Tuesday, March 17, 2026
More
    spot_img
    Homeသတင်း၂၀၂၀ ခုနှစ် မိုးရာသီအတွက် လယ်သမားများကို စိုက်ဘဏ်က အတိုးနှုန်း ၅ % ဖြင့် ငွေထုတ်ချေးမည်

    ၂၀၂၀ ခုနှစ် မိုးရာသီအတွက် လယ်သမားများကို စိုက်ဘဏ်က အတိုးနှုန်း ၅ % ဖြင့် ငွေထုတ်ချေးမည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၆)

    ၂၀၂၀ ခုနှစ် မိုးရာသီအတွက် စပါးစိုက်မည့်တောင်သူလယ်သမားများကို အတိုးနှုန်း ၅ %ဖြင့် ငွေထုတ်ချေးပေးသွားမှာဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောကြားသည်။

    “၃၁ ရက် ၃ လ (၂၀၂၀ခုနှစ်) အထိက ၈%၊  ၁ ရက် ၄ လကနေ ၃၀ ရက် ၄ လအထိက ၇ %၊ ၁ ရက် ၅ လကစပြီးတော့ ၅ % သူ့ကာလနဲ့ သူကျွန်တော်တို့ကောက်မှာပေါ့ မကြာခင် ထုတ်ချေးမဲ့ ၂၀၂၀ ခုနှစ် မိုးက ၅ %နဲ့ သွားမှာပါ” ဟု ၎င်းကဆိုသည်။

    မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က လယ်စိုက် တစ်ဧက ကို ၁ သိန်းခွဲနှုန်းနှင့် တစ်ခြားသီးနှံစိုက် တစ်ဧကကို ၁ သိန်းနှုန်းဖြင့် ထုတ်ချေးပေးနေပြီး ၂၀၂၀ ခုနှစ် မိုးစပါးစိုက်တောင်သူအတွက် ဧက ၃ သိန်းနှင့် ချေးငွေ ၄၃ ဘီလီလျံကျော် လျာထားသည်ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

    “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ကိုယ်ပိုင်ငွေတွေ မရှိဘူး မြန်မာ့စီးပွားရေးဘဏ်က တစ်ဆင့်ယူပြီး ချေးရတဲ့ အတွက်ကြောင့် ငွေထုတ်ကန့်သတ်ချက်တွေကိုတော့ ရုံးချုပ်က လွှဲလိုက်ပြီးဖြစ်ပါတယ် ငွေထုတ်ကန့်သတ်ချက်တွေ သက်ဆိုင်တဲ့ မြို့နယ် (စီးပွားရေးဘဏ်)ဘဏ်ခွဲတွေကို ရောက်တဲ့ အခါကျရင် လယ်သမားတွေကို ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

    ယခုလို မိုးရာသီမှစတင်ပြီး လယ်စိုက်တောင်သူများကို ချေးငွေအတိုးနှုန်း လျော့လိုက်တာက တောင်သူတွေအတွက် အဆင်ပြေစေသည်ဟု ပေါင်မြို့နယ်မှာ လယ်စိုက်တောင်သူ ဦးလွင်အေးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “အတိုးလျော့ချလိုက်တဲ့ ဆိုတော့ တောင်သူလယ်သမားတွေ အတွက်တော့ ကောင်းတာပေါ့ တော်တော်သက်သာတာပေါ့ လက်ရှိအတိုးနှုန်းကလည်း တော်တော်နည်းပါတယ် အခုလည်း ထပ်လျော့မယ်ဆိုတော့ အတိုးနှုန်း လျော့ချလိုက်တဲ့ အပေါ်မှာ တကယ်ပဲ လျော့ချရင် တောင်သူတွေ အဖို့ အများကြီးပဲ သက်သာတာပေါ့ အတိုးနှုန်း သက်သက်သာသာနဲ့ ပိုပြီးတော့ အဆင်ပြေမယ်လို့” ဟု ဦးလွင်အေးက ဆိုသည်။

    လက်ရှိမှာ COVID 19 ရောဂါကြောင့် အတိုးနှုန်းဖြေလျော့မှုကို သတ်မှတ်ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် မိုးရာသီတွင် ငွေထုတ်ချေးခဲ့သည့် တောင်သူများအနေဖြင့် ပြန်လည်ပေးဆပ်ရမယ့် ရက်ကို မေလ ၁၅ ရက်အထိ နောက်ဆုတ် သတ်မှတ်ပေးခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲ တာဝန်ရှိသူက ဆိုသည်။

    ၂၀၁၉ ခုနှစ်တွင် မိုးရာသီ လယ်စိုက်တောင်သူ ဧက ၂ သိန်း ၈ သောင်းကျော်နှင့် ဆောင်းရာသီစိုက် ဧက ၆ သောင်းကျော်ကို ငွေထုတ်ချေးပေးခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲမှ သိရသည်။

    Photo- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ရေးမြို့ (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks