spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19အစိုးရ၏ COVID - 19 ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ Online အစည်းအဝေးကျင်းပ

    အစိုးရ၏ COVID – 19 ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ Online အစည်းအဝေးကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(မေ-၁၂)

    နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့သော အစိုးရ၏ COVID ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ NMSP တို့ နှစ်ဖက်သဘောတူညီချက် (၇) ခုကိုအခြေခံပြီး ယနေ့(မေ ၁၂) ရက်တွင် Online အစည်းအဝေးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

    Online အစည်းအဝေးတက်ရောက်သူ မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးက “Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုကာကွယ်ထိန်းချုပ်သွားမလဲ၊ နည်းပညာအပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းကရိယာအပိုင်း စတာတွေအပါအဝင်  လိုအပ်တာတွေကို အစိုးရနဲ့ ကျနော်တို့ အပြန်အလှန်ပူးပေါင်းဖလှယ်ကြမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

    သို့ရာတွင် ကုသရေးအပိုင်းတွင် မွန်ပြည်သစ်ပါတီ မစွမ်းဆောင်နိုင်သေးသဖြင့် မိမိနယ်မြေအတွင်း သံသယလူနာများတွေ့ရှိပါက နီးစပ်ရာ ပြည်သူ့ဆေးရုံသို့ပို့ဆောင်နိုင်ရန် ပြည်နယ်အစိုးရ ကျန်းမာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    “ ထိုင်းနိုင်ငံမှပြန်လာမည့်အလုပ်သမားတွေ ခရီးဝေးကလာသူတွေကို လိုအပ်ရင် မှတ်ပုံတင်ပြီး စာရင်းပြုစုထားဖို့၊ လိုအပ်တဲ့ ခရီးသွားရာဇဝင်တွေကို ပေးတာ၊ လူနာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ဖလှယ်တာ၊ INGO, NGO အကူအညီတွေ ရယူတာကအစ ကျနော်တို့အကြံဉာဏ်တွေအပြန်အလှန်ပေးကြတာရှိတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီက ဖွင့်လှစ်ထားရှိသည့် Quarantine ၁၈ နေရာအတွက် လိုအပ်သော စောင်၊ ခြင်ထောင် အိပ်ယာအသုံးအဆောင်ပစ္စည်းများ၊ PPE ဝတ်စုံများ၊ လက်ဆေးဆပ်ပြာများ၊ Hand Gel နှင့် Mask များကိုလည်း တောင်းဆိုထားသည်ဟု ဆိုသည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “မွန်ပြည်သစ်ပါတီက COVID ကာကွယ် ထိန်းချုပ်ရေးအတွက် Screen Point (၁၈) ဖွင့်ထားတယ် ပြောပါတယ်။ အဲဒိထဲက ထိစပ် ဒေသတွေမှာ ဒီ Point မှာတာဝန်ယူတဲ့ သူများက အရပ်ဝတ် (မွန်အမျိုးသားဝတ်စုံ) နဲ့သာ တာဝန်ထမ်းဆောင်တယ်လို့ပြောပါတယ်” ဟု ၎င်း၏ Facebook တွင် ရေးသားဖော်ပြသည်။

    ယင်းသို့ ဆွေးနွေးမှုများတွင် “ COVID ကာလ၊ COVID အလွန်ကာလ” လူမှုစီးပွားရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးများအတွက်  ကောင်းမွန်သည့် ဆွေးနွေးပွဲဖြစ်ပြီး ဆက်လက်ညှိနှိုင်းဆွေးနွေးကြဦးမည်ဟု သိရသည်။

    ယခု Online အစည်းအဝေးတွင် အစိုးရ၏ COVID ညှိနှိုင်းရေးကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ အတွင်းရေးမှူး တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးလှမော်ဦး၊ အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် ဦးကျော်လင်းဦး၊ မွန်ပြည်သစ်ပါတီမှ အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်၊ နိုင်အောင်မငေး၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗိုင်ခိုင်နှင့် နိုင် M စိုက်ချမ်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

    အလားတူ အစိုးရ၏ COVID ညှိနှိုင်းရေးကော်မတီအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးတို့သည်လည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ NCA-S EAO တို့၏ ဘုံသဘောတူညီချက် (၇) ချက်ကို အခြေခံပြီး ယမန်နေ့တွင် Online အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks