HomeCovid 19နယ်စုံမှပြည်တော်များထားရှိမည့် ပငကျေးရွာ CBFQ စခန်း၌ ရောဂါပိုးတွေ့ရှိပါက ရွာ Lockdown ခံရမည်ကိုစိုးရိမ်

နယ်စုံမှပြည်တော်များထားရှိမည့် ပငကျေးရွာ CBFQ စခန်း၌ ရောဂါပိုးတွေ့ရှိပါက ရွာ Lockdown ခံရမည်ကိုစိုးရိမ်

-

 မွန်သတင်းအေဂျင်စီ (ဧပြီ ၂၁)

သံဖြူရပ်မြို့နယ်၊ ပငကျေးရွာအတွင်း Community Base Facilities Quarantine- CBFQ ဖွင့်လှစ်ရန် အာဏာပိုင်များစီစဉ်လျက်ရှိရာ နယ်စုံမှပြည်တော်ပြန်များ ၂၁ ရက်ကြာနေထိုင်ကြမည်ဖြစ်သည့်အတွက် ၎င်းတို့တွင် Covid-19 ရောဂါပိုးစမ်းသပ်တွေ့ရှိပါက မိမိတို့ကျေးရွာ Lockdown ချခံရမည်ကို ရွာသားများ စိုးရိမ်လျက်ရှိကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“အရင် CBFQ တုန်းက ကျနော်တို့ရွာသားနဲ့ ကျနော်တို့ပဲဆိုတော့ ပြဿနာမရှိခဲ့ဘူး၊ အခုဟာက နယ်အစုံ လူအစုံလာပြီးထားမှာဆိုတော့ သူစိမ်းတွေနဲ့ ရွာသား အဆင်မပြေဖြစ်လာမှာစိုးရိမ်ရတယ်၊ အဲဒီအထဲက တစ်ယောက်ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့မယ်ဆိုရင် ကျနော်တို့ရွာ Lockdown ချခံရမှာ ရွာသားတွေ အရမ်းစိုးရိမ်နေရတယ်” ဟု ပငလူမှုအကျိုးဆောင်အဖွဲ့မှ မင်းအထူးက ပြောသည်။

လာမည့်မေလဆန်းပိုင်းတွင် နေရပ်ပြန်လာကြတော့မည် ထိုင်းပြန်များအတွက် သံဖြူဇရပ်မြို့နယ်၌ CBFQ ၂၁ ရက်စခန်းတို့ကို အစိုးရအထက်တန်းကျောင်းများရှိရာ သံဖြူဇရပ်မြို့ ၂ နေရာ၊ ကျိုက်ခမီ၊ ကျုံကဒတ်နှင့် ပင စုစုပေါင်း ၅ နေရာ၌ ထိုင်းပြန် ၄၀၀ ဦးအတွက် နေရာချထားပေးနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဌာနမှ ပငအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို ယမန်နေ့က လာရောက်တွေ့ဆုံ၍ အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။ 

ယခုအစီအစဉ်သစ်တွင် ထိုင်းပြန်များအနေဖြင့် သက်ဆိုင်ရာမိမိနေအိမ်(သို့မဟုတ်) ကျေးရွာများသို့ တိုက်ရိုက်သွားရောက်ခွင့်ရှိမည်မဟုတ်တော့ဘဲ သက်ဆိုင်ရာမှထားရှိမည့် CBFQ စခန်းများတွင် အနည်းဆုံး ၂၁ ရက်နေထိုင်ပြီးမှသာ မိမိနေအိမ်အသီးသီးသို့ ပြန်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကျုံကဒတ်ရွာခံ ကိုမင်းထောက “ကျနော်တို့လည်း ကိုယ့်ရွာ Lockdown ခံရမှာကို စိုးရိမ်တာပေါ့၊ ဒါပေမယ့် ရွာကလူတွေညီညွတ်ကြတော့ တိတ်နေတာပဲ၊ လူကြီးလက်ခံလိုက်ရင် ပြီးတာပဲ ဘာမှပြန်မပြောကြဘူး” ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေဖြင့် ဧပြီလကုန်ပြီးမှ မိမိနေရပ်သို့ပြန်ကြရန် ထိုင်းအစိုးရရော မြန်မာအစိုးရပါ တိုက်တွန်းထားကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ဧပြီလ ၃၀ ရက်နောက်ပိုင်း ပြန်ရောက်လာကြမည့်ပြည်တော်ပြန်များအတွက် CBFQ စခန်းများတွင် ၂၁ ရက်နေထိုင်ရန် လူဦးရေတစ်သောင်း (၁၀,၀၀၀) ကျော်အတွက် နေရာစီစဉ်ပေးထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတင်းမီဒီယာများသို့ ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။

Photo- ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များ (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts