spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19နိုင်ငံရေးပဋိပက္ခဖြစ်စေ အယူအဆရေးရာပဋိပက္ခဖြစ်စေ ခဏတာဘေးဖယ်ထား- FAPC Program Director နိုင်ဗညားမွန် သုံးသပ်ချက်

    နိုင်ငံရေးပဋိပက္ခဖြစ်စေ အယူအဆရေးရာပဋိပက္ခဖြစ်စေ ခဏတာဘေးဖယ်ထား- FAPC Program Director နိုင်ဗညားမွန် သုံးသပ်ချက်

    -

    ဗညားအောင်

    တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ကြေငြာချက်အပေါ် ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ FAPC Program Director နိုင်ဗညားမွန် အမြင်သုံးသပ်ချက်အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းသည်။

    မေး- ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးထိရောက်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးအတွက်  တပ်မတော်က မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမယ်လို့ ကြေငြာထားပါတယ်။ တပ်မတော်အနေနဲ့ အရင်နှစ်တွေက မြောက်ပိုင်းဒေသတွေမှာ ဒီလိုပဲ အပစ်ရပ်တွေကြေငြာပြီးလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာပဲ မဟုတ်လား အခုထုတ်ပြန်ချက်ကရော ဘာတွေ ထူးခြားလာမှာလဲ၊ နောက်ပြီး တပ်မတော်အနေနဲ့ အခုလို အပစ်ရပ်စဲကြေညာလိုက်တဲ့အပေါ်မှာ အကောင်းတွေထဲက မှတ်တမ်းတင်လောက်တဲ့အကြောင်းအရာတွေက ဘာတွေလဲ?

    ဖြေ- ဒီလို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်နေတဲ့ အချိန်မှာ ပြည်တွင်းမှာရော နိုင်ငံတကာကပါ အထူးသဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတာရပ်စ်က အစ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလာကြတယ်။ ကိုဗစ်ရောဂါက ကမ္ဘာ့ကပ်ဆိုက်ရောဂါဖြစ်တယ်၊ ဒီရောဂါက နေရာဒေသ၊ ဆင်းရဲချမ်းသာ၊ ရာထူးကြီးငယ်  ဘယ်သူ့ကိုမှ မရွေးဘူး၊ ဥပမာ ဗြိတိသျှ ဝန်ကြီးချုပ်ကစ ကူးစက်တယ်။ ဒါကို နိုင်ငံတစ်ခုတစ်ခုတည်းနဲ့ တိုက်ဖျက်လို့မရဘူး အားလုံး စုပေါင်းတိုက်ဖျက်မှ အောင်မြင်နိုင်မယ့် အနေအထားဖြစ်တယ်။ ဒါကြောင့်  ကိုဗစ်တိုက်ဖျက်ရေးကို အဟန့်အတားဖြစ်စေတဲ့ စစ်ပွဲကို ရပ်စဲဖို့ တောင်းဆိုတာဖြစ်တယ်။ ဒါကို တပ်မတော်က တုံ့ပြန်တာက အပြုသဘောဆောင်တယ်လို့ ယူဆလို့ရတယ်။ ဒါက ထူးခြားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

    မေး-ထုတ်ပြန်ချက်ထဲမှာ ကန့်သတ်ချက်တွေလည်းပါရှိလာတော့ NCA-S EAO တွေအနေနဲ့ ဘယ်လို အချက်မျိုးကို သတိထားဖို့လိုသလဲ? –

    ဖြေ- ထုတ်ပြန်ချက်မှာ ကန့်သတ်ချက်တွေ ရှိနေတာတွေ့ရတယ်။ ဒါတွေက စိုးရိမ်မှုကို ဖြစ်စေပါတယ်။ ပထမကန့်သတ်ချက်က အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပလို့ ဆိုထားတယ်။ဒါက  ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ အစိုးရက မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားတဲ့ AA ရက္ခိုင့်တပ်တော်လှုပ်ရှားရာ ရခိုင်ဒေသလို့ ယေဘူယျအားဖြင့် နားလည် လို့ရတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာ ဆိုထားတော့ အကြမ်းဖက်အဖွဲ့စည်းရှိတဲ့ ဘယ်နေရာမှာမဆို တပ်မတော်က တိုက်ခိုက်နိုင်တယ်လို့လည်း ကောက်ချက်ယူလို့ရတယ်။ ဥပမာ KIO လိုင်ဇာမှာ AA ရက္ခိုင့်တပ်တော် ရှိနေတယ်။ အခုကြေငြာချက်က လိုင်ဇာလိုနေရာမျိုး ပါမပါဆိုတာ စဉ်းစားစရာဖြစ်စေပါတယ်။  ပြီးခဲ့နှစ် တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စရေး ထုတ်ပြန်ချက်က ရှင်းတယ်။ စစ်တိုင်းကို အခြေခံတယ်။ အနောက်ပိုင်းတိုင်းမှအပ ကျန်စစ်တိုင်း ၅ တိုင်းမှာ အပစ်အခတ်ရပ်စဲတယ်။ ဒါက တစ်မျိုးရှင်းတယ်။ အခုက မရှင်ဘူးဖြစ်နေတယ်။ ဒီမရှင်းတဲ့ အချက်က စိုးရိမ်ချက်ကို ဖြစ်လာစေနိုင်ပါတယ်။

    ဒုတိယ ကန့်သတ်ချက်က တပ်မတော်ကာကွယ်ရေးဦးချုပ်၏ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ထဲက ၄ ချက် ကို အလေးအနက်ထား လိုက်နာရမယ်လို့ဆိုထားတယ်။  ငြိမ်းချမ်းရေးအပေါ် အမြတ်မထုတ်ဖို့ နိုင်ငံတော် ၏တည်ဆဲဥပဒေကို လိုက်နာဖို့၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အနိုင်ကျင့်ခြင်း မပြု လုပ်ဖို့၊ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်နှင့်ပြည်သူအကျိုးစီးပွားကို မထိခိုက်စေဖို့ ဒါတွေဖြစ် လာယင် တပ်မတော်က လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားတယ်။ ဒါက NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ကိုရော မထိုးထားတဲ့အဖွဲ့ကိုပါ ရည်ညွန်းပြောဆိုတယ်လို့ နားလည်ရပါတယ်။

    မေး- Covid ကြောင့် အစိုးရ-တပ်မတော်နဲ့ EAO တွေ ပိုပြီးစုစည်းမှုဖြစ်လာနိုင်သလို ဒီအပေါ်မှာအခြေပြုပြီး ပဋိပက္ခတွေလည်း အရင်ထက်ပိုပြီး ကြီးထွားစေနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်၊ အကောင်းဘက်ကို ရှေးရှုပြီး ဘယ်လိုအကောင်အထည်ဖော်ရင်ကောင်းမလဲ?

    ဖြေ-ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် တိုက်ဖျက်ဖို့က အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ် လိုအပ် တယ်။ ဒါကို လူတိုင်းက လက်ခံထားတယ်။ အစိုးရအနေနဲ့လည်း ကိုဗစ်ရောဂါကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် မည်သူမျှမချန်ထားရေး No one left behind policy ချမှတ်ပြီး အကောင် အထည်ဖော်နေတယ်လို့ ဆိုပါတယ်။ ဒီလိုပေါ်လစီတွေအပေါ် အခြေခံပြီး ကိုဗစ်ရောဂါတိုက်ဖျက်ရေး ပိုမိုထိရောက်အောင်မြင်နိုင်ဖို့အတွက်ဆိုယင် အခုလိုအချိန်မျိုးမှာ နိုင်ငံရေးကြောင့် ဖြစ်နေတဲ့ပဋိပက္ခ၊ တိုက်ခိုက်မှုတွေ တစ်ခဏတာဘဲဖြစ်ဖြစ် ရပ်နားပြီး ကိုဗစ်ရောဂါတိုက်ဖျက်ရေးတစ်ခုတည်းအပေါ်အာ ရုံစိုက်ပြီး ပူးပေါင်းလုပ်ဆောင်မယ်ဆိုယင် ဤပူးပေါင်းဆောင်မှုကတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ တိုးလာပြီး ပိုမိုစုစည်းလာတဲ့ အနေအထားမျိုးကို ရှေးရှုသွားနိုင်ပါမယ်လို့ ယုံကြည်တယ်။  ဒါပေမဲ့ ဒီလိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက်ဆိုယင်  ကြိုတင်ကန့်သတ်ချက်တွေ၊ တစ်ဖက်နှင့် တစ်ဖက် နိုင်ငံရေးအမြတ်ထုတ်မှုတွေ မရှိဘို့ လိုအပ်ပါလိမ့်မယ်။ 

    မေးခွန်း- နောက်ဆုံးအနေနဲ့ လိုအပ်တာကို ဖြည့်စွက်ပြောကြားပေးစေလို?

    ဖြေ- ကိုဗစ် ၁၉ ရောဂါက လူသားတစ်ရပ်လုံးရဲ့ ရန်သူဖြစ်တယ်။ မမြင်ရတဲ့ ရန်သူဖြစ်တယ်။ ဒီလိုရန်သူမျိုး ကို နိုင်ငံတစ်ခုတည်းအနေနဲ့ တိုက်ဖျက်တာ မအောင်မြင်နိုင်ပါဘူး၊ဒါကြောင့် တစ်ကမ္ဘာ လုံးက ပူးပေါင်းပြီး တိုက်ဖျက်နေရတာဖြစ်တယ်။ ဆင်းရဲပြီး ပဋိပက္ခတွေ များနေတဲ့ ကျနော်တို့မြန် မာနိုင်ငံလိုမျိုးမှာ ဒီရောဂါကို တိုက်ဖျက်ရတာ အခြားနိုင်ငံတွေအထက် အခက်အခဲအတားအဆီး ပိုကြီးမားပါတယ်။ ဒါ ကြောင့် နိုင်ငံအင်အားစုအသီးသီးကြားမှာ ရှိနေတဲ့ နိုင်ငံရေးပဋိပက္ခဖြစ်စေ၊ အယူ အဆရေးရာပဋိပက္ခ ဖြစ်စေ၊ ဒါတွေကို ခဏတာ ဘေးဖယ်ထားပြီး ဒီကိုဗစ်ရောဂါတစ်ခုတည်းကို အာရုံ စိုက်ပြီး ဒီရောဂါကို  ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက်  အတူလက်တွဲ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုယင် ကျနော်တို့နိုင်ငံအတွက် သားရွှေအိုးထမ်းလာတာကို မြင်ရတဲ့ကိန်းလို့ ထင်ပါတယ်။

    (ပြီး)

    Photo- FAPC Program Director နိုင်ဗညားမွန် (Banya Mon)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks