Monday, March 16, 2026
More
    spot_img
    HomeCovid 19မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်

    မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်

    -

    ဗညားအောင်

    မေး-တပ်မတော်ရဲ့ အပစ်ရပ်စဲမှုထုတ်ပြန်ကြေညာချက်ကို ဘယ်လိုမြင်သလဲ ခင်ဗျ?

    ဖြေ-ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ တပ်မတော်ကနေပြီးတော့ Covid-19 ရောဂါနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခ ၃ လရပ်တန့်ပေးမယ်လို့ ကြေငြာချက်ထုတ်ပါတယ်၊ ကျနော့်အမြင်က ကြိုဆိုတယ်လို့လည်း ပြောချင်ပါတယ် ကောင်းတယ်လို့လည်း ထင်ပါတယ်၊ တပ်မတော်ထုတ်ပြန်ချက်မှာ ကျနော်တို့တွေ့တာကတော့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ အန်တိုနီယို ဂူတာရပ်စ် ကလည်း ဒီတစ်ကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲဖို့ဆိုပြီးတော့ မေတ္တာရပ်ခံချက်ရှိပါတယ်၊ ဒါနဲ့ပတ်သက်လို့ တုန့်ပြန်တယ်၊ အပြုသဘောဆောင်တယ်လို့ပဲ ကျနော်ယူဆပါတယ်ခင်ဗျ။

    မေး-တပ်မတော်ရဲ့ အပစ်ရပ်စဲမှုဟာ အစိုးရသတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာ မပါဝင်ဘူးဆိုတာ ဘယ်လိုသဘောရသလဲ?

    ဖြေ-ကျနော်မြင်တာက ဒီလိုပါ အခုဖြစ်နေတဲ့ Covid-19 ကူးစက်ရောဂါက တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံမှ မကြုံဖူးသေးတဲ့ အတွေ့အကြုံဖြစ်ပါတယ်၊ ဆိုတော့ ဒါက နိုင်ငံတစ်ခုထဲလည်းပဲ ရင်ဆိုင်ဖို့မဖြစ်နိုင်ပါဘူး၊ အဲဒီတော့ နိုင်ငံတကာတွေမှာလည်းပဲ ပူးပေါင်းဆောင်ရွက်မှု လုပ်နေပါတယ်၊ ကျနော်တို့နိုင်ငံထူးခြားချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ပြီးတဲ့ မတ်လဆန်းပိုင်းကနေပြီးတော့ သူ့ဖာသာသူ သူတို့ထိန်းချုပ်နယ်မြေတွေမှာ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ကာကွယ်မှုတွေ လုပ်ပါတယ်၊ ဒါပေမယ့် နိုင်ငံတစ်ခုတောင်မှ ကိုယ့်ဖာသာကိုယ်ရပ်တည်တုန့်ပြန်ဖို့ ခက်တဲ့အနေအထားမှာ အခုလို တိုင်းရင်းသားအဖွဲ့အစည်းတွေက တစ်ခုချင်းတုန့်ပြန်ဖို့ မလွယ်ပါဘူးဗျ၊ ဒီလိုအနေအထားမှာ ဘာပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှုက ကောင်းတဲ့လို့ ကျနော်ယူဆပါတယ်။ ဒါပေမယ့်တစ်ခုရှိပါတယ် တပ်မတော်ကြေငြာချက်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ဒေသတွေ မပါဘူးပေါ့လေ၊ ဒီအနေအထားမှာတော့ တချို့ စိုးရိမ်စရာတွေရှိဦးမယ်လို့ ကျနော်ယူဆတယ်ခင်ဗျ။

    မေး-နောက် ဘာများစိုးရိမ်စရာတွေ ရှိပါသေးလဲခင်ဗျ?

    ဖြေ-နောက်တစ်ချက် ကျနော်စိုးရိမ်တာက အခုလို Covid-19 ရောဂါဖြစ်လာတဲ့အခါ အခုလိုကပ်ရောဂါတွေဖြစ်ရင် ပြဿနာက အရင်းမြစ်ရှားလာတယ်ဗျ၊ ဆိုလိုတာက ကိုယ့်တစ်အိမ်ထဲမှာပဲဖြစ်ဖြစ် မိသားစုမှာပဲဖြစ်ဖြစ် သို့မဟုတ်ရင်လည်း ကမ္ဘာ့စီးပွားရေးမှာ ထိခိုက်လာတဲ့အနေအထားမှာ ဒီလိုအရင်းအမြစ်တွေ ရှားပါးလာတဲ့အနေအထားမှာလည်း ဒီလိုအခွန်ငွေကောက်တာကစလို့ အရင်းမြစ်တွေ ရှားလာနိုင်တဲ့ပြဿနာမျိုးရှိတယ်၊ အဲလိုအရင်းမြစ်တွေရှားပါးလာရင် လူတွေရဲ့သဘောသဘာဝအရ လုယက်တတ်တယ်ခင်ဗျ၊ အချင်းချင်းလည်း ပြဿနာပဋိပက္ခပိုကြီးလာနိုင်တဲ့အနေအထားမျိုးလည်း ရှိတတ်တယ်၊

     အဲလိုအနေထားမျိုးမှာ ကျနော်မြင်တာက အစိုးရအနေနဲ့လည်း တချို့ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ လိုလိမ့်မယ်လို့ ကျနော်ယူဆတယ်၊ ဥပမာ အခြေခံစားသောက်ကုန်တွေပေါ့၊ အဲဒီတော့ အစိုးရကိုယ်တိုင်ကလည်း ကြေငြာထားတာရှိပါတယ် “No one left behind ” ပေါ့နော် ဘယ်သူတစ်ဦးယောက်မှ နောက်မကျန်ရစ်စေရ မူချထားတော့ ဒီမူကလည်း ကောင်းပါတယ်၊ အခုအနေအထားကို မူတည်ပြီးတော့ ကျနော်တို့ယုံကြည်မှု ပိုပြီးတော့တည်ဆောက်နိုင်မယ်၊ ပိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်တဲ့လုပ်ငန်းတွေ လုပ်နိုင်မယ်၊ ကောင်းမယ်လို့ ယူဆပါတယ်။

    မေး-ဘယ်လိုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး အကောင်အထည်ဖော်မှာလည်းခင်ဗျ?

    ဖြေ-လက်တွေ့အခက်အခဲကတော့ အခုကိစ္စကို NRPC က ဦးဆောင်မယ်လို့ ဆိုပါတယ်၊ လက်ရှိ NRPC ရဲ့ဖွဲ့စည်းပုံအရ ဆိုရင် ဒီကိစ္စတွေအားလုံး ဆက်ဆံရေး ဆက်သွယ်ရေး နောက်တခါ ဒီလိုထောက်ပံ့ရေးကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့နော် ဒါနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နိုင်ပါ့မလားပေါ့နော် ဆိုတော့ ဒီအင်အားကို ပိုပြီးတော့ဖြည့်ဆည်းသင့်တယ်၊ ဒါကိုလည်း ဟန်ပြမဟုတ်ဖူးပေါ့ ပိုပြီးတော့ လေးလေးနက်နက် အကောင်အထည်ဖော်သင့်တယ်လို့ပဲ လေးလေးနက်နက် ကျနော်ပြောချင်ပါတယ်”

    မေး-ကျေးဇူးတင်ပါတယ်။

    Photo-ISP-Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်း( Aung Thu Nyein Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks