spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေဖြူမြို့နယ်တွင် အရပ်သားခြံသမားတစ်ဦး လက်လုပ်တောပုန်းတူမီးသေနတ်ဖြင့် လုပ်ကြံခံရ

    ရေဖြူမြို့နယ်တွင် အရပ်သားခြံသမားတစ်ဦး လက်လုပ်တောပုန်းတူမီးသေနတ်ဖြင့် လုပ်ကြံခံရ

    -


    မွန်သတင်းအေဂျင်စီ(မေ ၁၈)

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရာဖူးကျေးရွာအရှေ့ဖက်တောတန်းတစ်နေရာရှိ နေအိမ်တဲတွင် နေထိုင်သောခြံသမားတစ်ဦး လက်လုပ်တောပုန်းတူမီးသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ် လုပ်ကြံခံလိုက်ရကြောင်း သတင်းရရှိသည်။

    အဆိုပါဒေသရှိ ကင်းချောင်း၏တောင်ဘက်တွင် ခြံလုပ်ကိုင်နေသူ အသက် ၅၆ နှစ်ရှိ နိုင်သိန်းဝင်းသည် မေလ ၁၆ ရက် ညမိုးချုပ် ၉ နာရီအချိန်ခန့်တွင် မိသားစု ၄ ဦးနှင့်အတူ ထမင်းဝိုင်းဖွဲ့စားနေစဉ် နေအိမ်ပြင်ပမလှမ်းမကမ်းတွင် မည်သူမည်ဝါမသိရဘဲ နောက်ကျောဘက်မှ လက်လုပ်တောပုန်းတူမီးသေနတ်တစ်ချက် အနီးကပ်ပစ်ခတ်သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ကလိန်အောင်ရဲစခန်းတာဝန်ရှိသူများနှင့်အတူ ဖြစ်စဉ်ကိုသွားရောက်စစ်ဆေးခဲ့သူ ရာဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “သူဇနီးသားသမီး ၄ ဦးတို့နဲ့ ထမင်းစားနေတာပေါ့၊ အိမ်ဘေးမှာ ထင်းပုံတွေစီထားတယ်၊ အဲဒီကနေ တောပုန်းနဲ့အသေအချာချိန်ပြီး ၇ ပေလောက်အကွာကနေ ပစ်လိုက်တာပေါ့၊ အနောက်ဖက် ဘယ်ဖက်နားရွက်အနီး ကျည်ဆံဝင်ပြီး မျက်နှာဖက်ကိုအံထွက်လာတာပေါ့၊ သူမှာ ရန်ညှိးရန်စတွေလည်း တစ်ဦးတစ်လေ ဘာမှမရှိဘူးဆိုတော့ တရားခံကိုလည်းစဉ်းစားလို့မရနိုင်ပါဘူး” ဟု ဦးခင်မောင်ဦးက ဆိုသည်။

    ယခုဖြစ်စဉ်မှာ တောလဝ႘“စိုက်ပျိုးရေး” ရွာ၏ တောင်ဘက်တစ်မိုင်ခန့်အကွာ(ကင်းချောင်းတောင်ဘက်) တွင် မိသားစုနှင့်အတူခြံစိုက်ပျိုးလုပ်ကိုင် အခြေချနေခဲ့သည်မှာ ၁၅ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ နိုင်သိန်းဝင်းမှာ မွန်လူမျိုးဖြစ်ပြီး ရေးချောင်းဖျားဇာတိဖြစ်ကြောင်း ၎င်းကပြောသည်။ 

    “မနေ့မနက် ၈ နာရီလောက်မှာ ကလိန်အောင်ခေတ္တရဲစခန်းမှူးရယ်၊ စရဖရယ်၊ ကျနော်တို့ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သူတို့မိသားစုတွေကိုသွားတွေ့ပြီး ဖြစ်စဉ်တွေကိုမေးမြန်း၊ အလောင်းကို ကလိန်အောင်တိုက်နယ်ဆေးရုံကိုပို့ပြီး ဆရာဝန်ကစစ်ဆေးတယ်၊ တရားခံမသိတော့ ရဲကသေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်၊ ဒီနေ့လယ် သဂြိုလ်လိုက်တယ်” ဟု ဦးခင်မောင်ဦးက ဆိုသည်။

    အဆိုပါဒေသသည် ရေဖြူမြို့နယ်ရှေ့ဖက်ယွန်းယွန်း ထိုင်းမြန်မာနယ်စပ်တောင်တန်းမှ စီးဆင်းလာသည့် ကင်းချောင်းကို ဧရိယာအဖြစ်ပိုင်းခြားထား၍ တောင်ဘက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့များနှင့် မြောက်ဘက်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ဒေသခံများက ခြံလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။

    ယခုခြံသမားအား လုပ်ကြံမှုသည် ရေဖြူမြို့နယ်အတွင်း ပထမအကြိမ် ဖြစ်ရပ်အသစ်တစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကဲ့သို့ပင် လက်သည်တရားခံမသိရကြောင်း၊ ထို့ကြောင့် ဒေသခံတို့အနေဖြင့် နေ့ခင်းဘက်တွင်ခြံသွားခြင်း၊ မိမိတို့ခြံတွင်ညအိပ်ခြင်းများ မပြုလုပ်ကြဘဲ အခြေအနေကိုစောင့်ကြည့်နေသေးကြောင်း သတင်းရရှိသည်။  

    Photo- လုပ်ကြံခံရသူ ခြံသမား နိုင်သိန်းဝင်း အသက် (၅၆) နှစ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks