့အလိုက်ခွဲကာ မိုးကဖော့တပ်စခန်းသို့ ရွှေ့ပြောင်းခဲ့ကြရာ မိမိအပါဝင်အင်အား(၁၀) ဦးခန့်ရှိသော တပ်စိတ်မှာ ဘော်ဝီကျေးရွာအနီးရှိ ကျားနက်တပ်ရင်း၌ပင် လက်ကျန်လက်နက်ခဲယမ်းအချို့နှင့်အတူ စောင့်နေကြရသည်။ မိမိတို့အတွက်ဆန် (၁)အိတ်နှင့်ရိက္ခာခြောက်အချို့ကိုသာ ချန်ထားပေးခဲ့ပါသည်။

စက်တင်ဘာလခန့်တွင် မန်းမြင့်ဆိုင်သည်ကားတစ်စီးဖြင့် မိမိတို့ကျားနက်တပ်ရင်းသို့ ရောက်ရှိလာသည့်အတွက် မိမိအပါအဝင်တပ်ဖွဲ့ဝင်များမှာ မိမိတို့အားလာခေါ်သည်ဟုယူဆပြီး ဝမ်းသာခဲ့ကြသည်။ သို့သော် မန်းမြင့်ဆိုင်က ကားမဆန့်ဟုဆိုကာ မိမိတို့ထံမှလက်နက် ခဲယမ်းမီးကျောက်များကိုသယ်ယူကာ ကျားနက်တပ်ရင်းမှ ထွက်ခွာသွားခဲ့သည်။

ကျားနက်တပ်ရင်းမှမထွက်ခွာမှီ မန်းမြင့်ဆိုင်က” ခင်ဗျားတို့ ဒီမှာဘဲစောင့်နေပါ။ ရိက္ခာအတွက်စီစဉ်ပေးမည်” ဟုသာ ပြောပြီးထွက်သွားသည်။ မိမိတို့မှာ လက်နက်လည်းမရှိ၊ စားဖို့ရိက္ခာလည်းမရှိသည့်အတွက် မိမိတို့တပ်ဖွဲ့တွေအားလုံး ရတဲ့အလုပ်ကိုထွက်လုပ်ရပါသည်။ နေ့ဘက်တွင် အလုပ်ထွက်လုပ်ပြီး ညဘက်ကျားနက်တပ်ရင်းတွင် ဝင်အိပ်ကြရပါသည်။ ဒီလိုပုံစံနှင့်မိမိတို့တပ်ဖွဲ့မှာ ၁၉၇၅ ခုနှစ်သာ ကုန်သွားခဲ့သည် စောင့်မျှော်နေခဲ့သည့် မန်းမြင့်ဆိုင်လည်း ပေါ်မလာတော့ပါ။

ကျားနက်တပ်ရင်းမှ စွန့်ခွာခြင်း

ဗိုလ်မှူးကြီးခင်မောင်မြင့် သြစတေးရီးယား-မြန်မာကပြားဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း အထက်မြန်မာပြည်ရွှေတောင်တိုက်ပွဲတွင် ဗြိတိသျှဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည် (ဗိုလ်ရန်နိုင်မှာ ဂျပန်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်)။ ၁၉၆၉ ခုနှစ် ဦးနုတောခိုလာသည့်အချိန်တွင် သြစတေးရီးယား နိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာကာ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်အတွက် လက်နက်ခဲယမ်းများရှာဖွေပေးရာတွင် အဓိကဦးဆောင်လုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။

၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလတွင် မိမိတို့အလုပ်ထွက်လုပ်နေစဉ် ဘန်ကောက်မြို့မှ ရောက်လာသည့် ဗိုလ်မှူးကြီး ခင်မောင်မြင့် (စစ်ဉီးစီးမှူး ပြည်ချစ်လွတ်မြောက်ရေးတပ်တော်) စခန်းအတွင်းကျန်ရစ်နေစဉ် ဒုဗိုလ်မှူးကြီးမောင်စိုး စစ်ဆင်ရေးမှူးနှင့်အဖွဲ့က ဝင်ရောက်ပစ်သတ်ခဲ့ပြီး စခန်းအတွင်းရှိ အိမ်သာကျင်းအတွင်း ပစ်ချမြှုပ်ထားသည်။ စခန်းအတွင်းပြန်ရောက်ချိန်တွင် ဗိုလ်မှူးကြီး ခင်မောင်မြင့်နှင့်အတူထားခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက မိမိတို့အားအဖြစ်မှန်ကိုပြောပြခဲ့သဖြင့် ကျားနက်တပ်ရင်းအတွင်းဆက်မနေသင့်တော့ဟု မိမိတို့ဆုံးဖြတ်ကြပြီး နောက်ဆုံးကျားနက်တပ်ရင်းကိုစွန့်ခွာကာ လူစုခွဲ၍ထွက်ခွာခဲ့ကြတော့သည်။

၎င်းအချိန်မှစ၍ ကျားနက်တပ်ရင်းလည်း လုံးဝပျက်စီးသွားခဲ့ရပါတော့သည်။ ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် မိုးကဖော့တပ်စခန်း သို့ ရောက်ရှိနေကြသည့် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်နှင့် ကေအဲန်ယူတပ် တို့အကြား ယုံကြည်မှုမတည်ဆောက်နိုင်ကြသဖြင့် တိုက်ပွဲများပြန်လည်တိုက်ခိုက်နေကြ ပြန်သည်။

PPP အထူးတိုင်း

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် စတင်ဖွဲ့စည်းခဲ့စဉ်က တနင်္သာရီမြို့နယ် အရှေ့ဘက်ဒေသ မိုးကဖော့စခန်းတွင် အထူးတိုင်းကို ဖွဲ့စည်းခဲ့ရာမှာ ဦးတင်မောင်ဝင်းက အထူးတိုင်းမှူးဖြစ်လာခဲ့သည်။ PDP ၏မူဝါဒသည် ရှေတန်းဒေသများတွင် အခွန်မကောက်ရ/ရိက္ခာမတောင်းရစသည်တို့ကို ပြဌာန်းထားသော်လည်း အထူးတိုင်းကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များသည် ပင်လယ်ပြင်အတွင်းသွားလာနေကြသည့် ခရီးသည်တင်လှေနှင့် ကုန်တင်လှေများကို အကောက်အခွန်များကောက်နေကြောင်း သတင်းများထွက်ပေါ်လာသည်။

၎င်းကိစ္စကိုရပ်တန်းကရပ်ရန်အတွက် PDP ဗဟိုမှ ညွှန်ကြားခဲ့ရာ ဦးတင်မောင်ဝင်းအနေဖြင့်လိုက်နာမှုမရှိဘဲ ゞ၎င်းတို့အထူးတိုင်းအနေဖြင့် PDP ပါတီမှခွဲထွက်သည်ဟု ကြေညာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ပြည်ထောင်စုပါတီကိုထူထောင်ပြီး ပါတီဥက္ကဌအဖြစ် မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်ကုန်းပိုင်းနှင့် ပင်လယ်ပြင်များတွင် ဆက်လက်လှုပ်ရှားခဲ့သည်။

ဦးတင်မောင်ဝင်းသည်ပြည်ထောင်စုပါတီထူထောင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယခင်အထူးတိုင်းတွင် ဒုတိုင်းမှူးအဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်လက်ယျာ၏သား ဗိုလ်မှုးအောင်လက်ျာနှင့်အဖွဲ့ သဘောမတူကန့်ကွက်ခဲ့ကြသဖြင့် ဦးတင်မောင်ဝင်းသည် ဗိုလ်မှူးအောင်လက်ယျာနှင့်အဖွဲ့အားဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဗိုလ်မှူးအောင်လက်ျာသစ္စာခံတပ်ဖွဲ့ဝင်တစ်ချို့၏ကယ်တင်မှုကြောင့် ဦးတင်မောင်ဝင်း ဖမ်းဆီးချုပ်နှောင်ထားရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ဗိုလ်မှူးအောင်လက်ျာအား သစ္စာခံသည့် ပြည်ထောင်စုပါတီတပ်ဖွဲ့ဝင်များက အာဏာပြန်သိမ်းအောင်မြင်ခဲ့သည့်အတွက် ဦးတင်မောင်ဝင်းမှာ ဘန်ကောက်မြို့သို့ ကိုယ်လွတ်ရုန်းထွက်ပြေးရသည်။

မိုးကဖော့စခန်းအား ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်စစ်ဌာချုပ်အဖြစ် ဗိုလ်မှူးအောင်လက်ျာဖွင့်လှစ်ပြီး ဖခင်ဖြစ်သူ ဗိုလ်ချုပ်လက်ျာ ကိုပါစခန်းအတွင်းသို့ ခေါ်ယူထားခဲ့ပြန်သည် ။

၁၉၇၅ ခုနှစ်အတွင်းမှာပင် ဗိုလ်မှူးအောင်လက်ျာမောင်းနှင်လာသည့်ကားအား ပကျွတ်ခရိုင် ထောက်စကဲမြို့နှင့်မိုးကဖော့စခန်းအကြားတွင် အမည်မသိသေနတ်သားတစ်စုမှ ခြုံခိုတိုက်ခိုက်သည့်အတွက် ကားထဲမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ မည်သူ့လက်ချက်မှန်းမသိလိုက်ရသော်လည်း ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်အတွင်း ဗိုလ်မှူးအောင်လက်ျာ အာဏာသိမ်းခြင်းခံလိုက်ရသူများဖြစ်နိုင်ကြောင်း ယူဆပြောဆိုခဲ့ကြသည်။

 ပြည်ချစ်တပ်မတော်၏ နိဂုံး

၁၉၇၅ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဖျက်သိမ်းခဲ့သဖြင့် တပ်ဖွဲ့ဝင်အများစုမှာ ထိုင်းအစိုးရထံတွင်လက်နက်အပ်ခဲ့ကြပြီး ထိုင်းနယ်စပ်အတွင်းပိုင်းကျေးရွာများ၌ ခိုလှုံနေထိုင်လိုက်ကြသည်။

ထို့နည်းတူ တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကိုလည်းဖျက်သိမ်းခဲ့ပြန်သဖြင့် တပ်ဖွဲ့ဝင်များမှာ အစိုးရထံ လက်နက်ချသူကချ ထွက်ပြေးသူကပြေး  ကေအဲန်ယူနှင့်ပူးပေါင်းသူကပေါင်း စသည့်အဖြစ်မျိုးနှင့် ကြုံရသဖြင့် တပ်ပျက်ခဲ့ရသည့်အဖြစ်မျိုးကို ရောက်ခဲ့ရပါသည်။

၁၉၇၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည်လည်း ကေအဲန်ယူထံလက်နက်များအပ်နှံခဲ့ပြီး တပ်များဖျက်သိမ်းခဲ့ပြန်ကာ ခေါင်းဆောင်ပိုင်းအချို့သည် မဲဆောက်မြို့၌ ခိုလှုံနေထိုင်ခဲ့ကြသည်။

၁၉၇၇ ခုနှစ်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် လက်ကျန်တပ်ဖွဲ့ဝင်များသည် “မိုးကဖော့တပ်စခန်း၌ စုရုံးးနေထိုင်ခဲ့ရာ မြွေဟောက်တပ်ရင်းမှ မန်းမြင့်ဆိုင်၊ စောလှထွန်း၊ ဗိုလ်သွေးနှင့်ပြည်သိမ်းတပ်ရင်းမှ ဗိုလ်သိန်းဇော်တို့သည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှခွဲထွက်ကာ တပ်ဖွဲ့ဝင်များကိုခေါ်ဆောင်ခဲ့ကြပြီး ကေအဲန်ယူနှင့်ပူးပေါင်းသွားသည်။

နောက်ပိုင်းတွင် ကေအဲန်ယူနှင့် PDP တို့ လက်နက်ကိုင် ပဋိပက္ခတွေပါ ဖြစ်လာပြီး ကေအဲန်ယူတို့ PDP စခန်းကို ဝင်တိုက်ရာမှာ ၁၉၇၈ နိုဝင်ဘာ ၂၇ တွင် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီး လက်ျာ ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်လက်ျာ ကျဆုံးခဲ့ပြီးနောက်ပိုင်း ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်လည်း လုံးဝနိဂုံးချုပ်ခဲ့ရပါသည်။

မှတ်ချက်။  ။ ဆက်လက်ရေးသားပါဦးမည်။ ဖြစ်စဉ်အချို့မှာ ရက်စွဲများလွဲမှားမှုရှိပါက ခွင့်လွှတ်စေလို၊ အကြံပေးလိုပါက [email protected] သို့ အီးမေးလ်ဆက်သွယ်နိုင်ပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.