spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19တပ်မတော်ဖိအားကြောင့် စစ်ဆေးရေးစခန်းရုတ်သိမ်းခြင်းမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီပြန်လည်ရှင်းလင်း

    တပ်မတော်ဖိအားကြောင့် စစ်ဆေးရေးစခန်းရုတ်သိမ်းခြင်းမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီပြန်လည်ရှင်းလင်း

    -

    မွန်သတင်းအေဂျင်စီ (မေ ၁၇)

    ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်း-တပ်ရင်း(၃) ရွာအဝင်၌ ယာယီဖွင့်လှစ်ထားရှိသော ထိုင်းနိုင်ငံမှ ဝင်ရောက်လာမည့် လူဝင်/ထွက်စစ်ဆေးရေးစခန်းအား တပ်မတော်ဖိအားကြောင့် ရုတ်သိမ်းခြင်းမဟုတ်ကြောင်း မွန်ပြည်သစ်သတင်းစဉ်လူမှုကွန်ရက်မှ မွန်ပြည်သစ်ပါတီက ယနေ့ညနေပိုင်းတွင် ရုပ်သံထုတ်လွင့်၍ ရှင်းလင်းပြောကြားသည်။

    မွန်ပြည်သစ်ပါတီ ပြောခွင့်ရှိသူ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “မူလသဘောတူညီချက်မှာ တပ်ဘက်က စခန်းရုတ်သိမ်းရင် ကျနော်တို့ဘက်ကလည်းပြန်ရုတ်သိမ်းပေးရမယ့် အချက်ပါတယ်၊ လူအဝင်အထွက်လည်းမရှိတော့တဲ့အတွက် တပ်ဘက်ကသူတို့စခန်းကို ရုတ်သိမ်းလိုက်ပြီဖြစ်တာမို့ ကျနော်တို့စခန်းကိုလည်း ပြန်လည်ရုတ်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ ညှိနှိုင်းပြောဆိုလာပါတယ်၊ ဒါကြောင့် မူလသဘောတူညီချက်အတိုင်းပါပဲ စခန်းကို ယာယီဖွင့်ထားတာပဲဖြစ်တဲ့အတွက် ကျနော်တို့ ပြန်ရုတ်သိမ်းလိုက်တာပါ၊ တပ်မတော်ဖိအားကြောင့် စစ်ဆေးရေးစခန်းရုတ်သိမ်းတာ မဟုတ်ပါ” ဟု မွန်ဘာသာဖြင့် ၄ မိနစ်ကျော်ခန့် ရှင်းလင်းပြောကြားခဲ့သည်။ 

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးစခန်း ၁၈ နေရာဖွင့်လှစ်ထားပြီး ဘုရားသုံးဆူနယ်စပ်၌ ဂျပန်ရေတွင်းနှင့် ကြံတောရွာတို့တွင် ဖွင့်လှစ်ထားကြောင်း၊ ပြန်လည်ရုတ်သိမ်းခဲ့သည့် ဂျပန်ရေတွင်း-တပ်ရင်း(၃) ရွာအဝင်စခန်းသည် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် မသက်ဆိုင်ကြောင်း နိုင်ဗညားလယ်က ရှင်းလင်းခဲ့သည်။

    “ကိုဗစ်ရောဂါဖြစ်ပေါ်နေတဲ့ကာလမှာ နယ်စပ်ကလူအဝင်အထွက် ထိန်းချုပ်နိုင်ဖို့အတွက် စစ်ဆေးရေးစခန်းတွေကို ဘုရားသုံးဆူရဲစခန်းအနီးမှာ တပ်ဘက်ကဖွင့်လှစ်ပြီး ဂျပန်ရေတွင်းလမ်းက တပ်ရင်း(၃) အဝင်မှာ ကျနော်တို့ယာယီစခန်းဖွင့်ခဲ့ပါတယ်၊ လူအဝင်အထွက်နည်းလာတဲ့အတွက် ၂၃ ရက်နေ့ ၄ လပိုင်းမှာ တပ်ဘက်က သူတို့စခန်းကို ရုတ်သိမ်းခဲ့ပြီးပြီ” ဟု ၎င်းက ပြောသည်။

    ထိုင်းနိုင်ငံတွင် ညမထွက်ရအမိန့်ကို မေလ ၃၁ ရက်နေ့အထိ တိုးမြင့်လိုက်သည့်အတွက် နေရပ်ပြန်မည့်အလုပ်သမားများ မူလက မေလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ပြန်မည့်အစီအစဉ်ဖျက်သိမ်းလိုက်ရသဖြင့် ယခုအခါ နယ်စပ်များတွင် လူအဝင်အထွက်မရှိတော့ပေ။ 

    သို့ရာတွင် လာမည့်ဇွန်လ ၁ ရက်နေ့နောက်ပိုင်းတွင် မဲဆောက်-မြဝတီနယ်စပ်ဖြတ်ကျော်လမ်းအပြင် မဲဆိုင်-တာချီလိတ်လမ်း၊ ရနောင်း-ကော့သောင်လမ်းကြောင်းများမှလည်း နေရပ်ပြန်နိုင်ရန် မြန်မာအစိုးရတာဝန်ရှိသူများက ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    နေရပ်ပြန်လိုသူများအနေဖြင့် အကယ်၍ ဘုရားသုံးဆူနယ်စပ်သို့ရောက်ရှိလာပါက မြဝတီမြို့သို့ ဆက်လက်သွားရောက်၍ လက်ခံကြိုဆိုရေးဌာနများတွင် နာမည်စာရင်းသွင်းရမည်ဖြစ်ပြီး COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ Quarantine စခန်းများ၌ ၂၁ ရက်ကြာ နေထိုင်ရမည်ဖြစ်သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က မွန်ပြည်သစ်ပါတီသို့ မေလ ၁၆ ရက်နေ့တွင်  မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    Photo- မွန်ပြည်သစ်ပါတီ ပြန်လည်ရုတ်သိမ်းခဲ့သည့် ယာယီလူဝင်ထွက်စစ်ဆေးသည့်နေရာ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks