HomeCovid 19ဂျပန်နိုင်ငံ၌ သောင်တင်နေသောမြန်မာနိုင်ငံသားများ မေလ ၂ ရက်တွင် ပြန်လာတော့မည်

ဂျပန်နိုင်ငံ၌ သောင်တင်နေသောမြန်မာနိုင်ငံသားများ မေလ ၂ ရက်တွင် ပြန်လာတော့မည်

-

ဗညားပိုင်(မေ ၁)

ဂျပန်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် သောင်တင်လျက်ရှိနေသော မြန်မာနိုင်ငံသား ၁၉၇ ဦးသည် မေလ ၂ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာတော့မည်ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့က တိုကျိုမြို့ မြန်မာသံရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်တွင် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများသည် ANA လေကြောင်းပေါ်တွင် မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများ မဖြစ်ပေါ်စေရေး၊ လေဆိပ်ရှိ  ANA Check-in Counter တွင် သတ်မှတ်ချိန်မတိုင်မီ ရောက်ရှိပြီး စနစ်တကျ တန်းစီစောင့်ဆိုင်းကြပါရန်၊ စိတ်ရှည်သည်းခံပြီး အချင်းချင်းကူညီဆောင်ရွက်ကြပါရန်၊ နေအိမ်မှ လေဆိပ်သို့ စတင်ထွက်ခွာသည်မှစ၍ Masks များ စနစ်တကျ တတ်ဆင်ထားပါရန်၊ ခွင့်ပြုဝန်အလေးချိန် ပမာဏထက် ပိုမိုသယ်ဆောင်လာခြင်း မပြုလုပ်ကြပါရန် မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်။

ဂျပန်နိုင်ငံတွင်ပညာသင်ကြားခဲ့သူ မွန်ကျောင်းသား မင်းအော့ဆော့ (Min Aop Sop) က “သူတို့ ပေ့ချ်ကနေ စာရင်းထုတ်ပြန်ထားတယ် ပြန်မယ့်သူတွေက ၁၉၇ ယောက်ပေါ့နော်၊ အလည်လာရင်း  ပြန်လို့မရသူတွေ၊ ဗီဇာသက်တမ်း ကုန်နေသူတွေ၊ ကျောင်းပြီးလို့ ပြန်မယ့်သူတွေ တကယ့်အခက်ခဲဖြစ်နေတဲ့ သူတွေကိုမှ ပေးပြန်တာပေါ့နော် အခက်ခဲမရှိ နေလို့ရသေးတဲ့သူတွေဆို သူတို့မပေးပြန်ဘူးပေါ့နော်၊ အဆက်သွယ်မရလို့ အချိန်မမှီလို့ မပြန်ရသေးတဲ့လူလည်း ရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ Relief Flight (NH 813) ဖြင့် လိုက်ပါလာမည့် လူစာရင်းတွင် နေမကောင်းဖြစ်သူများနှင့် ရောဂါသံသယရှိသူများကို  လိုက်ပါခွင့်ပြုမည် မဟုတ်ပါကြောင်း မြန်မာသံရုံးက လေးလေးနက်နက် အသိပေးခဲ့သည်။

“ဒီဘက်ကတော့ လေယာဉ်စတက်တာနဲ့ သူတို့စစ်မယ်လို့တော့ ပြောထားတယ်၊ ပြီးတော့ မနက်ဖန်ပြန်ရမယ့်လူတွေက ဒီနေ့ထဲမှာတော့ စားတာ နေတာ ထိုင်တာ သတိထားကြပါလို့ သူတို့သတင်းပေးထားပါတယ်၊ ချောင်းဆိုးတဲ့သူတွေ အဖျားရှိတဲ့သူတွေဆို လေယာဉ်ပေါ် မပေးတက်ဘူးလို့ သူတို့ပြောထားပါတယ်” ဟု မင်းအော့ဆော့က ဆက်ပြောသည်။

ယင်းလေယာဉ်ခရီးစဉ်သည် မေလ ၂ ရက် စနေနေ့၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ All Nippon Airways ၏ လူသားချင်းစာနာမှုအကူအညီလေယာဉ် (Relief Flight / NH 813) ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့လျှင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စည်းကမ်းချမှတ်ထားသည့် Community-Base Facility Quarantine (CBFQ) ၂၁ ရက်နှင့် Home Quarantine ကာလ (၇)ရက်၊ စုစုပေါင်း (၂၈) ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြပါရန် မြန်မာသံရုံးက ထပ်မံတိုက်တွန်းသည်။

ထို့အပြင် ကိုရီးယားနိုင်ငံ၌ အခက်ခဲများဖြင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို ဧပြီလ ၃၀ ရက်နေ့တွင် အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ဖြင့် မြန်မာနိုင်ငံသား (၉၆) ဦးကို ပထမအကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ သိရသည်။

အလားတူ စင်ကာပူ၊ ဘန်ကောက်၊ အိန္ဒိယနိုင်ငံတို့မှ နေရပ်ပြန်ရန်အတွက် အခက်ခဲရှိနေသည့် မြန်မာနိုင်ငံသားများကို မေလအတွင်း ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပါကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts