spot_img
Monday, May 6, 2024
More
    spot_img
    HomeCovid 19အစိုးရ၏ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် တိုင်းရင်းသားကျန်းမာရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လော

    အစိုးရ၏ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် တိုင်းရင်းသားကျန်းမာရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လော

    -

    ဆောင်းပါးရှင်-ဗညားမွန်

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ၂၀၂၀ ခု ဧပြီလ ၂၇ ရက်နေ့တွင် အစိုးရက ဖွဲ့ စည်းလိုက်ပါသည်။ (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးနှင်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး (No one left behind) မူဝါဒအပေါ် အခြေခံ၍  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေ ပြုရာဒေသများတွင် ရောဂါကို  ထိရောက်စွာ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ဤသို့ဖွဲ့စည်းလိုက်သည်ဟု ဆိုသည်။

    ညှိနှိုင်းပူးပေါင်းရေးကော်မတီတွင် ဥက္ကဌအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဌ-၂ ဒေါက် တာတင်မျိုးဝင်း၊ ဒုဥက္ကဌ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ အတွင်းရေးမှူး တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးလှမော်ဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။

    ညှိနှိုင်းပူးပေါင်းရေးကော်မတီ၏လုပ်ငန်းတာဝန်များမှာ (COVID-19)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက် အလက်ဖလှယ်ခြင်း၊ နယ်စပ်ပေါက်မှဝင်ရောက်လာသူများအားစစ်ဆေး၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာစစ်ဆေးကြည့်ရှုခြင်း၊ သံသယလူနာနှင့်ထိတွေ့မှုရှိသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါထိန်းချုပ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရောဂါလက္ခဏာပြသူများအား စောင့်ကြပ်ကြည့်ရှုကုသမှုပေးနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာအကြံပြုချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပြည်နယ်အစိုးရများအကြား ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် (COVID-19) ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန်ကိစ္စများပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏လမ်းညွန်ချက်နှင့်အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ ဖြစ်သည်။


    တုံ့ပြန်မှုများ

    ဤသို့ ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်းလိုက်သည့်အပေါ် အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်ကို တွေ့ရပေသည်။ တစ်နိုင်လုံးအပစ်အခတ်ရပ်ရေးစာချုပ် NCA လက်မှတ်ရေးထိုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဤကော်မတီဖွဲ့စည်းလိုက်သည့်အပေါ် သတိနှင့်ကြိုဆိုသည်ကို တွေ့ရပေသည်။

    ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်က ̏ ဒီလိုမျိုးဖွဲစည်းပြီး ဝိုင်းဝန်းတားဆီးရေးလုပ် သည့်ကိစ္စရပ်အပေါ် ကြိုဆိုသော်လည်း ဘယ်လိုပုံစံနှင့်ဘယ်လိုသဘောတူညီချက်အပေါ် ညှိနှိုင်းလုပ်ဆောင်ကြမည်ဆိုတာ  စောင့်ကြည့်ရမည်ဟု ကေအိုင်စီသတင်းဌာနသို့ ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    KNU သည် ဤကော်မတီ မဖွဲ့စည်းစဉ်ကတည်းက ၎င်းတို့၏ထိန်းချုပ်ရာနယ်မြေအသီးသီးတွင် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို လုပ်ဆောင်နေပါသည်။ ဤသို့ ကေအဲန်ယူ၏ တပ်မဟာ(၁)တာဝန်ရှိသူများမှ ၎င်းတို့ထိန်းချုပ်နယ်မြေနှင့် နှစ်ဖက်ထိစပ်နယ်မြေများတွင် COVID-19 ကာကွယ်ရေးလုပ်ငန်း စဉ်များဆောင်ရွက်နေမှုအပေါ်  NCA သဘောတူစာချုပ်အပေါ် လိုက်နာရန်နှင့် နှစ်ဖက်အုပ်ချုပ်ရေးလုပ်ငန်းများဆိုင်ရာကိစ္စရပ် များ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် ဧပြီလ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက် စာ ပေးပို့ခဲ့ပါသည်။

    အလားတူ KNU-တပ်မဟာ ၁ နယ်မြေသထုံမြို့နယ်အတွင်း KNU မှ ဖွင့်လှစ်ထားသည့် ရောဂါကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖျက်သိမ်းပေးရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်မှ ဖိအားပေးမှုများရှိခဲ့ပြီးနောက် မေလ ၁ ရက်နေ့တွင် ယင်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူစခန်းချမှုများပြုလုပ်ခဲ့သည်ဟု  KNU ဘက်က ပြောသည်။ အခြားတစ်ဖက်တွင်  COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်းကူညီပေးသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို ကရင်ပြည်နယ်အစိုးရမှ ဧပြီလ(၁၉)ရက်နေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးပို့ခဲ့ပါသည်။

     ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS/SSA ၏ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကလည်း ဒီကိစ္စ သည် တစ်ဖွဲ့ချင်းလုပ်လို့လည်းမလွယ်ကြောင်း၊ ပူပေါင်းဆောင်ရတဲ့ဟာဆိုတော့ ဒီလိုလုပ်လိုက်တော့ ပိုပြီးစည်းလုံးမှုရှိသွားမည်ဟု ဆိုပါသည်။ သို့သော် ဧပြီလ ၁၂ ရက်နေ့တွင် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ဆောင်နေသော  RCSS ၏ဆေးမှုးအဖွဲ့ တိုက်ခိုက်ခံရပြီး (RCSS) ထောက်ပံ့သည့် ရောဂါကာကွယ်ရေးပစ္စည်းများကို  လက်ခံရယူပါက ဖမ်းဆီး အရေးယူမှုမည်ဟု တပ်မတော်က လူထုကို ခြိမ်းခြောက်ခဲ့သည်ဟု ရှမ်းသံတော်ဆင့်သတင်းတွင် တွေ့ရပါသည်။ 

    ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူ စိုင်းနော်ဆိုင်ကမှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သူနေရာနဲ့သူလုပ်နေတာက ပြည်သူ့လက်ထဲရောက်သေးကြောင်း အခုပူပေါင်းလုပ်ဆောင်ဖို့ဆိုတာ အဟန့်အတားတွေများမယ် ထင်ကြောင်း၊  SNLD ပါတီ တွဲဘက်အတွင်းရေးမှူး (၁)စိုင်းကျော်ညွန့်က ကော်မတီဖွဲ့စည်းတာ ကြိုဆိုသော်လည်း အလုပ်လုပ်နိုင်တဲ့ ယန္တရားဖြစ်ဖို့လိုကြောင်း၊ နာမည်ခံဖွဲ့ရုံသက်သက်မဟုတ်ဘဲ လုပ်ဆောင်ချက်က အရေးကြီးတယ်ဟု သတင်းနှင်မီဒီယာကွန်ယက်ကို ပြောဆို သွားပါသည်။

    ထိုင်းမြန်မာအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း-FED အမှုဆောင်ဒါရိုက်တာဦးထူးချစ်က အစိုးရ၏ ညှိ နှိင်းပူးပေါင်းရေးကော်မတီကို ကြိုဆိုကြောင်း၊သို့သော် တိုင်းရင်းသားဒေသမှာ ဖြစ်ပေါ်နေသည့်အခြေအနေကို အစိုးရက နား လည်အောင်လေ့လာပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အောင်မြင်နိုင်မည်ဟု ဧပြီလ ၂၈ ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို ပြောကြားခဲ့ပါသည်။

    အစိုးရ၏ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ဆောင်မှုများ။

    အစိုးရအနေဖြင့် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အမျိုးသားအဆင့်ဗဟိုကော်မတီ၊ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့ ဖွဲစည်းပြီး လုပ်ဆောင်နေသည်။

    Coronavirus ရောဂါ (COVID-19) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ(Pandemic) ဖြစ်သတ်မှတ်လိုက်ပြီးနောက် ဤရောဂါသည် လျှင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သည့်အတွက် မြန်မာ့ရိုးရာ သင်္ကြန်အပါအဝင် လူစုလူဝေးအခန်းအနားများကို ဧပြီလ ၃၀ ရက်နေ့ထိ ပိတ်ထားရန် မတ်လ (၁၃) ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံးမှ ပြည်သူများသို့ ပန်းကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

    ထိုနေ့တွင်ပင် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူပြီး  အတွင်းရေးမူး(၁) ပြည်ထောင်စုဝန်ကြီး အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အတွင်းရေးမူး(၂) ပြည်ထောင်စုဝန်ကြီးကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအပါအဝင်  ဝန်ကြီးဌာန ၁၅ ဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ပြည်နယ်/တိုင်းများမှ လူမှုဝန်ကြီးများတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။

    အမျိုးသားအဆင့်ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များမှာ (COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊စောင့်ကြပ်ကြည့်ရှုရေးလုပ် ငန်းများအား ကြီးကြပ်ခြင်း၊အပြည်ပြည်ဆိုင်ရာနှင့်နယ်စပ်ဂိတ်များမှ ဝင်ထွက်လာသူများအား ရောဂါဖြစ်ပွားမှုရှိမရှိ စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားလာပါက အချိန်မီကုသနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ အချိန်နှင့် တစ်ပြေးညီသတင်းထုတ်ပြန်ခြင်း၊ ရောဂါကုသရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အချိန်မီတင်သွင်းနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ သံရုံးများနှင့်ပူးပေါင်းဆောင်ရွက်ရန် ကြီးကြပ်ခြင်းတို့ ဖြစ်ပါသည်။

    မတ်လ(၃၀) ရက်နေ့တွင် ဒုသမ္မတ(၁) ဥက္ကဌ၊  ပြည်ထောင်းအစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ  ပြည်ထောင်စု ဝန်ကြီးတို့ကအတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ကာကွယ်ရေး၊နယ်စပ်ရေးရာနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ (ကြည်း၊ရေ၊ လေ)ညှိနှိင်းကွပ်ကဲရေးမှူးအပါအဝင် အခြားဝန်ကြီးဌာန ၄ ဌာနမှ ဝန်ကြီးများဖြင့် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ အရေးပေါ်ကော်မတီ၏အဓိကလုပ်ငန်းတာဝန်များမှာ ရောဂါကို အမြန်ဆုံးစစ် ဆေးနိုင်ရေးနှင့် Quarantine လုပ်နိုင်ရေးဖြစ်သည်။

    ၎င်းအပြင် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းများကို စနစ်တကျ လေ့ကျင့်ပါဝင်စေရန် ရည်ရွယ်၍ ဥက္ကဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးနှင့်အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များအဖွဲ့ဝင်အဖြစ် ပါဝင်သည့် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့တွင် အစိုးရက ဖွဲ့စည်းခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့တွင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

    Photo- မွန်ပြည်သစ်ပါတီ(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်(NMSP)

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ဆောင်မှုများ။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် (COVID-19) ကာကွယ်၊ထိန်းချုပ်နိုင်ရေး အတွက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။ KNU ကရင်အမျိုးသားအစည်းအရုံးက (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီကို  ဖွဲ့စည်းပြီး ၎င်းထိန်းချုပ်ရာခရိုင်အသီးသီးတွင်  ရောဂါပညာပေးမှုများ၊ ရောဂါကာကွယ်ရေးပစ္စည်း ထောက်ပံ့မှုများနှင့် Quarantine များ ပြုလုပ်နေပါသည်။

    မွန်ပြည်သစ်ပါတီတွင်လည်း (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီကို ဗဟိုအဆင့်၊ ခရိုင်အဆင့်ဖွဲ့စည်းပြီး ၎င်းတို့ အုပ်ချုပ်ရာဒေသများတွင် ရောဂါပညာပေးမှုများ၊ ရောဂါကာကွယ်ရေးပစ္စည်းထောက်ပံ့မှုများနှင့် ထိန်းချုပ်မှု Quarantine များ ပြုလုပ်နေသည်။ အလားတူ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ RCSS၊ KNPP၊ KIO နှင့် PNLF တို့တွင်လည်း (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးကို ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ရသည်။

     ဤသို့လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် ၎င်းတို့အစီအစဉ်ဖြင့်သာ လုပ်ဆောင်နေပြီး  အချို့အဖွဲ့အစည်းများသည် အောက်ခြေအဆင့် အစိုးရဌာနနှင့်ပူးပေါင်းမှု အနည်းအငယ်ရှိနေသည်ကို တွေ့ရသည်။ NGOs အဖွဲ့အစည်းများမှ အကူအညီရသည့်အဖွဲ့အစည်းရှိသလို ဘာမှအကူအညီမရဘဲ ၎င်းတို့၏အရင်းအမြှစ်များနှင့် လုပ်ဆောင်နေရ သည့်အဖွဲ့အစည်းလည်း ရှိပါသည်။

    မြန်မာနိုင်ငံ(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာသန်း (၅၀) အတည်ပြုထားသည်ဟု ဧပြီလ ၂၀ ရက် ကမ္ဘာ့ဘဏ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အလားတူ  အမေရိကန်ပြည်ထောင်စုလည်း မြန်မာနိုင်ငံ (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဖေဖော်ဝါရီလမှစ၍ အမေရိကန်ဒေါ်လာ(၇.၃)သန်း ထောက်ပံ့သည်ဟု ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက သတင်းထုတ် ပြန်ပါသည်။

     အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) က ထိုအကူအညီကို ထိလွယ်ရှလွယ်ပြည်သူများနှင့်လက်တွဲ ဆောင်ရွက်လျှက်ရှိသော Access to Health Fund နှင့်လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများကို ပေးအပ်မည် ဖြစ်သည်။ထိုအကူအညီများသည် ပဋိပက္ခဘေးဒဏ်သင့်သော ဒေသများတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ တစ် ဆင့် ရောဂါကူးစက်မှုကာကွယ်ခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်ပေးအပ်နေသည့်နေရာ၊ အဆောက်အဦး health-care facilities များတွင် ရောဂါကူးစက်မှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ၊ ရောဂါပိုစစ်ဆေးမှု အရည်အသွေး ပိုမိုလုပ်ဆောင်နိုင်သည့်စါတ်ခွဲခန်းစနစ်ပြင်ဆင်ရေးလုပ်ငန်းများ၊ လူထုပညာပေးလုပ်ငန်းများတွင်အထောက်အကူပြုလုပ်ငန်းများ၊ ရောဂါစစ်ဆေးစောင့်ကြည့်ရေးလုပ်ငန်းများတွင် အသုံးပြုရန်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားပါသည်။  

    Access to Health Fund သည် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၆. ၃ သန်းသုံးစွဲပြီး ထိုအထဲ တွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအတွက် ၂.၁ ရာခိုင်နှုန်းသာ သုံးစွဲထားသည်ကို တွေ့ရသည်။ ထိုကြောင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများသည် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင် ရွက်ရာတွင် အခက်အခဲမျိုးစုံဖြင့် လုပ်ဆောင်နေရသည်။

    မျှော်လင့်ချက် ရောင်ခြည်တစ်ခုလော

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် EAOs ၏ကိုဗစ်ရောဂါကာကွယ်ထိန်း ချုပ် ရေးလုပ်ဆောင်မှုတွင် အထောက်အကူပြုမည်ဟု အချို့ကယူဆသော်လည်း အချို့က ကော်မတီ၏လုပ်ဆောင်မှုစွမ်းရည် အပေါ် သံသယ ဖြစ်နေကြသည်။

    အင်အား(၄)ဦးသာရှိပြီး အစိုးရဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီးတစ်ဦးသာ ပါဝင်နေသည့် အတွက် ဤကော်မတီ၏လုပ်ကိုင်နိုင်မှုစွမ်းရည်အပေါ် အမျိုးမျိုး မေးခွန်းထုတ်နေကြသည်။ ၎င်းအပြင် (COVID-19) ရောဂါကာ ကွယ်၊ထိန်းချုပ်၊ကုသရေးတွင် အဓိကတာဝန်ယူလုပ်ဆောင်လုပ်ကိုင်နေသော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမပါ ဝင်သလို အခြားအရေးကြီးဌာနဖြစ်သည့် ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ မပါဝင် သည့်အတွက် အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်နေရသေည့်(COVID-19)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမျိုးတွင် ပြည်နယ် အဆင့်နှင့် အောက်ခြေလုပ်ငန်းများတွင်  အချိန်နှင့်တစ်ပြေးညီ ညှိနှိင်းဆောင်ရွက်နိုင်ရန် များစွာ ခက်ခဲနိုင်ပါသည်။

    ကော်မတီ၏လုပ်ပိုင်ခွင့်အပိုင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိပေ။ ဥပမာ ဤကော်မတီသည် NCA လက်မှတ်မရေးထိုး ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့် ရှိမရှိဆိုတာလည်း မဖော်ပြထားပေ။ ၎င်းအပြင် ကော်မတီ၏နောက်ဆုံးတာဝန်တွင် ဖော်ပြထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် (COVID-19)ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏လမ်းညွန်ချက်နှင့်အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခြင်းဆိုသည့်အချက်သည် ကော်မတီမဖွဲ့စည်းခင်က ပြင်ပ အကူအညီရယူခြင်းအပါအဝင် လုပ်ပိုင်ခွင့်အနည်းအငယ်ရှိနေသည့် (EAOs)နှင့် (EHOs) ၏အနေအထားကို ကျုံ့သွားစေနိုင် သလားဟု စဉ်းစားမိပါသည်။

    *ဆောင်းပါးရှင် နိုင်ဗညားမွန်သည် ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ၏ ပရိုဂရာမ် ဒါရိုက်တာဖြစ်သည်။

    ကိုးကားချက်များ။

    ၁။ နိုင်ငံတော်သမ္မတရုံး ကြောငြာစာအမှတ် ၆၃/၂၀၂၀- COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင်စပ်လျှဉ်း၍ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း။

    ၂။နိုင်ငံတော်သမ္မတရုံး ကြောငြာစာအမှတ် ၆၂/၂၀၂၀ အမျိုးသားအဆင့်စေတနာဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်း။

    ၃။ နိုင်ငံတော်သမ္မတရုံး ကြောငြာစာအမှတ် ၅၃/၂၀၂၀- COVID 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့ စည်းခြင်း။

    ၄။ နိုင်ငံတော်သမ္မတရုံး ကြောငြာစာအမှတ် ၄၅/၂၀၂၀- COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီဖွဲ့စည်းခြင်း။

    ၅။ Network Media Group, May 2, 2020 ;Locals Doubt Effectiveness Of Gov’t And EAOs Cooperating On COVID-19 Prevention http://www.nmg-news.com/2020/05/03/10672By

    ၆။ မေလ ၁ ရက်၊ ၂၀၂၀ – ကေအိုင်စီ-KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တစ်ခုတွင် တပ်မတော်မှ ဝင်ရောက် နေရာယူမှုဖြစ်ပွား။ http://kicnews.org/2020/05/knu  

    ၇။ The United States Provides $7.3 million in Assistance to Respond to COVID-19 in Myanmar; April 28, 2020   https://mm.usembassy.gov/the-united-states-provides-7-3-million-in-assistance-to-respond-to-covid-19-in-myanmar/

    ၈။ ဧပြီ ၂၉ ရက် ၂၀၂၀ မဇ္ဈိမသတင်းဌာန- လက်နက်ကိုင်များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကော်မတီကို အစိုးရဖွဲ့စည်း။ https://www.bnionline.net/mm/news-72495

    ၉။ ဧပြီ ၂၈ ရက်၊ ၂၀၂၀ ကေအိုစီ- COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြိုဆို – https://www.bnionline.net/mm/news-72493

    ၁၀။ https://www.accesstohealthfund.org/en/COVID19-dashboard

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts