Wednesday, March 11, 2026
More
    spot_img
    HomeCovid 19ဒူးရင်းသီးပေါ်ချိန် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် ဈေးကောင်းမရ

    ဒူးရင်းသီးပေါ်ချိန် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် ဈေးကောင်းမရ

    -

    မင်းသစ္စာခိုင် (ဧပြီ ၂၀)

    Covid-19 ရောဂါထိန်းချုပ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်နေသည့်အတွက် လက်ရှိအချိန် မွန်ပြည်နယ်၏ဒူးရင်းသီး ပေါ်ချိန်၌ သယ်ယူပို့ဆောင်ရေးခက်ခဲပြီး ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရတော့ဘဲ ဖြစ်သလို ထိုးရောင်းနေရကြောင်း ခြံရှင်များထံမှ သိရသည်။

    မုဒုံမြို့နယ် အဇင်းဆည်ရေသောက်ဧရိယာ ဥယျာဉ်ခြံအသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းစုမှ ဥက္ကဋ္ဌ နိုင်ထွန်းရှိန်က “တစ်ချို့က ဒူးရင်းသီးတွေ အများကြီး မှည့်နေတာ၊ အဲဒါတွေက ရောင်းလို့မလွယ်ဘူး။ မော်လမြိုင်ကို ပို့ရင်လည်း ဈေးနှိမ်တယ်။ ဒီနှစ်အရောင်းအဝယ် ခက်တယ်။ ဈေးလည်းမကောင်းဘူး။ မနှစ်ကနဲ့ တွက်လိုက်ရင် ဒီနှစ်ဈေးက သုံးပုံတစ်ပုံလောက်ကျသွားတယ်” ဟု ဆိုသည်။

    ခြံရှင်နှင့် အဝယ်ဒိုင်များက မော်လမြိုင်ကို အဓိကတင်ပို့ပြီး ထိုမှတဆင့် ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများသို့  ဆက်လက်တင်ပို့ရန် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်ဟု ၎င်းကဆက်ပြောသည်။

    မုဒုံမြို့နယ် အဇင်းဆည်ရေသောက်ဧရိယာတွင် (၄) ဧကခြံရှင်ပေါင်း (၁၄၈) ကျော်တို့ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နှင့် ကျွဲကောတို့ စိုက်ပျိုးလျက်ရှိသည်။

    ထို့အပြင် ရေးမြို့နယ်တွင်လည်း သင်္ကြန်ကာလတွင် အရောင်းအဝယ်မရှိဘဲ လက်ရှိတွင် အဝယ်ဒိုင်တချို့သာ အနည်းငယ် ဝယ်ယူနေကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

    “ခါတိုင်းနှစ်က ဈေးကောင်းရတဲ့အချိန်ပဲ။ လက်ရှိအနေအထားက ခြံရှင်အနေနဲ့ ပုံမှန်ဝင်ငွေ ကောင်းကောင်းဝင်ရမယ့်အချိန်ပဲ။ ဒီနှစ်တော့ အဆင်မပြေဘူး။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ထားတယ်။ ဒူးရင်းသီးက ရန်ကုန်ကို တိုက်ရိုက်တင်ပို့လို့ မရတော့ဘူး” ဟု ရေးမြို့ သစ်သီးအဝယ်ဒိုင်မှ ကိုစိုင်းက ပြောသည်။

    ရေးမြို့နယ်ရှိ အချို့သော ကျေးရွာများတွင် Lockdown ချထားခြင်း၊ အခြားဒေသမှလာသောသူများကို ဝင်ခွင့်မပြုခြင်းနှင့် အခြားသောကန့်သတ်ချက်များကြောင့် ခြံရှင်အချို့ သီးနှံခူးရန်ပင် ခက်ခဲလျက်ရှိကြောင်း သိရသည်။

     “ဒီနှစ်က ခြံတိုင်းမှာ သစ်သီးတွေက ပိုပြီး များနေတယ်။ ခါတိုင်နှစ်နဲ့စာရင် အများကြီးပိုထွက်တယ်။ အသီးတွေလှိုင်လှိုင်ပေါတဲ့အချိန်ဆိုရင်၊ လက်ရှိရောဂါအခြေအနေက ဝယ်သူမရှိပဲ ဆုံးရှုံးသွားမှာကို ခြံရှင်တွေက စိုးရိမ်နေတယ်” ဟု ရေးမြို့နယ်တောင်ပိုင်း ရင်းရယ်ကျေးရွာမှ ကိုမိုးလွန်က ပြောသည်။

    ကပ်ရောဂါဖြစ်ပေါ်နေချိန်တွင် ဥယျာဉ်ခြံမှ ထွက်သောသစ်သီးဝလံများကို ဈေးကွက်သို့ တိုက်ရိုက်မတင်ပို့နိုင်ပါက တာရှည်ထားခံနည်းစနစ်များဖြင့် ယိုထိုးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း မွန်တိုင်းရင်းသားလုပ်ငန်းရှင်အဖွဲ့အတွင်းရေးမှူးက အကြံပြုပြောဆိုထားသည်။

    မွန်ပြည်နယ်တွင် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးနှင့် ကျွဲကောသီးတို့ကို ဥယျာဉ်ခြံတွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိပြီး အဓိကထွက်ရှိသည့် ရာဘာများကိုလည်း ဝယ်ယူမည့်ဒိုင်မရှိသောကြောင့် ခြံရှင်များ အစေးမခြစ်တော့ဘဲ အလုပ်ရပ်နားထားကြောင်း သိရသည်။

    Caption; ရောင်းချမည့်ဒူးရင်းသီးများ စုပုံထားစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks